ချောင်းဦးဗုံးကြဲခံရမှုအတွင်းထိခိုက်ဒဏ်ရာရထားသူတွေ ဆေးကုသဖို့အခက်အခဲဖြစ်နေ
- BVJ

- Oct 8
- 1 min read
အသက်အန္တရာယ်စိုးရိမ်ရသူ ၁၀ ဦးအထိရှိနေ
BVJ/ဂျိုး_အောက်တိုဘာ ၈၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ မုံရွာနဲ့ချောင်းဦးနယ် ဘုံတိုကျေးရွာကို အခု အောက်တိုဘာလ ၆ရက် သီတင်းကျွတ်လပြည့်နေ့ညမှာ စစ်ကောင်စီက စက်တပ်လေထီးနဲ့ဗုံးလာကြဲခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင်အရပ်သား ၂၀ကျော်သေဆုံးခဲ့ပြီး ၄၀ ထက်မနည်းထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
လက်ရှိမှာတော့ ဒဏ်ရာရရှိထားတဲ့ဒေသခံ အယောက် ၄၀ ထဲမှာ အသက်အန္တရာယ်စိုးရိမ်ရသူ ၁၀ ဦးထက်မနည်းရှိနေပြီး သူတို့တွေကိုဆေးကုသဖို့အခက်အခဲတွေရှိနေတယ်လို့ အဲဒီနေရာမှာရှိနေတဲ့ တော်လှန်ရေး ရဲဘော်တစ်ဦးက Burma VJကိုပြောပါတယ်။
“လူနာတွေကတော့လက်ရှိကုသနေဆဲ။ ဒါပေမယ့် ဒီမှာကအရေးကြီးတဲ့ဆေးဝါးတွေ ပြတ်လပ် နေတယ်။ သွေးတိတ်ဆေးလိုဟာမျိုး အဓိကတော့ခွဲစိတ်ခန်းသုံးဆေးဝါးတွေလိုအပ်နေတယ်။ အသက်အန္တရာယ်စိုးရိမ်ရတာကတော့ ၁၀ယောက်လောက်ရှိသေးတယ်”
စစ်အုပ်စုက စက်တပ်လေထီးပါရာမော်တာနဲ့ ပွဲခင်းတည့်တည့်ကို ၁၂၀မမဗုံး နှစ်လုံးကြဲချခဲ့တာကြောင့် ပွဲချင်းပြီးသေဆုံးသူတွေများပြားပြီး ထိခိုက်ဒဏ်ရာရသူတွေ လည်းများပြားခဲ့တာဖြစ်ပါတယ်။ သေဆုံးသူတွေထဲမှာ မုံရွာ-အမြင့်လမ်းသပိတ်ဦး ဆောင်ကော်မတီက လူငယ်ခေါင်းဆောင်တွေလည်းပါဝင်ခဲ့ပါတယ်။
သပိတ်ခေါင်းဆောင်လူငယ်တွေ သေဆုံးသွားတာနဲ့ပတ်သက်ပြီး အထွေထွေသပိတ် ပေါင်းစည်းညှိနှိုင်းရေးအင်အားစု၊ တကသကျောင်းသားဟောင်းများအင်အားစု၊ မုံရွာစီးပွားတက္ကသိုလ် ကျောင်းသားသမဂ္ဂ၊ စစ်ကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော် တို့အပါအဝင် တခြားသပိတ်ခေါင်းဆောင်တွေကလည်း သေဆုံးသူတွေနဲ့ပတ်သက်ပြီး ဝမ်းနည်းကြောင်းနဲ့အမိန့်ပြန်တမ်းတွေ ထုတ်ပြန်ထားကြပါတယ်။

စစ်ကောင်စီအနေနဲ့ တိုင်းနဲ့ပြည်နယ်အနှံ့ကအရပ်သားတွေကို အခုလိုဦးတည်တိုက်ခိုက်နေတာဟာ အာဏာသိမ်းပြီးကတည်းကဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီကိုအမြစ်ဖြတ်ဖို့ တော်လှန်ရေး အင်အားစုတွေစည်းလုံးမှရမယ်လို့လည်း ချောင်းဦးဒေသက တော်လှန်ရေးရဲဘော်တစ်ဦး ကပြောပါတယ်။
“ရန်သူကတော့ ရန်သူအလုပ်ကိုလုပ်တာ။ ကျနော်တို့တော်လှန်ရေးသမားတွေ အကုန်လုံးကတော့ ညီညီညွတ်ညွတ်ရှိနေဖို့လိုတယ်။ ညီညွတ်ရမယ့်အချိန်လည်းရောက်နေပြီပေါ့”
NUGပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကတော့ ဘုံတိုကျေးရွာဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်းမှာ ကလေးငယ်တွေအပါအဝင် ပြည်သူ (၂၄)ဦးသေဆုံးခဲ့ပြီး (၄၀)ဦးကျော်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သူ့ရဲ့ Facebook လူမှုကွန်ယက်မှာ ဖော်ပြထားပါတယ်။







Comments