နှစ်နိုင်ငံနယ်စပ်အငြင်းပွားမှုကနေ လူမျိုးရေးမုန်းတီးမှုထိဖြစ်လာအောင် မလှုံ့ဆော်ကြဖို့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန် တိုက်တွန်း
- BVJ

- Jun 8, 2025
- 1 min read
BVJ/Moore _ ဇွန် ၈ ၊ ၂၀၂၅

ထိုင်း-ကမ္ဘောဒီးယား နှစ်နိုင်ငံနယ်စပ် နယ်မြေအငြင်းပွားမှုဖြစ်ပေါ်နေချိန် လူမျိုးရေးအမုန်းတရားတွေဖြစ်လာအောင် မလှုံ့ဆော်ကြဖို့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း၊ လက်ရှိကမ္ဘောဒီးယားလွှတ်တော်ဥက္ကဌ ဟွန်ဆန်က သူ့ရဲ့လူမှုကွန်ရက်မှာ မနေ့ညပိုင်းက တိုက်တွန်းသတိပေးရေးသားခဲ့ပါတယ်။
ကမ္ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင် Duong Chhay က ထိုင်းထုတ်ကုန်တွေကို သပိတ်မှောက်ဖို့ လူမှုကွန်ရက်မှာ ရေးသားခဲ့ပြီးနောက် လူမျိုးရေးအမုန်းတရားတွေ မဖန်တီးဖို့ ဟွန်ဆန်ရဲ့သတိပေးမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
“ထိုင်းနိုင်ငံထုတ်ကုန်တွေကို မသုံးစွဲဖို့ Duong Chhay ရေးထားတဲ့ပို့စ်ကို ကျွန်တော် မနေ့ အစောပိုင်းမှာ တွေ့လိုက်ပါတယ်။ ဝန်ကြီးချုပ် ဟွန်မာနက်ရော ကျွန်တော်ပါ ထပ်လော င်းမေတ္တာရပ်ခံပါတယ်။ နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုတွေဖြစ်နေချိန် လူမျိုးရေးအမုန်းလို တခြားကိစ္စတစ်ခုကို ထပ်ပြီးမပျံ့နှံ့စေချင်ပါဘူး”လို့ ဟွန်ဆန်က ပြောပါတယ်။
မနေ့ ဇွန် ၇ ရက်ကလည်း နှစ်နိုင်ငံနယ်စပ်ဖြတ်သန်းဂိတ်တစ်ခုဖြစ်တဲ့ ပွိုင့်ပက်ဂိတ်ကို ထိုင်းဘက်က သတ်မှတ်ချိန်ထက်စောပြီးပိတ်ခဲ့တာကြောင့် ဒီလုပ်ဆောင်မှုနဲ့ပတ်သက်ပြီး ထိုင်းဘက်က အပြည့်အဝ တာဝန်ယူရမယ်လို့လည်း ဟွန်ဆန်က ရေးသားထားပါတယ်။ ကမ္ဘောဒီးယားနိုင်ငံသားတွေအနေနဲ့ တတ်နိုင်သမျှ ပြဿနာဖြစ်ပွားမှုတွေကို ရှောင်ရှားပြီး တည်တည်ငြိမ်ငြိမ်နဲ့ ဖြေရှင်းနိုင်ဖို့ အရေးကြီးတယ်လို့ ဆိုပါတယ်။
“ကျွန်တော့်အနေနဲ့ ထိုင်း-ကမ္ဘောဒီးယားနှစ်နိုင်ငံပြည်သူတွေကို အသိပေးလိုပါတယ်။ တကယ်လို့ ကမ္ဘောဒီးယားဈေးကွက်ထဲမှာ ထိုင်းထုတ်ကုန်တွေမရှိဘူးဆိုရင် ဒါက ကမ္ဘောဒီးပြည်သူတွေ သပိတ်မှောက်လို့မဟုတ်ပါဘူး။ နယ်စပ်ဂိတ်တွေကို ပိတ်လိုက်တဲ့အကျိုးဆက်ကြောင့်ဖြစ်တာပါ။ နှစ်ဖက်ပြည်သူတွေ ပိတ်မိနေရင် သူတို့ရဲ့ကုန်ပစ္စည်းတွေလည်း ပိတ်မိနေမှာပါပဲ” လို့ ဟွန်ဆန်က ပြော ပါတယ်။
ထိုင်းထုတ်ကုန်တွေ ကမ္ဘောဒီးယားနိုင်ငံ မဝင်လာတော့ဘူးဆိုရင် ထိုင်းပြည်သူတွေအနေနဲ့ သူတို့အစိုးရနဲ့ တိုက်ရိုက်ဖြေရှင်းသင့်ပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ကမ္ဘောဒီးယားအစိုးရကို အပြစ်မတင်ပါနဲ့လို့ ဟွန်ဆန်က ဆိုပါတယ်။
ထိုင်းဘက်ကနေ နယ်စပ်ဂိတ်တွေကိုပိတ်ဖို့ ဆုံးဖြတ်ချက် အကျိုးဆက်ကြောင့်သာဖြစ်တယ်လို့လည်း ထပ်ဖြည့်ပြောပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်နိုင်ငံပို့ကုန်သွင်းကုန်စာရင်းများအရ ကမ္ဘောဒီးယားက ထိုင်းနိုင်ငံဘက်ကို ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၁ သန်းကျော်သာ တင်ပို့နိုင်ခဲ့ပြီး ထိုင်းဘက်က ကမ္ဘောဒီးယားနိုင်ငံထဲကို တင်ပို့ကုန် အမေရိကန်ဒေါ်လာ ၄ ဒသမ ၁ သန်းဖိုးအထိရှိခဲ့တယ်လို့ သိရပါတယ်။
Ref: Khmer Times



Comments