သိန်းခွန်းရှေ့တန်းပို့ခံရတဲ့ ခလရ - ၂၈၀တပ်ဖွဲ့ဝင်လေးဦး KNLAဆီထွက်ပြေးလာ
- BVJ
- 17 hours ago
- 1 min read
BVJ/ဇော်_အောက်တိုဘာ ၁၊ ၂၀၂၅

တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ စစ်ကောင်စီခြေလျင်တပ်ရင်း (၂၈၀)က တပ်ဖွဲ့ဝင် တပ်သား (၄) ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ (၄) ၊ တပ်ရင်း (၁၁)ဆီ အလင်းဝင်လာတယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်က မနေ့ စက်တင်ဘာ ၃၀ ရက်မှာ ထုတ်ပြန်ပါတယ်။
အလင်းဝင်လာတဲ့ တပ်သား (၄) ဦးဟာ စစ်ကောင်စီရဲ့ အဓမ္မစစ်မှုထမ်းဥပဒေနဲ့ သင်တန်းတတ်ခိုင်းခံရသူတွေ ဖြစ်ပြီး ရှေ့တန်းသိန်းခွန်းဘက်ကိုအပို့ခံရချိန် မနေ့ စက်တင်ဘာ ၃၀ ရက်မှာ လက်နက်မဲ့ထွက်ပြေး အလင်းဝင်လာတာလို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ ရက်နေ့မှာလည်း ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်ချိန်အတွင်း ထိုင်းအစိုးရရဲ့ ဖမ်းဆီးခြင်းကိုခံရပြီးနောက် မြန်မာနိုင်ငံ ကော့သောင်းဘက်ကနေတဆင့် ပြန်လည်ပို့ဆောင်ခံခဲ့ရသူ (၂) ဦးတို့ ကျွန်းစုမြို့က စစ်ကောင်စီတပ်က စစ်မှုထမ်းသင်တန်းကို အဓမ္မထည့်သွင်းခံရပြီး သိန်းခွန်းတိုက်ပွဲရှေ့တန်းအပို့ခံရချိန်မှာ KNLA တပ်မဟာ (၄) တပ်ရင်း (၁၁) ဆီ အလင်းဝင်ခဲ့ပါသေးတယ်။
တနင်္သာရီမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကောင်စီစစ်တပ်နဲ့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (KNLA) ၊ တပ်မဟာ(၄) လက်အောက်ခံ၊ တပ်ရင်း(၁၁)နဲ့ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲဖြစ်ပွားတာတွေရှိနေပြီး ပြီးခဲ့တဲ့ စက်တင်ဘာ ၂၅ ရက်နေ့ မနက် (၆) နာရီဝန်းကျင်အချိန်မှာလည်း ပဝပ်ကျေးရွာအုပ်စု၊ ရှမ်းအင်းတော် ကျေးရွာအနီးဝန်းကျင်မှာ တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်သား (၇) ဦးသေဆုံးပြီး (၈) ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်၊ ပြည်သူ့ဆက်ဆံရေးနှင့်သတင်းပြန်ကြားရေးက စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
Comments