နှစ်ဖက်တင်းမာမှုအပေါ် ငြိမ်းချမ်းစွာဖြေရှင်းဖို့ MNDAA နဲ့ SSPP/SSA သဘောတူညီမှုရ
- BVJ

- Jun 22
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၁၉ ၊ ၂၀၂၅

ကိုးကန့်တပ်မတော် (MNDAA) နဲ့ ရှမ်းပြည်တပ်မတော် (SSPP/SSA) ကြား နယ်မြေအငြင်းပွားမှုဖြစ်ပွားကာ စစ်ရေးတင်းမာမှုနဲ့ပတ်သက်ပြီး နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံညှိနှိုင်းနိုင်ခဲ့သလို ငြိမ်းချမ်းစွာဖြေရှင်းဖို့ရလဒ်ကောင်းတွေရရှိခဲ့တယ်လို့ MNDAA က မနေ့ ဇွန် ၁၈ ရက်မှာ ထုတ်ပြန်ထားပါတယ်။
နှစ်ဖက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမှုကို အခုလ ၁၇ ရက်က ရှမ်းပြည်နယ်မြောက်ပိုင်း အထူးဒေသ ၁ သိန္နီခရိုင် သံလွင်ကျေးရွာမှာပြုလုပ်ခဲ့ပြီး MNDAA နဲ့ SSPP/SSA နှစ်ဖက်ထိပ်ပိုင်းခေါင်းဆောင် ၁၃ ဦးအပါအဝင် “ဝ”ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ရဲ့ ၇၁၀ ရှေ့တန်းဒုတိယကွပ်ရေးမှူး Mr. Bao Ni Guo တို့လည်း တက်ရောက်ခဲ့တယ်လို့ MNDAA က ဖော်ပြထားပါတယ်။
နှစ်ဖက်တွေ့ဆုံမှုအတွင်း လက်ရှိဖြစ်ပွားနေတဲ့ကိစ္စရပ်တွေကို နက်နက်ရှိုင်းရှိုငး ဆွေးနွေးခဲ့ကြပြီး လတ်တလောပေါ်ပေါက်နေတဲ့ အမြင်ကွဲလွဲမှုတွေနဲ့ သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာဖြေရှင်းဖို့ကိုလည်း သဘောတူညီမှုရရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် နှစ်ဦးနှစ်ဖက် အငြင်းပွားမှုတွေကို ထိန်းချုပ်ဖို့နဲ့ ပဋိပက္ခနည်းပါးစေဖို့ အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေရရှိခဲ့သလို နှစ်ဖက်အဖွဲ့ကြား ဆက်ဆံရေးမြှင့်တင်ဖို့ကိုလည်း လုပ်ဆောင်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။
MNDAA အနေနဲ့လည်း တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ ပဋိပက္ခဖြစ်ပွားလိုတာမျိုးမရှိသလို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအားလုံးနဲ့ ချစ်ကြည်ရင်းနှီးစွာ နေထိုင်လိုတယ်လို့ MNDAA စစ်ဦးစီးချုပ် Mr. Peng Jun က ပြောပါတယ်။
ဇွန် ၁၇ ရက်တွေ့ဆုံဆွေးနွေးမှုနဲ့ပတ်သက်ပြီး ရှမ်းပြည်တပ်မတော် (SSPP/SSA) ကတော့ ဒီနေ့ ဇွန် ၁၉ ရက်အထိ သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။
အခု ဇွန်လ ၁ ရက်က လားရှိုးမြို့ ဟန်နားကျေးရွာအုပ်စု နားလိုင်ရွာအထွက်မှာ MNDAA နဲ့ SSPP/SSA တို့ နှစ်ဖက်စစ်ရေးတင်းမာမှုဖြစ်ပွားပြီး ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကာ MNDAA ဘက်က ၈ ဦး ကျဆုံးခဲ့တယ်လို့ SSPP/SSA က ဇွန် ၁ ရက် ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါသေးတယ်။
ဒါ့အပြင် ပြီးခဲ့တဲ့ ဧပြီ ၂၉ ရက်ကလည်း သီပေါမြို့နယ် တင်းဟိုင်းရွာ၊ ဟူးမီရွာနဲ့ နမ့်မရွာတို့မှာ နှစ်ဖက် နယ်မြေအငြင်းပွားမှုဖြစ်ပွားခဲ့ပြီး ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကာ နှစ်ဖက်အပြန်အလှန်ဖမ်းဆီးမှုတွေလည်း ရှိခဲ့ပါတယ်။
MNDAA နဲ့ SSPP/SSA တို့ဟာ “ဝ” တပ်ဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်တွေဖြစ်ကြပြီး နှစ်ဖက်အဖွဲ့အကြား နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး မကြာခဏ တင်းမာမှုတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။






Comments