ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသား ၇၀ ကျော်သေဆုံးပြီး နိုင်ကျဉ်း ၄၉ ဦးပါဝင်
- BVJ

- Jun 7
- 1 min read
BVJ/ဇော်_ ဇွန် ၇ ၊ ၂၀၂၅

မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ငလျင်ကြောင့် မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ သေဆုံးခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားအကျဉ်းသူ ၄၉ ဦးရဲ့စာရင်းကို မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က ဒီနေ့ ဇွန်လ ၇ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ငလျင်ဒဏ်ကြောင့် အိုးဘိုအကျဉ်းထောင်မှာ အကျဉ်းသားအကျဉ်းသူ ၇၀ ဦးကျော်သေဆုံးပြီး ငလျင်လှုပ်ခတ်နေချိန် အဆောင်တံခါးတွေကို ပိတ်ထားတာကြောင့် အဆောင်ပြိုကျမှုဖြစ်ပွားခဲ့ပြီး သေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရရှိမှု များပြားခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
“နိုင်ငံရေးအကျဉ်းသား အကျဉ်းသူတွေ ထိခိုက်မှုကတော့ ရာဂဏန်းလာက်ရှိခဲ့တယ်။ အနည်းဆုံးနှစ်ရာကျော်တယ်။ အဲ့ထဲမှာ မတ်လ ၂၈ ရက်နေ့ကတည်းကဖြစ်ခဲ့ပေမဲ့ ပြင်ပဆးရုံမှာ ကုသခွင့်မရတာတွေ လုံလောက်တဲ့ဆေးဝါးကုသခွင့်မရတာတွေကြောင့် ခြေဖြတ်လက်ဖြတ်လိုက်ရတဲ့သူတွေလည်း အခုချိန်ထိရှိနေပါသေးတယ်။ အခုချိန်ထိ ဆေးဝါးကုသမှုလိုအပ်နေတဲ့သူတွေ အများကြီးရှိနေသေးတယ်ဆိုတာကို မိဘပြည်သူလူထုကို သိစေချင်တယ်”လို့ PPNM မှ တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကို ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် အကျဉ်းထောင်အတွင်း သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ကောင်စီက ထုတ်ပြန်မှုမရှိဘဲ သတင်းအမှောင်ချထားခဲ့တာကြောင့် နိုင်ငံရေးအကျဉ်းသားအကျဉ်းသူတွေရဲ့ သေဆုံးမှုကို မိသားစုဝင်တွေက မသိရှိရဘဲ အခုချိန်ထိ ရက်လည်ဆွမ်းမပြုလုပ်ရသေးတဲ့သူတွေ အများကြီး ရှိနေသေးတယ်လို့လည်း သိရပါတယ်။
“ဒီတစ်ခေါက် ငလျင်နဲ့ပတ်သက်ပြီးမှ သူတို့ဘက်ကလည်း ရေငုံနှုတ်ပိတ်နေသလို ကျွန်တော်တို့ရဲ့ထုတ်ပြန်ချက်တွေမှာပေါ်မှာလည်း ငြင်းဆန်တာမျိုး မတွေ့ရဘူး။ ကျွန်တော်တို့ရဲ့ စုံစမ်းဖော်ထုတ်မှုကို လနဲ့ချီ အနည်းဆုံး ၂ လဝန်းကျင်လောက်အထိ အချိန်ယူပြီးမှ လုပ်ခဲ့တဲ့အတွက် ၄၉ ဦးလောက်အထိကို နာမည်နဲ့တကွ ထုတ်ပြန်နိုင်ခဲ့တာဖြစ်ပါတယ်။ ကျွန်တော်တို့ပြောတဲ့အရေအတွက်ဟာ မြေပြင်ထက်တောင် နည်းနေသေးတဲ့အခြေအနေဖြစ်နေလို့ ထွက်မရှင်းသေးတာမျိုးလို့ ကျွန်တော်တို့ကတော့ ယူဆပါတယ်” လို့ ကိုသိုက်ထွန်းဦး ဆက်ပြောပါတယ်။
အိုးဘိုအကျဉ်းထောင် အဆောင်တွေထဲမှာ အကျဉ်းသား၊ အကျဉ်းသူတွေအများအပြား နေထိုင်နေရတာကြောင့် ငလျင်ထပ်မံလှုပ်ခတ်လာမှာကို စိုးရိမ်မှုတွေလည်း ရှိနေကြပါတယ်။ ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင်အတွင်း နိုင်ငံရေးအကျဉ်းသားများအပါအဝင် အကျဉ်းသူအကျဉ်းသား ၇၀ ကျော် သေဆုံးခဲ့ပြီး နိုင်ကျဉ်း ၄၉ ဦးရဲ့အချက်အလက်တွေကို PPNM က ထုတ်ပြန်ထားပေမဲ့ စစ်ကောင်စီဘက်ကတော့ အခုချိန်ထိ တုံ့ပြန်ဖြေရှင်းတာမျိုး မရှိသေးပါဘူး။







Comments