နီပေါရေကြီးမှု သေဆုံးသူ ၆၃၃ ဦးအထိမြင့်တက်လာပြီး လူပေါင်း ၃,၀၀၀ နီးပါးလောက်ပျောက်ဆုံးနေဆဲ
- BVJ

- 2 days ago
- 1 min read
အီးကေ/BVJ_သြဂုတ် ၂၉၊ ၂၀၂၆

တာဝန်ရှိသူတွေ စနေနေ့မှာထုတ်ပြန်ချက်အရ နီပေါနဲ့တိဘက်နှစ်နိုင်ငံပေါင်း သေဆုံးသူ စုစုပေါင်း ၆၃၃ ဦးအထိ မြင့်တက်လာခဲ့ပြီး၊ အိန္ဒိယနိုင်ငံက ဟိန္ဒူဘုရားဖူးတွေအပါအဝင် လူပေါင်း ၃,၀၀၀ နီးပါးလောက်ဟာ နှစ်နိုင်ငံစလုံးမှာ ပျောက်ဆုံးနေဆဲဖြစ်ပါတယ်။
ဆိုးရွားပြင်းထန်တဲ့ ရေကြီးမြေပြိုမှုဒဏ်ကြောင့်မျောပါသွားကြတဲ့ ရုပ်အလောင်းတွေဟာ မိုင်ရာနဲ့ချီဝေးတဲ့ အိန္ဒိယနိုင်ငံဘက်အထိ မျောပါရောက်ရှိလာနေပါတယ်။ တချိန်တည်းမှာပဲ ကယ်ဆယ်ရေးအဖွဲ့တွေဟာ အလောင်းတွေ မြန်ဆန်စွာပုပ်ပွလာနေတဲ့ အခက်အခဲကြားကနေ ပျောက်ဆုံးနေသူတွေနဲ့ သေဆုံးသူတွေကို အပြေးအလွှား ရှာဖွေနေကြပါတယ်။
နီပေါနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ အိန္ဒိယမြောက်ပိုင်း ပြည်နယ်တွေဖြစ်တဲ့ ဥတ္တရာပရာဒက်ရှ်နဲ့ ဘီဟာပြည်နယ်တွေထဲမှာ ရေအရင်းအမြစ်ကနေ မိုင် ၁၀၀ ကျော်ဝေးတဲ့ နေရာတွေအထိ ရုပ်အလောင်း ၈ လောင်း ရှာဖွေတွေ့ရှိခဲ့ပါတယ်။
အဆိုးရွားဆုံး ထိခိုက်ခံစားခဲ့ရတဲ့ ရာဆူဝါခရိုင်ရဲ့ ထိပ်တန်း အရာရှိတစ်ဦးဖြစ်တဲ့ နာရန်ဒြာ ပါရိယာ (Narendra Pariyar) ရဲ့ ပြောပြချက်အရ ရာသီဥတုဆိုးရွားတာကြောင့် စနေနေ့မှာရှာဖွေရေးနဲ့ကယ်ဆယ်ရေးလုပ်ငန်းတွေကို တစ်ကျော့ပြန်ရပ်ဆိုင်းထားခဲ့ရပါတယ်။
နီပေါနိုင်ငံတစ်ဝန်းမှာ စစ်သည်နဲ့ ရဲတပ်ဖွဲ့ဝင် ၅,၀၀၀ ကျော်ဟာ အလောင်းတွေနဲ့ အသက် ရှင်ကျန်ရစ်သူတွေကို ရှာဖွေနေကြပါတယ်။ ရေခဲတောင်ပြိုကျမှုကြောင့် ရေထုပိတ်ဆို့ရာကနေ နီပေါ-တားရိုး နယ်စပ်ကြားမှာ ဖြစ်ပေါ်လာတဲ့ ရေကန်ကြီးဟာ လန်ဒယ် ကိုလာ (Lhende Khola) နဲ့ ထရီရှူလီ မြစ်တွေထဲကို ဖိတ်စင်ကျလာမှာကို စိုးရိမ်တာကြောင့် သောကြာနေ့တုန်းကလည်း ကယ်ဆယ်ရေးလုပ်ငန်းတွေကို ခေတ္တ ရပ်နားခဲ့ရပါသေးတယ်။

အိန္ဒိယနိုင်ငံကတော့ စောင်၊ ဆေးဝါးများ၊ အစားအစာနဲ့ ရေသန့်စင်ဆေးပြားများ ပါဝင်တဲ့ ကယ်ဆယ်ရေးပစ္စည်း တန်ချိန် ၆၀ ခန့် တင်ဆောင်လာတဲ့ လေယာဉ် သုံးစင်းကို နီပေါနိုင်ငံဆီ ပို့ဆောင်ပေးခဲ့ပြီး၊ ဥမင်လိုဏ်ခေါင်း ကယ်ဆယ်ရေးအဖွဲ့နဲ့ ဆေးဘက်ဆိုင်ရာ အဖွဲ့တစ်ဖွဲ့ကိုပါ ထပ်မံစေလွှတ်ဖို့ ပြင်ဆင်နေပါတယ်။
ဒါ့အပြင် ဆက်သွယ်ရေးတွေ ပြန်လည်ကောင်းမွန်လာစေဖို့ နည်းပညာအဖွဲ့တွေအပြင် ကြိုတင်ပြင်ဆင်ပြီးသား တံတားတွေနဲ့ သဘာဝဘေး တုံ့ပြန်ရေးအဖွဲ့တွေကိုလည်း ကူညီပေးဖို့ ကမ်းလှမ်းထားတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားခဲ့ပါတယ်။ တရုတ်နိုင်ငံဘက်ကလည်း နီပေါရဲ့ ဘေးဒဏ်သင့်ဒေသတွေအတွက် အရေးပေါ်အကူအစာနဲ့ နိုင်ငံတကာ ကယ်ဆယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ပေးဖို့ တိုက်တွန်းထားပေမဲ့ ဘာတွေ ပို့ဆောင်ပေးနေတယ်ဆိုတာကိုတော့ အသေးစိတ် မဖော်ပြခဲ့ပါဘူး။
ဒီသဘာဝဘေးအန္တရာယ်ကြောင့် နီပေါနိုင်ငံအနေနဲ့ နိုင်ငံစီးပွားရေးရဲ့ ဆယ်ပုံတစ်ပုံလောက်အထိ သုံးစွဲပြီး ပြန်လည်ထူထောင်ရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ ၂၀၁၅ ခုနှစ်က လှုပ်ခတ် ခဲ့ပြီး အဆိုးရွားဆုံး မှတ်တမ်းဝင်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ ၉ ဘီ လီယံလောက် သုံးစွဲခဲ့ရတာနဲ့ ယှဉ်ရင် အခုတစ်ခေါက် ပြန်လည်တည်ဆောက်ရေးစရိတ်က အမေရိကန်ဒေါ်လာ ၄ ဘီလီယံကနေ ၅ ဘီလီယံကြား ရှိနိုင်မယ် လို့ ဘဏ္ဍာရေးဝန်ကြီး ဆဝါနင်မ် ဝါဂယ် (Swarnim Wagle) က ခန့်မှန်းပြောကြားခဲ့ပါတယ်။




Comments