ဒေါ်ကြည်ပြာနဲ့ခင်ပွန်းကို တာဝန်ကယာယီရပ်နားပြီး NUGစစ်ဆေးနေ
- BVJ

- 1 day ago
- 1 min read
မိုနာ/BVJ_နိုဝင်ဘာ ၂၄၊ ၂၀၂၅

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည်ထောင်စုဝန်ကြီးချုပ်ရုံးရဲ့ အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို စစ်ဆေးပေးဖို့တိုင်ကြားထားတဲ့အပေါ် စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့စည်းထားပြီးလို့ NUGက ဒီနေ့ နိုဝင်ဘာ ၂၄ရက် နေ့လယ်မှာ အသိပေးထုတ်ပြန်လာပါတယ်။
စုံစမ်းစစ်ဆေးမှုပြုလုပ်နေချိန်အတွင်းမှာ တိုင်ကြားခံရသူတွေကို အခုလ ၂၂ရက်ကစပြီး တာဝန်ကနေ ယာယီရပ်နားထားပြီလို့လည်း ဖော်ပြပါတယ်။
ဒေါ်ကြည်ပြာနဲ့ခင်ပွန်းဖြစ်သူ ဦးညီညီမင်းတို့ဟာ လူ့အခွင့်အရေးချိုးဖောက်၊ အဂတိလိုက်စားမှုနဲ့ အာဏာအလွဲသုံးစားလုပ်တာတွေရှိနေလို့ဆိုပြီး ဒီပေါ်မှာစုံစမ်းစစ်ဆေးပေးဖို့ ဝန်ကြီးချုပ်ရုံးမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဟောင်း ၁၂ယောက်က အခုလ နိုဝင်ဘာ ၁၉ရက်က တိုင်ကြားထားတာဖြစ်ပါတယ်။
NUGရဲ့ ဒီနေ့ထုတ်ပြန်ချက်မှာတော့ အဲ့ဒီတိုင်ကြားစာဟာ နိုင်ငံတော်ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီဥက္ကဋ္ဌ တို့ဆီကိုလိမ်မူထားပေမယ့် ပြည်ထောင်စုဝန်ကြီးချုပ်ရုံးမေးလ်ကို ရောက်မလာကြောင်းနဲ့ သို့သော် နိုင်ငံတော်အကြီးအကဲဖြစ်သူ ယာယီသမ္မတထံရောက်ရှိတဲ့အတွက် အဲ့ဒီကိစ္စကိုဆောင်ရွက်ဖို့ ပြည်ထောင်စုဝန်ကြီးချုပ်က အခုလ ၂၂ ရက်နေ့မှာ စုံစမ်းစစ်ဆေးရေးအဖွဲ့ကိုဖွဲ့စည်းဖို့ အမိန့်ထုတ်ပြန်ခဲ့တာဖြစ်တယ်လို့ ဖော်ပြပါတယ်။
စုံစမ်းစစ်ဆေးရေးအဖွဲ့အနေနဲ့လည်း တိုင်ကြားသူတွေ၊ တိုင်ကြားခံရသူတွေနဲ့ နှစ်ဖက်သက်သေတွေကိုခေါ်ယူစစ်ဆေးပြီး တွေ့ရှိချက်တွေ၊ အကြံပြုချက်တွေကို ဝန်ကြီးချုပ်ဆီ အမြန်ဆုံးပြန်လည်တင်ပြဖို့တာဝန်ပေးအပ်ထားကြောင်းနဲ့ စစ်ဆေးတွေ့ရှိချက်တွေအပေါ်မူတည်ပြီး လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ NUGက အသိပေးထားပါတယ်။

ဝန်ကြီးချုပ်ရုံးအမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနဲ့ခင်ပွန်းတို့ကို တိုင်ကြားမှုတွေထဲမှာ တူတော်စပ်သူနှစ်ဦးကို ရုံးအတွင်းအလုပ်ခန့်ထားခြင်း၊ တော်လှန်ရေးကာလအတွင်း ဝယ်စီးတဲ့ကား၊ လက်ဝက်ရတနာတွေ၊ ခင်ပွန်းဖြစ်သူ ဦးညီညီမင်းကို စီမံညွှန်ချုပ်တာဝန်ယူထားခြင်းနဲ့ စီမံညွှန်ချုပ်တာဝန်အပ်နှံထားပေမယ့် ငွေကိုင်လုပ်ငန်းကို ဆက်လက်ဆောင်ရွက်နေခြင်း၊ အိမ်မွေးခွေးမွေးနေ့ပွဲ ကျင်းပတာနဲ့အိမ်မွေးခွေးတွေကို ရုံးကားနဲ့ခေါ်ပြီး လေညှင်းခံထွက်ခြင်း စတာတွေကို သက်သေတွေနဲ့အတူ ပူးတွဲတိုင်ကြားထားတာကိုတွေ့ရပါတယ်။
ဒီတိုင်ကြားမှုနဲ့ပတ်သက်ပြီး ဒေါ်ကြည်ပြာကတော့” ဒီလိုမျိုး သေးငယ်တဲ့ပုဂ္ဂိုလ်ရေးမကျေနပ်ချက်တခုကိုအရင်းပြုပြီး စနစ်တကျစီစဉ်ထားတဲ့ ပုဂ္ဂိုလ်ရေးတိုက်ခိုက်မှုကို ပထမဦးဆုံးကြုံရခြင်းပဲဖြစ်ပါတယ်။ ထူးဆန်းတာက နိုင်ငံရေးအရ တော်လှန်ရေးအခြေအနေတွေ အကဲဆတ်တဲ့ကာလမှာ NUG ဝန်ကြီးချုပ်ရုံးခေါင်းစဉ်နာမည်တပ်ပြီး လွဲမှားတဲ့စွပ်စွဲချက်တွေနဲ့ နိုင်ငံရေးသိက္ခာချတာကို ကျမအနေနဲ့ဘယ်လိုမှလက်ခံသွားမှာမဟုတ်ပါဘူး။ အဲ့ဒီအတွက်လည်း NUG တာဝန်ရှိသူများကို အမြန်ဆုံးစုံခုံဖွဲ့ စစ်ဆေးမှုပြုလုပ်ပေးရန် တောင်းဆိုထားပြီး၊ ကျမအနေနဲ့အပြည့်အဝ ပူးပေါင်းဆောင်ရွက်ပေးသွားမှာဖြစ်တယ် ဆိုတာတွေကို တင်ပြထားပါတယ်”လို့ သူ့ရဲ့လူမှုကွန်ရက်မှာ အောက်တိုဘာ ၂၁ရက်က ရေးသားထားပါတယ်။
ဒေါ်ကြည်ပြာနဲ့ခင်ပွန်းကို တိုင်ကြားမှုနဲ့ပတ်သက်ပြီး ဝေဖန်သံတွေပေါ်ထွက်လာချိန်မှာ တိုင်ကြားခံထားရသူတွေကိုတာဝန်ကယာယီရပ်စဲပြီး စုံခုံဖွဲ့စစ်ဆေးနေပြီဖြစ်ကြောင်း NUGက အသိပေးလာတာဖြစ်ပါတယ်။
ဒေါ်ကြည်ပြာဟာ ၂၀၁၅-၂၀၂၀ခုနှစ်အတွင်းမှာ ရန်ကုန်၊ကျောက်တံတားမဲဆန္ဒနယ်ရဲ့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးဖြစ်ပါတယ်။







Comments