ပါတီဖျက်သိမ်းလိုက်တာကို ပြန်စဉ်းစားပေးဖို့ NDFပါတီ စာတင်တောင်းဆိုထား
- BVJ

- Sep 11
- 1 min read
BVJ/ဂျိုး_စက်တင်ဘာ ၁၀၊ ၂၀၂၅

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) ၊ အမျိုးသားနိုင်ငံရေး ဒီမိုကရက်တစ်ပါတီ(DNP)၊ အမျိုးသမီးပါတီ(မွန်)နဲ့ ပြည်ထောင်စုလယ်သမားအလုပ်သမားအင်အားစုပါတီတို့ကို သတ်မှတ်လူအင်အားနဲ့ ပါတီရုံးခန်းအရေအတွက်မပြည့်မီတာတွေကြောင့် ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က မနေ့ကထုတ်ပြန်ပါတယ်။
ဖျက်သိမ်းခံလိုက်ရတဲ့ပါတီ လေးပါတီထဲက အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF)အနေနဲ့ သတ်မှတ်ထားတဲ့ လူအင်အားပြည့်အောင်တင်ပြထားပေမယ့် ရွေးကောက်ပွဲကော်မရှင်က ပယ်ဖျက်တာကိုခံလိုက်ရတာလို့ ပါတီတွဲဖက်ဥက္ကဌ ဦးထက်အောင်ကျော်က Burma VJ ကိုပြောပါတယ်။
“လူအင်အားစာရင်းက ကျနော်တို့ ၈သောင်းကျော်တင်ထားပါတယ်။ ကျနော်တို့ကလည်း လူအင်အားမှီမယ်လို့ထင်တာပေါ့နော်။ ဒါပေမယ့် ၉ရက်နေ့မှာ သူတို့ကြေညာလိုက်တော့မှ မပြည့်မီဘူးဆိုတာကျွန်တော်တို့သိရလိုက်တာ။ မှတ်ပုံတင်နံပတ်လွဲတဲ့၊ မွေးနေ့မှားတဲ့သူလဲ စာရင်းကပယ်ခံရတယ်။တချို့သူတွေကလည်း လဝကရဲ့သေဆုံးစာရင်းမှာပါသွားတယ်။အဲတာတွေကြောင့် ပါတီဝင်အင်အားမပြည့်မီတာမျိုးဖြစ်သွားတာပါ”လို့ ဦးထက်အောင်ကျော်က ပြောပါတယ်။
ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေအနေနဲ့ ပါတီအဖြစ် အတည်ပြုခံလိုက်ရတဲ့နေ့ကစပြီး ရွေးကောက်ပွဲနေ့မတိုင်မီ ရက်ပေါင်း ၉၀အတွင်း ပါတီဝင်ငါးသောင်းအထိရှိရမှာဖြစ်ပြီး နိုင်ငံအတွင်းက မြို့နယ် ၃ပုံ၁ပုံမှာ ရုံးခန်းတွေဖွင့်လှစ်ရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားပါတယ်။
NDFပါတီအနေနဲ့ ကော်မရှင်ကသတ်မှတ်ထားတဲ့ လူဦးရေပြည့်မီအောင်တင်ထားပေမယ့် ပယ်ဖျက်ခံလိုက်ရတာကြောင့်ပြန်လည်စဉ်းစားပေးဖို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ စာတင်ထားတဲ့အကြောင်းကိုလည်း NDF ပါတီတွဲဖက်ဥက္ကဌ ဦးထက်အောင်ကျော်က ပြောပါတယ်။
“ကျနော်တို့ ဒါကိုပြန်လည်စဉ်းစားပေးဖို့ စာတင်ထား ပါတယ်။ ပါတီဝင်အားလုံးကလည်း ဒီလောက်ကြိုးစားလာပြီးတော့မှ စာတင်သင့်တယ်ဆိုပြီး တောင်းဆိုကြလို့ တင်လိုက်တာပါ”
လက်ရှိကာလမှာတော့ ပါတီအတွင်းမှာရှိတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ တခြားပါတီတွေကနေ လာမယ့် ရွေးကောက်ပွဲမှာပါဝင်ယှဉ်ပြိုင်နိုင်ကြောင်း ပါတီတွင်းညွန်ကြားထားတယ်လို့လည်း သူကဆက် ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (NDF)အပါဝင် ပါတီလေးခုကို စစ်ကောင်စီလက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က အခုလိုဖျက်သိမ်းလိုက်တာကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေအနေနဲ့ ကြံ့ခိုင်ရေးပါတီ၊ တစည၊ ကျားဖြူပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊တောင်သူလယ်သမားပါတီတို့သာ ကျန်ပါတော့တယ်။
စစ်ကောင်စီကပြုလုပ်မယ့် ၂၀၂၅ရွေးကောက်ပွဲမှာ NLDပါတီဝင်ဟောင်းအချို့ NDFပါတီကနေ ဝင်ပြိုင်သွားဖို့ရှိတယ်လို့အင်တာဗျူးတခုမှာ ဒုဥက္ကဌ ဒေါ်စန္ဒာမင်းကဖြေကြားခဲ့ပြီး နောက်တနေ့မှာ NDFပါတီဖျက်သိမ်းခံလိုက်ရတာဖြစ်ပါတယ်။







Comments