ချင်းတပ်ဖွဲ့တွေအားလုံး အမိန့်ပေးကွပ်ကွဲမှုတစ်ခုထဲအောက်ရှိဖို့ ချင်းပြည်အစိုးရကြိုးပမ်းနေ

မိုနာ/BVJ_သြဂုတ် ၂၈၊ ၂၀၂၆

လက်ရှိချင်းဒေသတွင်းမှာ အာဏာသိမ်းစစ်တပ်ကိုတော်လှန်တိုက်ခိုက်နေကြတဲ့တော်လှန်ရေးတပ်ဖွဲ့တွေဖြစ်တဲ့ ချင်းအမျိုးသားတပ်မတော်(CNA)နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ CDFတွေအကြား အရပ်သားအစိုးရရဲ့ကြီးကြပ်မှုတခုထဲအောက်မှာရှိဖို့ ချင်းပြည်(Chinland)အစိုးရအဖွဲ့အနေနဲ့ကြိုးပမ်းနေကြောင်းတာဝန်ရှိသူတွေက ပြောပါတယ်။
ဒီနေ့ သြဂုတ် ၂၈ရက်နေ့ကပြုလုပ်တဲ့ ချင်းပြည်(Chinland)တည်ဆောက်ခြင်း သတင်းစာရှင်းလင်းပွဲမှာ လက်ရှိချင်းဒေသတွင်းတော်လှန်ရေးတပ်ဖွဲ့တွေ စုစည်းညီညွတ်မှုနဲ့ပတ်သက်ပြီးမီဒီယာတွေရဲ့မေးမြန်းတာကို ချင်းပြည်ကောင်စီ အတွင်းရေးမှူး Salai Kep Chin Thangက အခုလိုပြောသွားပါတယ်။
"အရပ်သားအစိုးရရဲ့ကွပ်ကဲမှုအောက်မှာ ကာကွယ်ရေးတပ်ဖွဲ့တွေအားလုံးထားရှိရေးဆိုတာ ချင်းပြည်အစိုးရဖွဲ့စည်းပုံထဲမှာရှိပြီးသားဖြစ်တယ်။ အခြေခံမူထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနရဲ့တိုက်ရိုက်ကွပ်ကဲမှုအောက်မှာ CNAနဲ့CDFတွေအကုန်လုံးရှိမယ်ဆိုတာပါတယ်။ အဲ့ဒီမူဝါဒအတိုင်းပဲ ကာကွယ်ရေးဝန်ကြီးဌာနကတဆင့်ချင်းဖော်ဆောင်နေတဲ့ဟာဖြစ်ပါတယ်"လို့ပြောပါတယ်။

ဒီလုပ်ငန်းစဉ်ဟာ ချင်းပြည်အစိုးရအောက်က ကာကွယ်ရေးဝန်ကြီးဌာနရဲ့လုပ်ငန်းစဉ်ထဲမှာပါဝင်တဲ့ အရေးကြီးတဲ့ကြိုးပမ်းမှုဖြစ်ကြောင်းကိုလည်း ချင်းပြည်တည်ဆောက်ခြင်းအစီရင်ခံစာမှာ ထည့်သွင်းဖော်ပြထားပါတယ်။
အမိန့်ပေးစီးဆင်းမှုစနစ်တခုအောက်မှာ CNAနဲ့CDFတွေစုစည်းနိုင်ရေးအတွက် ချင်းပြည်အစိုးရတပ်ဖွဲ့ ဖွဲ့စည်းမှုလုပ်ငန်းစဉ်ကိုဆောင်ရွက်နေပြီး တသီးခြားစီဖြစ်နေတဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေကို အရပ်သားအစိုးရရဲ့ကြီးကြပ်ကွပ်ကဲမှုအောက်မှာ တစုတစည်းထဲထားနိုင်ရေးဟာ အရေးကြီးတဲ့ကြိုးပမ်းမှုဖြစ်တယ်လို့ ဖော်ပြပါတယ်။

ချင်းပြည်အစိုးရစတင်ဖွဲ့စည်းချိန်ကစပြီး ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ CNAနဲ့CDFတွေအကြား ပူးတွဲစစ်ဆင်ရေးတွေဖော်ဆောင်နိုင်ဖို့ ညှိနှိုင်းဆောင်ရွက်ခဲ့ပြီး ၂၀၂၅၊အောက်တိုဘာလမှာ ကာကွယ်ရေးပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်းနဲ့ အဲ့ဒီအဖွဲ့မှာ CNAနဲ့ CDFကထိပ်ပိုင်းအရာရှိတပ်မှူးတွေပါဝင်တယ်လို့ သိရပါတယ်။
ချင်းပြည်နယ်တွင်း အာဏာသိမ်းစစ်တပ်ကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးတပ်ဖွဲ့အချင်းချင်းပေါင်းစည်းညီညွတ်မှုမရှိကြသလို တခါတရံမှာ အချင်းချင်းပစ်ခတ်တိုက်ခိုက်မှုတွေရှိနေတာကြောင့်လည်း တပ်ဖွဲ့တွေညီညွတ်မှုကို ချင်းလူထုကလိုလားနေကြတာဖြစ်ပါတယ်။




Comments