ခရစ္စတယ်ပဲလေ့စ် ကွန်ဖရင့်လိဂ်ဗိုလ်စွဲတာက အင်္ဂလိပ်အသင်းတွေအပေါ် ဥရောပပြိုင်ပွဲဝင်ခွင့် ဘယ်လိုအကျိုးသက်ရောက်မှုတွေရှိလာနိုင်မလဲ
- BVJ

- 2 days ago
- 1 min read
အီးကေ/BVJ

လာမယ့်ဘောလုံးရာသီ ဥရောပပြိုင်ပွဲတွေမှာ ပရီးမီးယားလိဂ်အသင်း ကိုးသင်းအထိပါဝင်ယှဉ်ပြိုင်ခွင့်ရရှိမှာဖြစ်ပါတယ်။ ဒါဟာ ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ်အသင်း အရေအတွက်အများဆုံးပါဝင်ခွင့်ရခဲ့တဲ့ စံချိန်ဟောင်းကို ပြန်အမီလိုက်နိုင်တာဖြစ်ပါတယ်။
ခရစ္စတယ်ပဲလေ့စ်အသင်း ယူအီးအက်ဖ်အေ ကွန်ဖရင့်လိဂ် (UEFA Conference League)မှာဗိုလ်စွဲခဲ့ပြီးနောက် ပရီးမီးယားလိဂ်ကလပ် အသင်း ၉ သင်းဟာ လာမယ့်ဘောလုံးရာသီဥရောပပြိုင်ပွဲတွေမှာ ဝင်ရောက်ယှဥ်ပြိုင်ခွင့်ရရှိသွားပါတယ်။
လိုင်ပဇစ်မြို့ရှိ ရက်ဘူးလ် အာရီနာ (Red Bull Arena)ကွင်းမှာကျင်းပခဲ့တဲ့ ဗိုလ်လုပွဲမှာ နည်းပြ အိုလီဗာလက်စ်နာရဲ့ ခရစ်စတယ်ပဲလေ့စ်အသင်းက စပိန် လာလီဂါကလပ် ရာယို ဗယ်လာကာနိုအသင်းကို ၁-၀ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။ကွန်ဖရင့်လိဂ်ပြိုင်ပွဲ သက်တမ်းငါးနှစ်အတွင်းမှာ ဝက်စ်ဟမ်းယူနိုက်တက်က (၂၀၂၃)၊ ချယ်လ်ဆီးက (၂၀၂၅)တို့ချန်ပီယံဖြစ်ပြီးနောက် ပဲလေ့စ်အသင်းဟာ ကွန်ဖရန့်ဖိလ်ဖလား ဆွတ်ခူးနိုင်ခဲ့တဲ့ တတိယမြောက် အင်္ဂလန်ကလပ်ဖြစ်လာခဲ့ပါတယ်။
ခရစ်စတယ်ပဲလေ့စ်အသင်း အခုလိုအောင်မြင်မှုရရှိခဲ့တာကြောင့် ၂၀၂၆/၂၇ ရာသီ ယူအီးအက်ဖ်အေ ယူရိုပါလိဂ် (UEFA Europa League)ပြိုင်ပွဲကို ခြေစစ်ပွဲဝင်စရာမလိုဘဲ တိုက်ရိုက်ဝင်ခွင့်ရရှိသွားပြီဖြစ်ပါတယ်။

ပဲလေ့စ်အသင်း ဒီပြိုင်ပွဲဝင်ခွင့်ရရှိသွားတာက အခြားဘယ်ပရီးမီးယားလိဂ်ကလပ်အသင်းကိုမှ သက်ရောက်မှုမရှိစေပါဘူး။ဒါ့ပြင် လာမယ့်ဘောလုံးရာသီ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ပရီးမီးယားလိဂ်အဆင့်(၆)နဲ့အဆင့် (၇)အသီးသီးရရှိကာ အရည်အချင်းစစ်ပွဲအောင်မြင်ခဲ့တဲ့ ဘုန်းမောက်၊ ဆန်းဒါးလန်းတို့နဲ့အတူ တတိယမြောက် အင်္ဂလန်အသင်းအဖြစ်ပါဝင်ခွင့်ရရှိမှာဖြစ်ပါတယ်။ပရီးမီးယားလိဂ် အဆင့်(၈)နေရာရရှိခဲ့တဲ့ ဘရိုက်တန်အသင်းကတော့ ကွန်ဖရင့်လိဂ်ပြိုင်ပွဲ ပါဝင်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
ပရီးမီးယားလိဂ် ထိပ်ဆုံးလေးသင်း အာဆင်နယ်၊ မန်ချက်စတာစီးတီး၊ မန်ချက်စတာယူနိုက်တက်နဲ့ အက်စတွန်ဗီလာတို့ဟာ ဥရောပစွမ်းဆောင်ရည် အဆင့်သတ်မှတ်ချက် (EPS)အရ အဆင့်(၅)နေရာရရှိခဲ့တဲ့ လီဗာပူးအသင်းနဲ့အတူ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ် (UEFA Champions League)မှာပါဝင်ယှဉ်ပြိုင်ခွင့်ရရှိကြမှာဖြစ်ပါတယ်။

ပဲလေ့စ်အသင်းဟာ ပရီးမီးယားလိဂ်မှာ အဆင့် (၁၅)နေရာမှာသာရပ်တည်နိုင်ခဲ့ပြီး ထိပ်ဆုံးရှစ်သင်းစာရင်းမဝင်ခဲ့ပေမယ့် ကွန်ဖရင့်လိဂ်ဖလားဆွတ်ခူးနိုင်တာကြောင့် ဥရောပပြိုင်ပွဲတိုက်ရိုက်ပြန်လည်ဝင်ရောက်ယှဥ်ပြိုင်ခွင့် ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် ပရီးမီးယားလိဂ်ဟာ ၂၀၂၅/၂၆ ရာသီကအတိုင်း ဥရောပပြိုင်ပွဲတွေမှာ အင်္ဂလန်ကလပ် ကိုးသင်းအထိပါဝင်ခွင့်ရရှိပြီး သူတို့ရဲ့ကိုယ်ပိုင်စံချိန်ကို ထပ်မံအမီလိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ပြီးခဲ့တဲ့ ၂၀၂၅/၂၆ ဘောလုံးရာသီနဲ့နှိုင်းယှဉ်လိုက်ရင် ၂၀၂၆/၂၇ ရာသီမှာဝင်ပြိုင်မယ့်ကလပ်အသင်း ကိုးသင်းထဲက လေးသင်းအပြောင်းအလဲရှိခဲ့ပြီး ချယ်လ်ဆီး၊ နယူးကာဆယ်ယူနိုက်တက်၊ နော့တင်ဟမ်ဖောရက်စ်နဲ့ တော့တင်ဟမ်ဟော့စပါးတို့နေရာမှာ ဘုန်းမောက်၊ ဘရိုက်တန်၊ မန်ချက်စတာယူနိုက်တက်နဲ့ ဆန်းဒါးလန်းအသင်းတို့ အစားထိုးဝင်ရောက်လာခဲ့ကြပါတယ်။



Comments