အီရန်နဲ့အပြန်အလှန်တိုက်ခိုက်မှုလေးရက်ကြာပြီးနောက် အီရန်ပြည်သူတွေမြို့တွင်းကနေ ထွက်ခွာဖို့ အစ္စရေးသတိပေး
- BVJ

- Jun 17
- 1 min read
BVJ/Moore _ ဇွန် ၁၇ ၊ ၂၀၂၅

အီရန်နိုင်ငံအလယ်ပိုင်း တီဟီရန်မှာရှိနေတဲ့ပြည်သူတွေကို မြို့အတွင်းကနေ စွန့်ခွာထွက်သွားဖို့ အစ္စရေးက သတိပေးပြောထားပါတယ်။ အီရန်-အစ္စရေး နှစ်ဖက်အပြန်အလှန်တိုက်ခိုက်မှု ၄ ရက်မြောက် ကြာမြင့်လာချိန် စစ်ရေးပဋိပက္ခကလည်း ပိုမိုအရှိန်မြင့်တက်လာပြီး အစ္စရေးက တီဟီရန်ကို လေကြောင်းတိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာပါတယ်။
အီရန်နိုင်ငံပိုင်ရုပ်သံသတင်းဌာနကိုပစ်မှတ်ထားကာ အစ္စရေးက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် အဆောက်အအုံ ထိခိုက်ပျက်စီးခဲ့ပြီး ရုပ်သံစတူဒီယိုအတွင်း သတင်းကြေညာနေချိန် အစီအစဉ်တင်ဆက်သူလည်း ထွက်ပြေးခဲ့ရတဲ့ ဗီဒီယိုဖိုင်လည်း ပျံ့နှံ့လာပါတယ်။
အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ကလည်း တီဟီရန်က ပြည်သူတွေ မြို့အတွင်းကနေ ချက်ချင်းထွက်ခွာသွားဖို့ သူ့ရဲ့လူမှုကွန်ရက်မှာ မနေ့ ဇွန် ၁၆ ရက်ညပိုင်းက သတိပေးရေးသားခဲ့ပါသေးတယ်။
“အီရန်မှာ နျူကလီးယားလက်နက် မရှိရဘူး” လို့ ဒေါ်နယ်ထရမ့်က ရေးသားခဲ့ပြီး “တီဟီရန်ကနေ အားလုံးထွက်ခွာသွားကြပါ” လို့ ဖြည့်စွက်ရေးသားထားပါတယ်။
အီရန်မှာရှိတဲ့ နျူကလီးယားစီမံကိန်းတွေကို တိုက်ခိုက်ဖို့အတွက် အစ္စရေးအနေနဲ့ အချိန်များစွာယူခဲ့ရပြီး လက်ရှိစစ်ရေးပဋိပက္ခအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ နေ့စဉ်ထိတွေ့ပြောဆိုမှုရှိနေတယ်လို့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုက သတင်းထောက်တွေကို ပြောပါတယ်။
“သူတို့အစိုးရအဖွဲ့အတွင်း အင်အားအတော်ချည့်နဲ့သွားပါပြီ” လို့ နေတန်ယာဟုက ဖြည့်စွက်ပြောပါတယ်။
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်စစ်တပ်ထိပ်ပိုင်းခေါင်းဆောင်တွေအပါအဝင် နျူကလီးယားသိပ္ပံပညာရှင်တွေ၊ ယူရေနီယမ်သိုလှောင်ထားတဲ့နေရာတွေကို ရှင်းလင်းနိုင်ခဲ့တယ်လို့ အစ္စရေးဘက်က ထုတ်ပြန်ထားပါတယ်။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ပြည်သူ ၂၂၄ ဦးနီးပါးအထိ သေဆုံးခဲ့တယ်လို့လည်း အေပီသတင်းဌာနက ဖော်ပြထားပါတယ်။
နျူကလီးယားစီမံကိန်းဟာ ငြိမ်းချမ်းရေးအတွက် အသုံးပြုဖို့ရည်ရွယ်ထားတာဖြစ်တယ်လို့ အီရန်ဘက်က အခိုင်အမာပြောကြားထားပါတယ်။ အီရန်နိုင်ငံရဲ့ နျူကလီးယားလက်နက် ထပ်မံထုတ်လုပ်မှု ကြိုးပမ်းမှုတွေဟာလည်း ၂၀၀၃ ခုနှစ်နောက်ပိုင်းမှာ လျော့ကျလာတယ်လို့ အမေရိကန်နဲ့ အခြားနိုင်ငံတွေကလည်း ရှုမြင်ထားကြပါတယ်။
ဒါပေမဲ့ အီရန်အနေနဲ့ နျူကလီးယားလက်နက်ထုတ်လုပ်မယ့်အစီအစဉ်ကို ဆက်လက်လုပ်ဆောင်မယ်ဆိုပါက ယူရေနီယမ်အလုံအလောက်ပိုင်ဆိုင်ထားတာတွေရှိတယ်နေလို့လည်း နိုင်ငံတကာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) က သတိပေးထားမှုတွေ ရှိနေပါတယ်။
အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အီရန်ကလည်း လက်စားချေတုံ့ပြန်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပြီး တာဝေးပစ်ပဲ့ထိန်းဒုံးကျည် ၃၇၀ ထက်မနည်း ပစ်လွှတ်ခဲ့သလို ရာနဲ့ချီတဲ့ ဒရုန်းတွေနဲ့လည်း အစ္စရေးကို ပြန်လည်တိုက်ခိုက်ခဲ့ပါတယ်။ အီရန်ရဲ့ တုံ့ပြန်တိုက်ခိုက်မှုကြောင့် အစ္စရေးပြည်သူ ၂၄ ဦး သေဆုံးခဲ့ပြီး ၅၀၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
Ref: AP






Comments