နောင်ချိုမှာ တိုက်ပွဲဆက်တိုက်ဖြစ်ပွားနေ
- BVJ

- Jun 10, 2025
- 1 min read
BVJ/မိုနာ_ ဇွန် ၁၀၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ကို စစ်ကောင်စီတပ်ထိုးစစ်ဆင်လာတာကြောင့် ပိန္နဲကုန်းနဲ့ကန်ကြီးကျေးရွာကြားမှာ မနေ့က ဇွန် ၉ရက် မနက်ပိုင်းမှာ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်-TNLAက အသိပေးထုတ်ပြန်ပါတယ်။
မနေ့က မနက် ၈း၅၀အချိန်မှာတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး တိုက်ပွဲအတွင်းစစ်ကောင်စီတပ်က လက်နက်ကြီး ၂၇လုံးနဲ့ပစ်ကူတိုက်ခိုက်ပေးခဲ့ကြောင်းနဲ့ ဇွန် ၈ရက်မှာလည်း နောင်ချိုမြို့နယ်ထဲက ကျေးရွာတွေဖြစ်တဲ့ ရှောက်ခြံကျေးရွာ၊ ကန်ကြီးကျေးရွာနဲ့ လက်ပန်ကုန်းကျေးရွာတို့ကို စစ်ကောင်စီတပ်ဘက်ကနေ ထိုးစစ်ဆင်လာတာကြောင့် တိုက်ပွဲဖြစ်ပွားခဲ့သေးတယ်လို့ ဖော်ပြပါတယ်။
အဲ့ဒီတိုက်ပွဲအတွင်းမှာလည်း စစ်ကောင်စီဘက်က ဒရုန်းနဲ့ဗုံး ၁၂လုံးကြဲခဲ့သလို လက်နက်ကြီး ၁၈လုံးပစ်ကူတိုက်ခိုက်ခဲ့ကြောင်းနဲ့ ဇွန် ၇ရက်မှာလည်း TNLAတည်ရှိရာ ကန်ကြီးကျေးရွာ၊ ညောင်တောနဲ့ နောင်ချိုကြီးကျေးရွာတို့ကို ထိုးစစ်ဆင်တာကြောင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်လို့ သိရပါတယ်။
ညီနောင်မဟာမိတ်သုံးဖွဲ့အနေနဲ့ ဒီလကုန်အထိတဖက်သတ်အပစ်ရပ်ကြေညာထားပေမယ့် စစ်ကောင်စီတပ်က နောင်ချိုမြို့နယ်အတွင်း ထိုးစစ်ဆင်ခြင်း၊ စစ်အင်အား ဖြည့်တင်းခြင်း၊ ဒရုန်းနဲ့ ဗုံးကြဲချခြင်း၊ လေကြောင်း၊လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာကြောင့် ဒေသခံပြည်သူတွေအနေနဲ့လည်း စစ်ရေးသတိအမြဲရှိဖို့နဲ့ လေကြောင်းရန်ကာကွယ်ရေးနည်းလမ်းတွေကို လိုက်နာဆောင်ရွက်ကြဖို့ကိုလည်း TNLAက တိုက်တွန်းထားပါတယ်။
ငလျင်နောက်ဆက်တွဲပြန်လည်ထူထောင်ရေးနဲ့ ရွေးကောက်ပွဲအတွက်ဆိုပြီး စစ်ကောင်စီကလည်း ဒီလကုန်အထိ အပစ်ရပ်သက်တမ်းတိုးထားတာဖြစ်ပေမယ့် စစ်ကောင်စီတပ်နဲ့တော်လှန်ရေးတပ်ဖွဲ့တွေကြား နှစ်ဖက်ထိတွေ့တိုက်ပွဲတွေဟာ နေ့စဉ်နီးပါးဖြစ်နေတာဖြစ်ပါတယ်။




Comments