စစ်သင်္ဘော ၂၀ နီးပါး KIAပစ်ချထား

မိုနာ/BVJ_စက်တင်ဘာ ၁၇၊ ၂၀၂၆

တိုက်ပွဲပြင်းထန်နေတဲ့ ကချင်ပြည်နယ်၊ရွှေကူနဲ့ဗန်းမော်မြို့နယ်မှာ စစ်တပ်ဘက်ကအသုံးပြုနေတဲ့ စစ်သင်္ဘော အစီး ၂၀နီးပါးကိုပစ်ချဖျက်ဆီးထားနိုင်ပြီလို့ ကချင်လွတ်မြောက်ရေးတပ်မတော်-KIAက မနေ့ကညပိုင်းမှာကြေညာပါတယ်။
မန္တလေးမြို့၊ဂေါဝိန်ဆိပ်ကမ်းကနေ ဗန်းမော်မြို့ကို လူအင်အား၊ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေပို့ဆောင်ဖို့ ဧရာဝတီမြစ်ကြောင်းအတိုင်းဆန်တက်လာခဲ့တဲ့စစ်သင်္ဘောတွေကို KIAနဲ့ပူးပေါင်းတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မနေ့က စက်တင်ဘာ ၁၆ရက်မနက်ပိုင်းမှာလည်း ရွှေကူမြို့ကနေဗန်းမော်မြို့ကိုထွက်ခွာလာတဲ့ စစ်သင်္ဘော ၃စီးထဲကတစ်စီးကို ရွှေကူမြို့နယ်၊ ဝဲမကြီးကျေးရွာအရောက်မှာ KIAပူးပေါင်းတပ်တွေကပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် သင်္ဘော ၁ စီးနစ်မြုပ်သွားခဲ့ပြီး ကျန်တဲ့နှစ်စီးဟာလည်း ရွှေကူဘက်ကိုပြန်လှည့်ဆင်းသွားတယ်လို့သိရပါတယ်။
အခုစက်တင်ဘာလထဲမှာပဲ KIAနဲ့ပူးပေါင်းတပ်တွေတိုက်ခိုက်လို့ ထိခိုက်ပျက်ဆီးသွားတဲ့စစ်သင်္ဘောအစင်း ၂၀နီးပါးရှိပြီလို့ KIAရဲ့Laiza TVကနေ မနေ့ကစက်တင်ဘာ ၁၆ရက်ညမှာကြေညာပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ ရေကြောင်း၊လေကြောင်း၊ ဒရုန်းနဲ့လက်နက်ကြီးပစ်ကူတွေနဲ့ရွှေကူမြို့နယ်အတွင်း စစ်ကြောင်းထိုးလာတာကြောင့် KIAပူးပေါင်းတပ်တွေနဲ့နေ့တိုင်းနီးပါးတိုက်ပွဲပြင်းထန်နေတာဖြစ်ပြီး စက်တင်ဘာ ၁၃ရက်နေ့မှာလည်း ဗန်းမော်ကနေ မံစီခမရ(၃၁၉)၊ ခမရ(၆၀၁)၊(၅၂၃)တပ်နေရာဟောင်းကို တပ်နေရာပြန်ယူဖို့စစ်ကြောင်းထိုးဝင်လာတဲ့ အင်အား ၁၀၀ခန့်ပါစစ်တပ်စစ်ကြောင်းကို မံစီမရောက်ခင်မှာကြားဖြတ်တိုက်ခိုက်ခဲ့ပါတယ်။
အဲဒီတိုက်ပွဲအတွင်းမှာ ရန်သူ့ဘက်ကကျဆုံးမှုများပြီး လက်နက်ခဲယမ်းတွေနဲ့သုံ့ပန်းတွေလည်းဖမ်းမိခဲ့ပြီး တချို့ကထွက်ပြေးသွားတယ်လို့ KIAဘက်ကအတည်ပြုပြောထားပါတယ်။
ဒါ့အပြင် တချို့စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ စစ်ရှောင်အိမ်တွေနဲ့အနီးဝန်းကျင်ခြုံတွေထဲကို ထွက်ပြေးလွတ်မြောက်သွားတာကြောင့် KIAပူးပေါင်းတပ်တွေက လိုက်လံရှင်းလင်းနေတယ်လို့လည်း KIAကပြောထားပါတယ်။

Comments