ထိုင်း-ကမ္ဘောဒီးယားနယ်စပ်အငြင်းပွားမှု ပိုမိုပြင်းထန်လာပါက အထူးစစ်ဆင်ရေးလုပ်ဆောင်ဖို့ ထိုင်းစစ်တပ် ပြင်ဆင်ထား
- BVJ

- Jun 6, 2025
- 1 min read
Updated: Jun 7, 2025
BVJ/Moore _ ဇွန် ၆ ၊ ၂၀၂၅

နိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိပါးလာပါက “အထူးစစ်ဆင်ရေး” လုပ်ဆောင်ဖို့ အဆင်သင့်ရှိနေတယ်လို့ ထိုင်းစစ်တပ်က ထုတ်ဖော်ပြောဆိုလာပါတယ်။ ဒါဟာ နှစ်နိုင်ငံနယ်စပ် နယ်မြေအငြင်းပွားမှုနဲ့ပတ်သက်ပြီး တင်းမာမှုမြင့်တက်နေချိန် ထိုင်းစစ်တပ်က ပြင်းထန်တဲ့ အသုံးအနှုန်းကို စတင်သုံးစွဲလာတာလည်း ဖြစ်ပါတယ်။
နှစ်နိုင်ငံ နယ်စပ်အငြင်းပွားမှုအခြေအနေနဲ့ပတ်သက်ပြီး ထိုင်းအစိုးရက သံတမန်ရေးဆိုင်ရာ ကြိုးပမ်းမှုတွေ လုပ်ဆောင်နေချိန် နယ်စပ်တစ်လျှောက် ကမ္ဘောဒီးယားစစ်တပ်က စစ်ရေးပြင်ဆင်မှုတွေ လုပ်ဆောင်တာကို စစ်ဘက်ထောက်လှမ်းရေးအချက်အလက်တွေအရ သိရှိရကြောင်း ထိုင်းစစ်တပ်က မနေ့ ဇွန် ၅ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ “စိုးရိမ်စရာ” အခြေအနေတစ်ခုဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
“နယ်မြေအချုပ်အခြာကို ထိပါးလာမယ်ဆိုရင် လက်တုံ့ပြန်ဖို့လိုအပ်ပါက စစ်တပ်အနေနဲ့ အထူးစစ်ဆင်ရေးလုပ်ဆောင်ဖို့ အဆင်သင့်ရှိနေပါတယ်”လို့ ဒီနေ့ ဇွန် ၆ ရက်မနက်ပိုင်း နယ်စပ်ရေးရာကိစ္စ အစည်းအဝေးမှာ ထိုင်းစစ်တပ်ထိပ်တန်းခေါင်းဆောင်တွေက ထည့်သွင်းပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်း=ကမ္ဘောဒီးယား အငြင်းပွားမှုဖြစ်နေတဲ့ နယ်စပ်အခြေအနေကို ဂရုတစိုက်ကိုင်တွယ်သွားဖို့လိုအပ်ပြီး နစ်နာဆုံးရှုံးမှုတွေမဖြစ်ပေါ်အောင် မြေပြင်အခြေအနေကို သေချာနားလည်ထားဖို့ လိုအပ်တယ်လို့လည်း ထိုင်းဝန်ကြီးချုပ် ပေထုန်တန်ရှင်နာဝပ်က ပြောပါတယ်။ ဒါပေမဲ့ နယ်မြေအချုပ်အခြာကို ထိပါးလာမယ်ဆိုရင် အပြည့်အဝကာကွယ်သွားဖို့ အသင့်ရှိနေရမယ်လို့ ဆိုပါတယ်။
ကမ္ဘောဒီးယားနယ်စပ်အရေးနဲ့ပတ်သက်ပြီး ထိုင်းအမျိုးသားလုံခြုံရေးကောင်စီနဲ့ ထိုင်းဝန်ကြီးချုပ်တို့ ၂ နာရီကြာ တွေ့ဆုံဆွေးနွေးခဲ့ပါသေးတယ်။ အစိုးရရဲ့ ငြိမ်းချမ်းစွာဖြေရှင်းရေး ချဉ်းကပ်မှုကို ထိုင်းစစ်တပ်အနေနဲ့ ထောက်ခံတယ်လို့ စစ်တပ်ခေါင်းဆောင်အကြီးအကဲတစ်ဦးလည်း ပြောပါတယ်။
ထိုင်းစစ်တပ်ရဲ့ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ကမ္ဘောဒီးယားအစိုးရကတော့ တစုံတရာတုံ့ပြန်ပြောဆိုတာမျိုး မရှိသေးပါဘူး။ ပြီးခဲ့တဲ့ မေ ၂၈ ရက်ကဖြစ်ပွားခဲ့တဲ့ နှစ်နိုင်ငံနယ်စပ်အနီး ကမ္ဘောဒီးယားစစ်သားတစ်ဦးကို ထိုင်းဘက်က ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံအစိုးရတာဝန်ရှိသူတွေက နယ်စပ်အငြင်းပွားမှုအခြေအနေနဲ့ပတ်သက်ပြီး သတိထားချဉ်းကပ်ပြောဆိုမှုတွေလည်း ရှိနေတာ ဖြစ်ပါတယ်။


Comments