top of page

လေယာဉ်ကွင်းဒရုန်းတိုက်ခိုက်မှုနောက်ကွယ်မှာ ရုရှားရှိတယ်လို့ ဂျာမနီစွပ်စွဲ

  • Writer: BVJ
    BVJ
  • 5 hours ago
  • 1 min read

နီသွင်/BVJ_စက်တင်ဘာ ၁၊ ၂၀၂၆

လိုက်ပ်ဇစ်လေဆိပ်ရှိ ယူကရိန်းကုန်တင်လေယာဉ်အနီးတွင် ပေါက်ကွဲစေတတ်သောဒရုန်းတစ်စင်းကို ပြီးခဲ့တဲ့လကတွေ့ရှိခဲ့စဥ်။
လိုက်ပ်ဇစ်လေဆိပ်ရှိ ယူကရိန်းကုန်တင်လေယာဉ်အနီးတွင် ပေါက်ကွဲစေတတ်သောဒရုန်းတစ်စင်းကို ပြီးခဲ့တဲ့လကတွေ့ရှိခဲ့စဥ်။

လွန်ခဲ့တဲ့လက လိုက်ပ်ဇစ် (Leipzig)လေယာဉ်ကွင်းမှာဖြစ်ပွားခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုအတွက် ရုရှားနိုင်ငံတာဝန်ရှိကြောင်း ဂျာမနီနိုင်ငံကပြောကြားလိုက်ပါတယ်။

ဂျာမနီနိုင်ငံအရှေ့ပိုင်းရှိ လိုက်ပ်ဇစ်/ဟယ်လေ (Leipzig/Halle) လေယာဉ်ကွင်းမှာ ယူကရိန်းကုန်တင်လေယာဉ်တွေနဲ့အနီးအနားမှာ ပေါက်ကွဲစေတတ်တဲ့ပစ္စည်းတွေတင်ဆောင်ထားတဲ့ ဒရုန်းတစ်စင်းကို ဩဂုတ်လ ၄ ရက်နေ့ကတွေ့ရှိခဲ့ရပါတယ်။


ဖောက်ခွဲရေးခလုတ် (detonator)မှာချို့ယွင်းချက်ရှိပုံရတာကြောင့် အဲ့ဒီဒရုန်းမပေါက်ကွဲခဲ့ဘဲ အနီးနားရှိကုန်တင်လေယာဉ်တစ်စင်းနဲ့ ဒုတိယဒရုန်းတစ်စင်း တိုက်မိခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေကသံသယရှိနေပါတယ်။ ဒါ့အပြင် ၁၀ ရက်အကြာမှာလည်း တတိယမြောက်ဒရုန်းတစ်စင်းကို လေယာဉ်ကွင်းအနီးမှာ ထပ်မံတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။


လိုက်ပ်ဇစ် လေယာဉ်ကွင်းတိုက်ခိုက်မှုဟာ "ဥရောပမှာ ရုရှားတို့ရဲ့ သပ်လျှိုတိုက်ခိုက်မှု ပုံစံအတိုင်း"ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး အလက်ဇန်းဒါး ဒိုဘရင်း (Alexander Dobrindt)ကပြောကြားခဲ့ပြီး ဂျာမနီနိုင်ငံအနေနဲ့ ထပ်မံပစ်မှတ်ထားခံရဦးမယ်လို့ယူဆရကြောင်း ဆိုပါတယ်။


ဘာလင်မြို့ရှိ ရုရှားသံရုံးကတော့ အဆိုပါစွပ်စွဲချက်ဟာ "ရပ်တည်ချက်မရှိတဲ့ အဓိပ္ပာယ်မရှိမှု" သက်သက်သာဖြစ်ကြောင်းတုံ့ပြန်ပြောကြားခဲ့ပါတယ်။


အသုံးပြုခဲ့တဲ့ပစ္စည်းကိရိယာတွေကို စစ်ဆေးချက်နဲ့ထောက်လှမ်းရေး အချက်အလက်တွေအရ ဒီတိုက်ခိုက်မှုမှာရုရှားပါဝင်ပတ်သက်နေကြောင်း သက်သေပြနေတယ်လို့ ဒိုဘရင်းကပြောပါတယ်။


ဘာလင်မြို့မှာပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ဒိုဘရင်းနဲ့အတူ ဘေးချင်းယှဉ်ရပ်နေတဲ့ ဂျာမနီနိုင်ငံခြားရေးဝန်ကြီး ယာဟန် ဝါဒဲဖူးလ် (Johann Wadephul) ကလည်း ဘွန်း (Bonn) မြို့ရှိ ရုရှားကောင်စဝန်ရုံးကိုပိတ်သိမ်းခိုင်းသွားမယ်လို့ ပြောကြားခဲ့ပြီး သူလျှိုလုပ်ငန်းတွေနဲ့ ရုရှားရဲ့ ဝါဒဖြန့်ချိမှုတွေအတွက် အသုံးပြုနေတယ်လို့ လေ့လာသူအများစုကဆိုကြတဲ့ ဘာလင်မြို့ရှိ ရုရှားအိမ် (Russian House) ရဲ့ စာချုပ်ကိုလည်း ဖျက်သိမ်းသွားမယ်လို့ ဆိုပါတယ်။ဘာလင်မြို့ရှိ "ရုရှားအိမ်" (Russian House) ဆိုတာကတော့ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့လယ်ခေါင်မှာတည်ရှိတဲ့ ရုရှားနိုင်ငံရဲ့ ယဉ်ကျေးမှုနဲ့ သိပ္ပံဆိုင်ရာ ဗဟိုဌာန (Russian House of Science and Culture) တစ်ခု ဖြစ်ပါတယ်။


ဒါ့အပြင် ရုရှားနိုင်ငံသားတွေအတွက် ဝင်ခွင့်စည်းကမ်းတွေကို တင်းကျပ်သွားမယ်လို့ ကြေညာခဲ့ပြီး ၂၀၂၂ ခုနှစ် ယူကရိန်းကို ကျူးကျော်ဝင်ရောက်ပြီးနောက် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေကို ရှောင်ရှားဖို့ ရုရှားအသုံးပြုနေတဲ့ ရေနံတင်သင်္ဘောအဟောင်းတွေပါတဲ့ မော်စကိုရဲ့ သင်္ဘောအုပ်စုအပေါ် ဖိအားပေးမှုကို တိုးမြှင့်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။


ဂျာမနီနိုင်ငံဆိုင်ရာ ရုရှားသံတမန် ဆာဂျေ နီချာယက်ဗ် (Sergei Nechayev) ကို ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ ဝါဒဲဖူးလ်က ပြောကြားခဲ့ပြီး အဆိုပါကြေညာချက် ထွက်ပေါ်ပြီးနောက်မှာဘဲ သံအမတ်ကြီးဟာ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ရောက်ရှိလာတာကို တွေ့မြင်ခဲ့ရပါတယ်။


ဂျာမနီရဲ့ အစီအမံတွေကို တုံ့ပြန်တဲ့အနေနဲ့ ရုရှားဘက်ကလည်း တူညီတဲ့ နည်းလမ်းအတိုင်း တုံ့ပြန်ဆောင်ရွက်သွားမှာဖြစ်ကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မာရီယာ ဇာခါရာဗာ (Maria Zakharova) က ပြောကြားခဲ့ပြီး ရုရှားသံရုံးကလည်း အဆိုပါ အစီအမံတွေဟာ "ရုရှား-ဂျာမနီ ဆက်ဆံရေးမှာ မကြုံစဖူး တင်းမာမှု မြင့်တက်လာခြင်း" ဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။


ယူကရိန်းကို ပေးအပ်နေတဲ့ စစ်ရေးနဲ့ စီးပွားရေး ပံ့ပိုးကူညီမှုတွေကို ရည်ညွှန်းပြီး "ဘာလင်ဟာ အကြမ်းဖက်မှုကို ကျောထောက်နောက်ခံ ပြုနေပါတယ်" လို့ ဇာခါရာဗာက ဂျာမန်သတင်းဌာန DPA ကို ပြောကြားခဲ့ပါတယ်။ရုရှားနိုင်ငံဘက်က တာဝန်ရှိနိုင်တယ်လို့ လုံခြုံရေးကျွမ်းကျင်သူတွေက ခန့်မှန်းခဲ့ကြပေမဲ့ ရုရှားဘက်ကတော့ ပါဝင်ပတ်သက်တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို အမြဲတမ်း ငြင်းပယ်ခဲ့ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး အင်္ဂါနေ့နှောင်းပိုင်းမှာ အိုင်ယာလန်နိုင်ငံမှာ ကျင်းပမယ့် ဥရောပသမဂ္ဂ (EU) နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ ဆွေးနွေးသွားဖို့ ရှိနေပါတယ်။


ဥရောပကော်မရှင် ဥက္ကဋ္ဌ ဥာဆူလာ ဗွန် ဒါ လေယန် (Ursula von der Leyen) ကလည်း X လူမှုကွန်ရက်မှာ "ကျွန်မတို့ဟာ ရုရှားရဲ့ ကျူးကျော်မှုကို ဆန့်ကျင်ဖို့အတွက် ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ တစ်လုံးတစ်ဝတည်း ရှိနေပါတယ်။ ကျွန်မတို့ရဲ့ လွတ်လပ်ရေးနဲ့ လုံခြုံရေးကို ထိပါးဖို့ ကြိုးပမ်းသူတိုင်းကို ကျွန်ုပ်တို့ ဟန့်တားသွားမှာပါ" လို့ ရေးသားခဲ့ပါတယ်။EU အနေနဲ့ ရုရှားအပေါ် ထပ်ဆောင်း ပိတ်ဆို့အရေးယူမှုတွေကို ပြင်ဆင်နေကြောင်းလည်း သူမက ထည့်သွင်းပြောကြားခဲ့ပါတယ်။

ခရက်ဒစ် - ဘီဘီစီ


Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page