နော်ဝေဘုရင် ဟာရယ်ဒ် (Harald) အသက် ၈၉ နှစ်မှာကွယ်လွန်
- BVJ

- 2 days ago
- 2 min read
နီသွင်/BVJ_သြဂုတ် ၂၈၊ ၂၀၂၆

ရှားပါးသွေးရောဂါနဲ့ ပြီးခဲ့တဲ့သီတင်းပတ်ကဆေးရုံတက်ကုသမှုခံယူခဲ့ရတဲ့ နော်ဝေဘုရင် ဟာရယ် (၅) ဟာ အသက် ၈၉ နှစ်အရွယ်မှာကွယ်လွန်သွားပြီဖြစ်ပါတယ်။
အော်စလိုမြို့ရှိ နန်းတော်က ဘုရင်ကြီးဟာ သောကြာနေ့ ဒေသစံတော်ချိန် မနက် ၀၆:၃၅ နာရီ (ဂရင်းနစ်စံတော်ချိန် ၀၄:၃၅ နာရီ) မှာ အော်စလိုမြို့ရှိ နိုင်ငံတော်ဆေးရုံကြီးမှာ ငြိမ်းချမ်းစွာအနိစ္စရောက်သွားခဲ့တယ်လို့ ထုတ်ပြန်ကြေညာပါတယ်။ နန်းတော်ခေါင်မိုးပေါ်က ဘုရင့်အလံကိုလည်း တိုင်ဝက် လျှော့ချစိုက်ထူထားပါတယ်။
ဘုရင်ကြီး မကွယ်လွန်မီ ၂၄ နာရီအတွင်းမှာ တော်ဝင်မိသားစုဝင်တွေက ဆေးရုံကိုလာရောက်တွေ့ဆုံခဲ့ကြပြီး ပြည်သူတွေကလည်း နန်းတော်ရှေ့မှာ ပန်းစည်းတွေ လာရောက်ချည်နှောင်ပူဇော်ခဲ့ကြပါတယ်။
ဘုရင်ဟာရယ်ဟာ ၁၄ ရာစုနောက်ပိုင်း နော်ဝေနိုင်ငံမှာ ပထမဆုံးမွေးဖွားတဲ့ နေဘုရင်တစ်ပါး ဖြစ်ပါတယ်။ သူ့ရဲ့နေရာမှာ အသက် ၅၃ နှစ်အရွယ် သားတော် ဟာကွန် (Haakon) က ဆက်ခံသွားမှာဖြစ်ပြီး သောကြာနေ့မှာပဲ အစိုးရအဖွဲ့နဲ့အတူ အထူးနိုင်ငံတော်ကောင်စီအစည်းအဝေးကို ကျင်းပပြုလုပ်မှာဖြစ်ပါတယ်။
ယူကေဘုရင် ချာလ်စ် (၃)က အလေးအနက်ဝမ်းနည်းကြေကွဲရပါကြောင်း" ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ပြီး ဆွီဒင်ဘုရင် ကားလ် ဆယ်ဗား ဟာ့ဖ်ဆယ်ဗားကလည်း သူကိုယ်တိုင်၊ မိသားစုနဲ့ ဆွီဒင်နိုင်ငံအတွက် "ခင်မင်ရင်းနှီးတဲ့ မိတ်ဆွေကောင်းတစ်ဦး" ဖြစ်ကြောင်း အမှတ်ရပြောကြားခဲ့ပြီး ဘုရင့်မြေးတော် ဟာကွန်အတွက် "အောင်မြင်မှုနဲ့ ကံကောင်းခြင်းများ" ကျရောက်ဖို့ ဆုတောင်းပေးခဲ့ပါတယ်။
နန်းသက် ၃၅ နှစ်ကြာမြင့်ခဲ့တဲ့ ဘုရင်ဟာရယ်ဟာ ဘုရင်စနစ်ကို ခေတ်မီအောင် ပြုပြင်ပြောင်းလဲ ပေးခဲ့ပြီး သာမန်အရပ်သူတစ်ဦးနဲ့ လက်ထပ်ကာ အစဉ်အလာကို ဖောက်ထွက် ခဲ့သူ၊ နော်ဝေနိုင်ငံရဲ့ အခက်ခဲဆုံးအချိန်တွေမှာ တိုင်းပြည်ကို စည်းလုံးညီညွတ်အောင် စွမ်းဆောင် ပေးခဲ့တဲ့ လူထုချစ်ခင်လေးစားခံရတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။
၂၀၁၁ ခုနှစ် အော်စလိုမြို့နဲ့ ဦးတိုယာ (Utøya) ကျွန်းတို့မှာ ဖြစ်ပွားခဲ့တဲ့ ဗုံးပေါက်ကွဲမှုနဲ့ သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုတွေအပြီးမှာ ဘုရင်ဟာရယ်ဟာ နော်ဝေပြည်သူတွေ အချင်းချင်း ဖေးမကူညီကြဖို့နဲ့ "ကြောက်ရွံ့မှုကို လွှမ်းမိုးခွင့်မပြုဖို့" တိုက်တွန်းပြောကြားခဲ့ပါတယ်။
နောက်ပိုင်းနှစ်တွေမှာတော့ ဟာရယ်နဲ့ သူ့ရဲ့မိသားစုဟာ ကျန်းမာရေးပြဿနာတွေသာမက အထူးသဖြင့် ချွေးမဖြစ်သူ မက်တီ-မာရစ် (Mette-Marit) နဲ့ လိင်ပိုင်းဆိုင်ရာ ရာဇ ဝတ်ကောင်ဟောင်း ဂျက်ဖရီ အက်ပ်စတိန်း (Jeffrey Epstein) တို့နဲ့ ဆက်နွှယ်မှု၊ မြေးတော် မာရီယက် ဘော့ဂ် ဟွိုင်ဘီ (Marius Borg Høiby) ရဲ့ မဒိန်းမှုနဲ့ ပြစ်ဒဏ်ကျခံရခြင်းစတဲ့ အရှုပ်တော်ပုံတွေကိုပါ ရင်ဆိုင်ခဲ့ရပါတယ်။
Nettavisen သတင်းဌာနရဲ့ တော်ဝင်ရေးရာ သတင်းထောက် Tove Taalesen က ကွယ်လွန်သွားတဲ့ ဘုရင်ကြီးကို "ငါတို့နဲ့ တစ်သားတည်းဖြစ်တဲ့ သူတစ်ဦး" လို့ တင်စားခဲ့ပြီး Se og Hør မဂ္ဂဇင်းရဲ့ တော်ဝင်ရေးရာ ကျွမ်းကျင်သူ Caroline Vagle ကလည်း သူဟာ "ပြည်သူတွေနဲ့ အမြဲတမ်း အလွန်နီးစပ်ခဲ့တယ်" လို့ ပြောဆိုခဲ့ပါတယ်။
နော်ဝေ အမျိုးသားဘောလုံးအသင်းဟာ ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်အထိ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့လို့ အမေရိကန်ကနေ ပြန်လည်ရောက်ရှိလာချိန်မှာ ဘုရင်ဟာရယ် ကိုယ်တိုင် နန်းတော်မှာ ကြိုဆိုခဲ့ဖူးပါတယ်။
ကျန်ရစ်သူတွေအနေနဲ့ကတော့ လက်ရှိ အိမ်ထောင်သက် ၅၈ နှစ်နီးပါးရှိပြီဖြစ်တဲ့ မိဖုရား ဆိုညာ (Sonja)၊ သမီးတော် မာသာ လူးဝစ် (Märtha Louise)၊ သားတော် ဘုရင်သစ် ဟာကွန်နဲ့ မြေးတော် ခြောက်ဦးတို့ ဖြစ်ကြပါတယ်။
ဟာရယ်ကို ၁၉၃၇ ခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်နေ့မှာ အော်စလိုအနီး Skaugum အိမ်ယာမှာ မွေးဖွားခဲ့တာဖြစ်ပြီး နော်ဝေနိုင်ငံဟာ ဆွီဒင်ဆီကနေ လွတ်လပ်ရေးရယူပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေခံ ဘုရင်စနစ်ကို ကျင့်သုံးပြီးနောက်ပိုင်းမှာ မွေးဖွားလာတဲ့ ပထမဆုံး ဘုရင်လည်း ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အစောပိုင်း အာဏာရှင် အဓိပတိ အတ္ထူ ဟစ်တလာ (Adolf Hitler) ရဲ့ နာဇီဂျာ မနီက နော်ဝေကို ကျူးကျော်ဖို့ အမိန့်ပေးချိန်မှာ သူဟာ အသက်သုံးနှစ်သာ ရှိပါသေးတယ်။
ဟာရယ်ရဲ့ မယ်တော်ဟာ ကလေးငယ်တွေကို ခေါ်ဆောင်ပြီး ဆွီဒင်နိုင်ငံဘက်ကို နယ်စပ်ဖြတ်ကျော် ထွက်ပြေးခဲ့ရပြီး သမ္မတ ဖရန်ကလင် ဒီ ရူစဗဲ့ (Franklin D Roosevelt) ရဲ့ ဖိတ်ကြားချက်အရ အမေရိကန်နိုင်ငံကို ခရီးဆက်ခဲ့ကြပါတယ်။မင်းသား ဟာရယ်ဟာ စစ်ပွဲပြီးဆုံးချိန်မှာ မိသားစုနဲ့အတူ နော်ဝေကို ပြန်လာခဲ့ပြီး ကျောင်း ပညာရေးနဲ့ စစ်မှုထမ်းခြင်းတို့ကို ပြီးမြောက်အောင် လုပ်ဆောင်ခဲ့ပါတယ်။
၁၉၅၇ ခုနှစ်မှာ အိမ်ရှေ့စံ ဖြစ်လာခဲ့ပြီး ၁၉၆၀ ပြည့်နှစ်ကနေ ၁၉၆၂ ခုနှစ်အထိ အောက်စ်ဖို့ ဒ်တက္ကသိုလ် Balliol ကောလိပ်မှာ လူမှုရေးသိပ္ပံ၊ သမိုင်းနဲ့ စီးပွားရေးပညာရပ်တွေကို သင်ယူခဲ့ပါတယ်။၁၉၉၀ ပြည့်နှစ်မှာ ဖခင်ဖြစ်သူ ဖျားနာလာတဲ့အခါ အိမ်ရှေ့စံဟာ နန်းရင်ခွင်ကို ထိန်းသိမ်းစောင့်ရှောက်သူ (Regent) ဖြစ်လာခဲ့ပါတယ်။ ၁၉၉၁ ခုနှစ် ဇန်နဝါရီ ၁၇ ရက်နေ့မှာ အိုလာ့ဗ် ကွယ်လွန်တဲ့အခါ ဟာရယ်ဟာ ထီးနန်းကို ဆက်ခံခဲ့ပါတယ်။
ဘုရင်ကြီးဟာ တက်ကြွတဲ့ အားကစားသမားနဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတစ်ဦးလည်း ဖြစ်ပါတယ်။ ကမ္ဘာ့သဘာဝ ရန်ပုံငွေအဖွဲ့ (WWF) ရဲ့ နော်ဝေ ဌာနကို စတင်တည်ထောင်သူတွေထဲက တစ်ဦးဖြစ်ပြီး နော်ဝေ ဌာနရဲ့ ဥက္ကဋ္ဌအနေဖြင့် နှစ်ပေါင်း ၂၀ တိုင် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
ခရက်ဒစ်- ဘီဘီစီ




Comments