top of page

ညှဉ်းပန်းနှိပ်စက်ခံရသူများ ကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့ မဲဆောက်မှာကျင်းပ

  • Writer: BVJ
    BVJ
  • Jun 27, 2025
  • 1 min read

BVJ/အိုင်းရစ် _ ဇွန် ၂၆ ၊ ၂၀၂၅


ဒီနေ့ ဇွန် ၂၆ ရက်မှာကျရောက်တဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့ (International Day in Support of Victims of Torture) နေ့ အခမ်းအနားကို အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ (Transitional Justice Alliance Group (Burma)) နဲ့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) တို့က ပူးပေါင်းပြီး ထိုင်းနိုင်ငံ မဲဆောက်မြို့တနေရာမှာ ကျင်းပခဲ့ကြပါတယ်။


အခမ်းအနားကို ဖိတ်ကြားထားတဲ့ နိုင်ငံရေးအကျဉ်းသား၊ နိုင်ငံရေးအကျဉ်းသူတွေအပါအဝင် တခြားအရပ်ဘက်ဆိုင်ရာအဖွဲ့အစည်းက လူပုဂ္ဂိုလ်အချို့ တက်ရောက်ခဲ့ကြပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်ဖမ်းဆီး နှိပ်စက်မှုတွေနဲ့ ထောင်တွင်းကြုံတွေ့ရမှုတွေကို စကားဝိုင်းဆွေးနွေးပွဲပြုလုပ် ခဲ့ပါတယ်။


ဒါ့အပြင် စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပြစ်မှုကျူးလွန်မှုတွေကို အရေးယူအပြစ်ပေးနိုင်ရေးနဲ့ တော်လှန်ရေးကာလအတွင်း အဖွဲ့အစည်းအသီးသီးက ကျူးလွန်ခဲ့တဲ့ပြစ်မှုတွေကို အရေးယူနိုင်ရေးကိစ္စရပ်တွေကိုလည်း အပြန်အလှန်မေးမြန်းဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။


TJ နဲ့ AAPP ပူးပေါင်းကျင်းပတဲ့ ညှဉ်းပန်းနှိပ်စက်ခံရသူများကို ကူညီထောက်ပံ့ရေးအပြည်ပြည်ဆိုင်ရာနေ့ အခမ်းအနားမှာ သံတွဲအကျဉ်းထောင်က လွတ်မြာက်လာတဲ့ နိုင်ငံရေးအကျဉ်းသူ မဒေးဒေး၊ ချင်းပြည်နယ် ကလေးမြို့ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြချိန် ပစ်ခတ်ဖမ်းဆီးခံရပြီး ခြေတစ်ဖက်ဆုံးရှုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုမင်းလွန်၊ စစ်ကောင်စီရဲ့ မတရားရိုက်နှက်ဖမ်းဆီးမှုကို ခံခဲ့ရတဲ့ မိတ်ကပ်အလှ ဖန်တီးရှင် လိင်စိတ်ခံယူမူကွဲပြားသူ(LGBT) နဝရတ်အောင်အောင် (အမေအောင်) တို့က စစ်ကောင်စီ ဖမ်းဆီးခံရချိန်ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေနဲ့ အကြမ်းဖက်ရိုက်နှက် နှိပ်စက်မှုအကြောင်းအရာတွေကို ဆွေးနွေးပြောဆိုခဲ့ကြပါတယ်။


အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုဖော်ဆောင်ရေးအဖွဲ့ - (TJ-Burma) ဟာ နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းလုပ်ဆောင်မှုတွေရှိနေပြီး အတိတ်ကဖြစ်ရပ်တွေသာမက လက်ရှိလူ့အခွင့်အရေးချိုးဖောက်မှုတွေ ထပ်မံမဖြစ်ပွားအောင် လူ့အဖွဲ့အစည်းတခုလုံးကို ကုစားပေးတဲ့လုပ်ငန်းစဉ်တွေ လုပ်ဆောင်နေပြီး တရားမျှတမှုပြန်လည်ရရှိဖို့အတွက်လည်း ပူးပေါင်းလုပ်ဆောင်နေတဲ့ နိုင်ငံတကာအဖွဲ့အစည်းတစ်ခုလည်း ဖြစ်ပါတယ်။


ညှဉ်းပန်းနှိပ်စက်မှုနဲ့အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှု သို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာသဘောတူစာချုပ်ကို ကုလသမဂ္ဂအထွေထွေညီလာခံဆုံးဖြတ်ချက် အမှတ် ၃၉/၄၆ နဲ့ အတည်ပြုခဲ့ပြီး သဘောတူလက်မှတ်ရေးထိုးခြင်း၊ အတည်ပြုစာချုပ် ချုပ်ဆိုခြင်း၊ ထပ်တိုးအဖွဲ့ဝင်အဖြစ် လက်မှတ်ရေးထိုးခြင်းတို့ကို ၁၉၈၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်မှာ စတင်လုပ်ခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၇ ခုနှစ် ဇွန်လ ၂၆ ရက်မှာ နိုင်ငံတကာသဘောတူစာချုပ် စတင်အသက်ဝင်ခဲ့ပြီး မြန်မာနိုင်ငံကတော့ ဒီသဘောတူညီစာချုပ်ကို ဒီနေ့အထိ ပါဝင်လက်မှတ်ထိုးထားတာမျိုး မရှိသေးပါဘူး။


စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်ကျူးလွန်နှိပ်စက်မှုကြောင့် စစ်ကြောရေးစခန်း၊ အကျဉ်းထောင်တွေနဲ့ ဒေသအသီးသီး စစ်ကောင်စီအကြမ်းဖက်နှိပ်စက်မှုနဲ့ သတ်ဖြတ်တွေကြောင့် သေဆုံးခဲ့သူပေါင်း ၁၀၃၁၉ ဦး အထိရှိနေပြီး ဒီအထဲက ၆၈၁၉ ဦးဟာ သေဆုံးကြောင်း အတည်ပြုထားနိုင်ခဲ့တယ်လို့ AAPP ရဲ့ ဇွန် ၂၅ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page