ထားဝယ်ခရိုင်ထဲက စစ်ကောင်စီ ပွိုင့် ၂၅၆၆ တပ်စခန်းကို KNLA ပူးပေါင်းတပ်တွေ သိမ်းယူ
- BVJ

- Jun 10
- 1 min read
BVJ/ထက်အောင် _ ဇွန် ၁၀ ၊ ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထီးခီးဒေသ ထိုင်း-မြန်မာနယ်စပ်အနီးမှာရှိတဲ့ စစ်ကောင်စီလက်ကျန်တပ်စခန်းတစ်ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေက ဒီနေ့ ဇွန် ၁၀ ရက်မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က ထုတ်ပြန်လာပါတယ်။
KNU တပ်မဟာ ၄ နယ်မြေ မြိတ်-ထားဝယ်ခရိုင်မှာကျန်ရှိနေတဲ့ စစ်ကောင်စီ အမှတ် ၂၅ ခြေလျင်တပ်ရင်းစခန်း ပွိုင့် ၂၅၆၆ ကို KNLA ပူးပေါင်းတပ်တွေက အခု ဇွန် ၈ ရက်နေ့မှာ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး ဒီနေ့ ဇွန် ၁၀ ရက် နေ့လည်ပိုင်းမှာ အပြီးသတ်သိမ်းယူနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။
ခလရ ၂၅ တပ်စခန်းဖြစ်တဲ့ အမိုနယ်စပ် - ပွိုင့် ၂၅၆၆ မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား ၆၀ ဝန်းကျင်ရှိပြီး တပ်မဟာ ၄ နယ်မြေ ထီးခီးဒေသထဲမှာကျန်ရှိတဲ့ စစ်ကောင်စီတပ်စခန်း ၂ ထဲက တစ်ခုလည်းဖြစ်တယ်လို့ Karen Information Center ကလည်း ဖော်ပြထားပါတယ်။ KNLA ပူးပေါင်းတပ်တွေရဲ့ ထိုးစစ်ဆင်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြားဟာ စခန်းစွန့်ခွာထွက်ပြေးသွားတယ်လို့လည်း သိရပါတယ်။
ပွိုင့် ၂၅၆၆ တပ်စခန်းဟာ ၁၉၉၇ ခုနှစ် နှစ်ကုန်ပိုင်းကတည်းက အခြေစိုက်တပ်စွဲထားတာဖြစ်ပြီး အဲဒီတပ်စခန်းကို KNLA ၊ ကရင်အမျိုးကာကွယ်ရေးတပ်မတော် (KNDO) တပ်ရင်း ၇၊ တပ်မဟာဒရုန်းတပ်ဖွဲ့ (KDSF) ၊ ထီးမိုပွာဒေသမှာရှိတဲ့ သစ်တောဌာန၊ KNPF ၊ လုံခြုံရေးတပ်ဖွဲ့၊ အမျိုးသမီးအစည်းအရုံးနဲ့ မဟာမိတ်တပ်တွေဖြစ်တဲ့ TPLF နဲ့ Force for Federal Democracy – FFD တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက် သိမ်းယူနိုင်ခဲ့ကြတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ မေလ ၉ ရက်ကလည်း ထားဝယ်ခရိုင် ထိုင်း-မြန်မာနယ်စပ်မျဉ်းအနီးမှာရှိတဲ့ စစ်ကောင်စီ ထီးခီးတပ်စခန်းကို KNLA ပူးပေါင်းတပ်တွေက သိမ်းယူနိုင်ခဲ့သလို ဧပြီ ၂၀ ရက်ကလည်း ထီးထဗျူဟာစခန်းကို သိမ်းယူထားနိုင်ခဲ့ပြီး လက်ကျန်တပ်စခန်းဖြစ်တဲ့ ပွိင့် ၂၅၆၆ ကို ဒီနေ့မှာ ထပ်မံသိမ်းယူခဲ့တာလည်း ဖြစ်ပါတယ်။






Comments