နောင်ချိုတိုက်ပွဲအတွင်း စစ်ကောင်စီက အဆိပ်ငွေ့ဗုံး ၃၇ လုံး ကြဲချတိုက်ခိုက်ခဲ့တယ်လို့ TNLA ပြော
- BVJ

- Jun 16
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၁၆ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်အနီး တိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဒရုန်းနဲ့ အဆိပ်ငွေဗုံး ၃၇ လုံးကြဲချတိုက်ခိုက်ခဲ့သလို ဗုံး ၆၀ နီးပါးအထိ ကြဲချတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ တအာင်းတပ်မတော် (TNLA) က မနေ့ ဇွန် ၁၅ ရက်မှာ ထုတ်ပြန်ထားပါတယ်။
တအာင်းထိန်းချုပ်နယ်မြေ နောင်ချိုမြို့ကို စစ်ကောင်စီက စစ်ကြောင်းထိုးနေပြီး အုမ္မတီးရွာ၊ ရေမောင်းတန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီး ၃ လုံး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံး ၃၇ လုံး၊ ဗုံး ၃၅ လုံး ကြဲချတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် လက်ပန်ကုန်းရွာတိုက်ပွဲမှာလည်း စစ်ကောင်စီက လက်နက်ကြီးပစ်ကူ ၆ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့သလို တိုက်ပွဲဖြစ်ပွားတာမျိုးမရှိတဲ့ ရွှေညောင်ပင်ရွာဘက်ကိုလည်း လက်နက်ကြီးနဲ့ ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။
ဇွန် ၁၄ ရက်နေ့ကလည်း နောင်ချိုမြို့နယ် ရွှေသွန်းရွာ၊ ပိန္နဲကုန်းရွာ၊ သရက်ကုန်းရွာနဲ့ လက်ပန်းကုန်းရွာတို့မှာ စစ်ကောင်စီတပ်နဲ့ TNLA တို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက လက်နက်ကြီးနဲ့ အကြိမ် ၈၀ ပစ်ကူပေးခဲ့ပြီး ဒရုန်းနဲ့ ဗုံး ၂၆ လုံး ကြဲချတိုက်ခိုက်ခဲ့ပါသေးတယ်။
စစ်ကောင်စီနဲ့ TNLA တို့ နှစ်ဖက်ပစ်ခတ်ရပ်စဲမှု ဆွေးနွေးပွဲ သဘောတူညီမှုမရခဲ့တဲ့နောက်ပိုင်း စစ်ကောင်စီက နောင်ချိုမြို့ကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် နေ့စဉ်နီးပါး တိုက်ပွဲဖြစ်ပွားမှုတွေရှိနေသလို လေကြောင်းကနေလည်း ဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာလည်း ရှိပါတယ်။






Comments