top of page

CCTVမှတ်တမ်းထွက်လာပေမဲ့ လုံခြုံရေးစိတ်မပူဖို့ ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကိုရှင်းလင်းခဲ့တဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့ အသိပေး

  • Writer: BVJ
    BVJ
  • May 23
  • 1 min read

စစ်ကောင်စီသတင်းစာမှာ ဗိုလ်မှူးချုပ်ချိုထွန်းအောင်နာရေး ဖော်ပြပြီး သေဆုံးမှုကိုအတည်ပြုထား


BVJ/မိုနာ_ မေ ၂၃ ၊ ၂၀၂၅



ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့ရဲ့ လုပ်ကြံရှင်းလင်းခံခဲ့ရပြီး သေဆုံးခဲ့တဲ့ ဗိုလ်မှူးချုပ်(ငြိမ်း) ချိုထွန်းအောင်ရဲ့ နာရေးကို ဒီနေ့ မေလ ၂၃ ရက်မှာ စစ်ကောင်စီလက်အောက်ခံ သတင်းစာမှာ ဖော်ပြထားပါတယ်။


ဗိုလ်မှူးချုပ် ချိုထွန်းအောင်ဟာ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် အမှတ် ၅ ရပ်ကွက် ရွှေနှင်းဆီ ၆ လမ်းမှာနေထိုင်သူတစ်ဦးဖြစ်ပြီး မြို့ပြပျောက်ကျားအဖွဲ့တစ်ခုဖြစ်တဲ့ Golden Valley Warriors က သူ့ရဲ့နေအိမ်ရှေ့မှာပဲ မနေ့ကမနက်ပိုင်းမှာပဲရှင်းလင်းခဲ့တာဖြစ်ပါတယ်။


ဗိုလ်မှူးချုပ်ချိုထွန်းအောင် ရှင်းလင်းခံရပြီးနာရီပိုင်းအတွင်းမှာပဲ ရှင်းလင်းခဲ့တဲ့CCTVမှတ်တမ်း၊ ဓါတ်ပုံတွေကို စစ်အုပ်စုဝါဒဖြန့်အုပ်စုတွေဘက်က ဖော်ပြလာကြပြီး ရှင်းလင်းခဲ့တဲ့ PDFအဖွဲ့တွေကို စစ်အုပ်စုဘက်က အင်အားအများအပြားနဲ့ ပိုက်စိပ်တိုက်ရှာဖွေနေတယ်ဆိုတဲ့ သတင်းတွေထွက်ပေါ် လာပါတယ်။


ဗိုလ်မှူးချုပ်(ငြိမ်း) ချိုထွန်းအောင်ကို ရှင်းလင်းရေးမစ်ရှင်လုပ်ခဲ့တဲ့ Golden Valley Warriors အဖွဲ့ တာဝန်ရှိသူက လက်ရှိလုံခြုံရေးနဲ့ပတ်သက်ပြီး Burma VJကို အခုလိုပြောပါတယ်။


“စိတ်ပူစရာမရှိပါဘူးခင်ဗျ။ ကျနော်တို့က cctv အောက်မှာအလုပ်လုပ်တာမို့ ဒီကောင်တွေ cctv ရမှာကို ကြိုသိထားပြီးသားဖြစ်ပါတယ်။ သူတို့ထူးတလည်ရရှိသွားတာမျိုးတော့မဟုတ်ပါဘူး။ လိုအပ်တဲ့ပြင်ဆင်မှုလဲလုပ်ပြီးသားလို့သိထားပေးပါ။ ဒီလောက်ပါပဲ မဆိုင်တဲ့ပြည်သူတွေကို ကျနော်တို့ပါဆိုပြီး လုပ်လိုက်မှာပဲကျနော်တို့ပြန်စိတ်ပူတာပါ”လို့ ပြောပါတယ်။


အငြိမ်းစားသံအမတ်ကြီး ဗိုလ်မှူးချုပ်(ငြိမ်း) ဦးချိုထွန်းအောင်ကို စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ပေးထားတာဖြစ်ပြီး စစ်ကောင်စီအတွက် အားထားရသူတစ်ဦးလည်းဖြစ်တယ်လို့ သိရပါတယ်။



စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း ဗိုလ်ချုပ်ကြီး၊ ဗိုလ်မှူးကြီးအဆင့်တွေတက်ရောက်ရတဲ့ စစ်တပ်ရဲ့အဆင့်မြင့်စစ်သင်တန်းကျောင်းဖြစ်တဲ့ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defense College-NDC) မှာ Internal Security & Counterterrorism (နိုင်ငံတော်လုံခြုံရေးနဲ့ အကြမ်းဖက်မှု တိုက်ဖျက်ရေး) ဘာသာရပ်နဲ့ နိုင်ငံတကာဆက်ဆံရေး ဆိုတဲ့ ဘာသာရပ်နှစ်ခုကို သင်ကြားပေးနေသူလည်း ဖြစ်သလို ဘရူးနိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံသံအမတ်ဟောင်း တစ်ဦးလည်းဖြစ်ပါတယ်။


စစ်ခေါင်းဆောင်ဟာ သူအားကိုးရတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အကြံဉာဏ်ကိုလဲရယူပြီး ပြည်သူ့စစ်မဟာဗျူဟာကို စစ်မှုထမ်းဟောင်းအဖွဲ့အင်အားနဲ့ လုပ်ဆောင်ပြီး အဲ့ဒီအဖွဲ့ရဲ့တိုင်းအဆင့်ခေါင်းဆောင်တွေထဲမှာ ဗိုလ်မှူးချုပ်(ငြိမ်း)ချိုထွန်းအောင်လည်း ပါဝင်တယ်လို့ Golden Valley Warriorsက ဖော်ပြပါတယ်။


ဗိုလ်မှူးချုပ်(ငြိမ်း)ချိုထွန်းအောင်ကို ရှင်းလင်းရေးမစ်ရှင်အတွက် Golden Valley Warriors အဖွဲ့က စောင့်ကြည့်အတည်ပြုလုပ်ငန်းစဉ်တွေနဲ့ အချက်အလက်စု‌ဆောင်းတာတွေအပါအဝင် လေးလကြာအချိန်ယူခဲ့ရတယ်လို့ အဖွဲ့ကသိရပါတယ်။

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page