ရေဖြူမြို့နယ်မှာ နယ်မြေရှင်းလင်းရေးထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းနဲ့ မွန်ပူးပေါင်းတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်
- BVJ

- Jun 5
- 1 min read
BVJ/ဇော် - ဇွန် ၅ ၊ ၂၀၂၅

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်တွင်း နယ်မြေရှင်းလင်းရေးထွက်လာတဲ့ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးပူးပေါင်းတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၆) ဦးထက်မနည်းသေဆုံးခဲ့ပြီး (၁၃) ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) က ဒီနေ့ ဇွန်လ ၅ ရက်နေ့မှာ ထုတ်ပြန်လာပါတယ်။
ဇွန်လ ၂ ရက်နေ့ မနက် ၈ နာရီခန့်မှာ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စု ဆင်စွယ်ကျေးရွာမှာ အခြေချထားတဲ့ စစ်ကောင်စီစခန်းကို တိုက်ခိုက်ဖို့သွားတဲ့ တော်လှန်ရေးပူးပေါင်းတပ်နဲ့ နယ်မြေရှင်းလင်းရေးထွက်လာတဲ့ စစ်ကောင်စီတပ်တို့ မိနစ်သုံးဆယ်ခန့် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
“ထိတွေ့တိုက်ပွဲမှာ လက်နက်သိမ်းဆည်းရမှုတော့ မရှိပါဘူး။ စစ်ကောင်စီတပ်ရဲ့ အသေအကျေစာရင်းနဲ့ ဒဏ်ရာရစာရင်းကတော့ ပြည်သူတွေရဲ့ သတင်းပေးချက်အရပဲ ထုတ်ပြန်တာဖြစ်ပါတယ်။ အတည်ပြုပေးနိုင်မှုတော့မရှိပါဘူး။ ကံပေါက်အခြေစိုက် ခလရ - ၂၇၃ နဲ့ ပျူစောထီး၊ ပြည်သူ့စစ်တွေ ပေါင်းပြီး အခြေစိုက်ထားတဲ့ ဆင်စွယ်ရွာစခန်းမှာ အားလုံးပေါင်း အင်အား ၈၀၊ ၁၀၀ ဝန်းကျင်ရှိတယ်လို့ ကြားရတယ်။ ကျွန်တော်တို့ ထိတွေ့တိုက်ပွဲဖြစ်တာတော့ နယ်မြေရှင်းလင်းရေးထွက်လာတဲ့ အင်အား ၃၀ ဝန်းကျင် တပ်စုတစ်စုနဲ့ ရင်ဆိုင်တိုက်ပွဲဖြစ်တာပါ”လို့ MSRG ပြောရေးဆိုခွင့်ရှိသူ နာဲနဂါးက Burma VJ ကို ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကောင်စီစခန်းဘက်ကို မွန်ပြည်တော်လှန်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တို့က ၆၀ မမ လက်နက်ကြီးနဲ့ ၅ ကြိမ်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးအင်အားစုတို့ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့လည်း သိရပါတယ်။
“တိုက်ပွဲဖြစ်ပြီးနောက် ဒဏ်ရာနဲ့သေဆုံးတဲ့ အဖွဲ့တွေ ပြန်ဆုတ်သွားတဲ့အပေါ်မှာ စစ်ကောင်စီတပ်စခန်းဘက်က လက်နက်ကြီးတွေနဲ့ ပစ်ထုတ်တာတွေရှိတယ်။ ဒီနေ့မနက်အထိ ရံဖန်ရံခါ ပစ်ခတ်နေတုန်းပါပဲ။ အဲ့ဒါအပြင် စစ်ကောင်စီဘက်က ကလိန်အောင်ဘက်က တပ်အင်အားတွေ ထပ်ဖြည့်ပြီးတော့ နယ်မြေရှင်းလင်းရေးတွေ လှုပ်ရှားနေတယ်လို့ ကြားသိရပါတယ်”လို့လည်း နာဲနဂါးက ဆက်လက်ပြောခဲ့ပါတယ်။
ဆင်စွယ်ကျေးရွာမှာ တပ်စွဲထားတဲ့ တပ်စခန်းက မောရဝတီရေတပ်စခန်းဌာနချုပ်ရှိတဲ့ ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုအပိုင်မှာ တိုက်ပွဲမကြာခဏဖြစ်ပွားမှုနဲ့ အကြိမ်ကြိမ်တိုက်ခိုက်ခံနေရတာကြောင့် ပြီးခဲ့တဲ့ နှစ်ပတ်လောက်ကမှ ရှေ့တိုးပြီး စခန်းချထားတာဖြစ်တယ်လို့လည်း သိရပါတယ်။
တိုက်ပွဲအတွင်း မွန်ပြည်တော်လှန်ရေးတပ် (MSRF)၊ ဒေါနစစ်ကြောင်း(၃)-KBDF ၊ LPF ၊ ဒေါနစစ်ကြောင်း (၂) - YGF ၊ မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး (NMSP-AD)နဲ့ Nonentity Coach လေ့ကျင့်ရေးတပ်ဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ပြီး ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်မှာလည်း ရေဖြူမြို့နယ်၊ မင်းသားကျေးရွာမှာ အခြေစိုက်နေတဲ့ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ ပြည်သူ့စစ်စခန်းကို MSRF နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက သွားရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။






Comments