ဒေါနတပ်ရင်းစစ်ကြောင်း-၂က သင်တန်းသားနှစ်ဦးသေဆုံးခဲ့မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ခုံရုံးဖွဲ့စစ်ဆေးနေ
- BVJ

- Aug 27
- 1 min read
ယူဂရင်း/BVJ_သြဂုတ် ၂၇၊ ၂၀၂၅

ဒေါနတပ်ရင်းစစ်ကြောင်း-၂က သင်တန်းသားနှစ်ဦးသေဆုံးခဲ့မှုအပေါ် ပြည်သူ့ကာကွယ်ရေးတပ်မတော်က ခုံရုံးဖွဲ့စစ်ဆေးနေတယ်လို့ ဒေါနတပ်ရင်းက ဒီနေ့ သြဂုတ် ၂၇ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။
ဒေါနတပ်ရင်းလက်အောက်ခံ စစ်ကြောင်း(၂)မှာ စစ်သင်တန်းတက်နေတဲ့ သင်တန်းသားရဲဘော်နှစ်ဦးဟာ ပြီးခဲ့တဲ့ ဇွန်လအတွင်းကသေဆုံးသွားတာဖြစ်ပြီး သင်တန်းတက်နေချိန်သေဆုံးတာဖြစ်တာကြောင့် ခုံရုံးဖွဲ့စစ်ဆေးနေတာဖြစ်ပါတယ်။
သေဆုံးသွားတဲ့သင်တန်းသားနှစ်ဦးဖြစ်တဲ့ ရဲဘော်ဒိုင်နိုနဲ့ရဲဘော်ဘထက်ဟာ နေမကောင်းဖြစ်နေတာကို သင်တန်းဆရာကအနားမပေးဘဲ ကိုယ်ထိလက်ရောက်ရိုက်နှက်ခံရမှုတွေကြောင့် သေဆုံးတယ်ဆိုပြီး သတင်းတွေထွက်ပေါ်လာပြီးနောက်ပိုင်းမှာ ဒီသေဆုံးမှုနဲ့ပတ်သက်ပြီး တပ်ရင်းအနေနဲ့ အချိန်မီသိရှိကိုင်တွယ်နိုင်ခြင်းမရှိခဲ့တဲ့အတွက် စိတ်မကောင်းဖြစ်ရကြောင်းနဲ့တောင်းပန်ကြောင်းကို ဒေါနတပ်ရင်းက ဇွန်လ ၂၀ရက်မှာ ထုတ်ပြန်ခဲ့ပါသေးတယ်။
သင်တန်းသားနှစ်ဦးသေဆုံးတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီး ပြည်သူကာကွယ်ရေးတပ်မတော်၊ စုံစမ်းစစ်ဆေးရေးခုံရုံးရဲ့စစ်ဆေးမှုနဲ့ တရားဥပဒေအဆုံးအဖြတ်အတိုင်းနာခံဖို့ အထူးတိုင်းစစ်ဌာနအဆင့်ဆင့်ကို တင်ပြခဲ့ပြီးဖြစ်တာကြောင့် လက်ရှိမှာတော့ တိုင်းစစ်ဌာနနဲ့သက်ဆိုင်ရာဌာနအဆင့်ဆင့်ကနေ စုံစမ်းစစ်ဆေးရေးခုံရုံးဖွဲ့ စစ်ဆေးမှုပြုလုပ်နေပြီလို့ အသိပေးလာတာဖြစ်ပါတယ်။
ဒီအမှုကို ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်စည်းကမ်း ဥပဒေတွေနဲ့အညီကိုင်တွယ်ဖြေရှင်းနေပြီး အမိန့်ချမှတ်ပြီးချိန်မှာ မိဘပြည်သူတွေကိုအသိပေးထုတ်ပြန်မယ်လို့လည်း ပြောထားပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော် ဗျူဟာ-၃၃ကွပ်ကဲမှုအောက်က ဒေါနတပ်ရင်း၊စစ်ကြောင်း (၂)ဖြစ်တဲ့ ရေးပြောက်ကြားတပ်-YGFက ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံ/ အထူးချေမှုန်းရေးသင်
တန်း အပါတ်စဉ်(၂)မှာ သင်တန်းသားနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး သင်တန်းဆရာကို ထောင်ဒဏ် တစ်နှစ်နဲ့ သင်တန်းဆရာအဖြစ်ကနေ ရာသက်ပန်ပိတ်ပင်ခဲ့ကြောင်းကိုလည်း ဗျူဟာ (၃၃) စစ်ဆင်ရေးဌာနက ဇွန် ၂၁ရက်မှာထုတ်ပြန်ခဲ့ပါသေးတယ်။
ဗျူဟာ ၃၃က ဦးဆောင်စစ်ဆေးခဲ့တဲ့ အဲ့ဒီစုံစမ်းစစ်ဆေးမှုမှာ သင်တန်းဆရာကလည်း အပြစ်ရှိကြောင်းဝန်ခံခဲ့သလို သေဆုံးသွားတဲ့သင်တန်းသားနှစ်ဦးဟာလည်း အခြေခံကျန်းမာရေးမှာ အဆုတ်အားနည်းနဲ့ချောင်းဆိုးသွေးပါရောဂါ၊ ဌက်ဖျားတွေရှိခဲ့ပေမယ့် ကောင်းမွန်စွာအနားမရဘဲ လေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့ရကြောင်းတွေ့ခဲ့ရတယ်လို့ ဖော်ပြပါတယ်။
လက်ရှိမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်က စစ်စည်းကမ်းနဲ့အညီ ခုံရုံးဖွဲ့စစ်ဆေးနေတဲ့အခြေအနေနဲ့ပတ်သက်ပြီးသိရှိနိုင်ဖို့အတွက် ဒေါနစစ်ကြောင်းကို Burma VJက ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။







Comments