အီရန်ကိုပစ်ခတ်ပြီးနောက် ဟော်မုဇ်ရေလက်ကြားပိတ်ပစ်မှာ အမေရိကန်စိုးရိမ်နေ
- BVJ

- Jun 23
- 1 min read
မပိတ်အောင်ဖျောင်းဖျပေးဖို့ တရုတ်ကိုတောင်းဆို
BVJ/Moore _ ဇွန် ၂၃ ၊ ၂၀၂၅

အီရန်နျူကလီးယားစီမံကိန်းနေရာတွေကို အမေရိကန်ကပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ကုန်သွယ်ရေးအရအရေးပါတဲ့ ဟော်မုဇ်ရေလက်ကြားကို အီရန်ကပိတ်ဆို့မယ့်အရေး အမေရိကန်က စိုးရိမ်နေပါတယ်။ ဒါကြောင့် ဟော်မုဇ်ရေလက်ကြားကိုမပိတ်ဆို့ဖို့အရေး အီရန်အစိုးရကို ဖျောင်းဖျပေးဖို့အတွက် တရုတ်နိုင်ငံကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တောင်းဆိုထားပါတယ်။
“ကျွန်တော်တို့အနေနဲ့ ရေနံကုန်သွယ်ရေးတွေ လုပ်ဆောင်တာမှာ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းနိုင်ဖို့က မဖြစ်မနေ အရေးကြီးပါတယ်။ ဒါကြောင့် ဘေဂျင်းမှာရှိတဲ့ တရုတ်အစိုးရအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး အီရန်ကို ဖျောင်းဖျပေးဖို့ တောင်းဆိုပါတယ်”လို့ ရူဘီယိုက Fox News သတင်းဌာနမှာ ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။
ကမ္ဘာ့ရေနံရဲ့ ငါးပုံတစ်ပုံဟာ ဟော်မုဇ်ရေလက်ကြားကို အသုံးပြုဖြတ်သန်းသွားနေတာဖြစ်ပြီး အခု ဇွန် ၂၂ ရက်နေ့က အမေရိကန်ရဲ့ လေကြောင်းတိုက်ခိုက်မှုခံရပြီးနောက်ပိုင်း အီရန်က အမေရိကန်ကို လက်စားချေတဲ့အနေနဲ့ အဲဒီရေလက်ကြားကို ပိတ်ပစ်နိုင်ဖွယ်ရှိတယ်လို့ လေ့လာသုံးသပ်နေကြတာလည်း ရှိနေပါတယ်။
“တကယ်လို့ သူတို့ (အီရန်) အနေနဲ့ အဲဒီလိုလုပ်ခဲ့မယ်ဆိုရင် ဒါဟာ နောက်ထပ်ကြီးမားတဲ့အမှားတစ်ခုကို ထပ်ကျူးလွန်လိုက်တာပါပဲ။ သူတို့သာ အဲသလိုလုပ်ခဲ့မယ်ဆိုရင် သူတို့ကိုယ်တိုင် စီးပွားရေးအရ ကြီးမားတဲ့ ဆုံးရှုံးထိခိုက်မှုကို ဖြစ်စေမှာပါ။ ဒီအတွက် ကျွန်တော်တို့မှာလည်း တခြားရွေးချယ်စရာအကြောင်းအရာတွေ ရှိနေပါတယ်” လို့ ရူဘီယိုက ဆက်ပြောပါတယ်။
အီရန်အနေနဲ့ ဟော်မုဇ်ရေလက်ကြားကို ပိတ်ခဲ့ပါက တခြားနိုင်ငံတွေအနေနဲ့လည်း ဒီအခြေအနေကို သေချာစောင့်ကြည့်သင့်ပြီး စီးပွားရေးနစ်နာထိခိုက်မှုဟာ အမေရိကန်ထက် ပိုဆိုးနိုင်တယ်လို့ ရူဘီယိုက ဆိုပါတယ်။ ဟော်မုဇ်ရေလက်ကြားကို ပိတ်လိုက်ခြင်းဟာ ပဋိပက္ခကို ပိုမိုဆိုးရွားလာနိုင်သလို စီးပွားရေးအရထိခိုက်မှုဟာ အမေရိကန်တင်မကဘဲ တခြားနိုင်ငံတွေပါ ထိခိုက်မှုကြုံတွေ့လာနိုင်တယ်လို့ ဆိုပါတယ်။
အီရန်ခေါင်းဆောင် အယာတိုလာခါလီခါမေနီကလည်း အီရန်နိုင်ငံနဲ့ အနိးဝန်းကျင်မှာရှိတဲ့ အမေရိကန်စစ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်မယ်လို့ ပြန်လည်ခြိမ်းခြောက်ထားပြီး အမေရိကန်နိုင်ငံသားတိုင်းဟာ အီရန်ရဲ့ တရားဝင်ပစ်မှတ်တွေဖြစ်သွားပြီလို့လည်း ပြောထားပါတယ်။
အီရန်နိုင်ငံကို အမေရိကန်ဝင်ရောက်တိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ရုရှား၊ တရုတ်နဲ့ အချို့အာရပ်နိုင်ငံတွေက ပြစ်တင်ရှုတ်ချခဲ့သလို ဒါဟာ အရှေ့အလယ်ပိုင်းတင်းမာမှုအရှိန်ကို ပိုမိုဆိုးရွားအောင် လုပ်ဆောင်ခဲ့တာသာဖြစ်တယ်လို့ ဆိုပါတယ်။
Ref: Reuters.






Comments