၂၀၂၁ ခုနှစ်မတ်လက စတင်ဖွဲ့စည်းခဲ့တဲ့ ယောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဖျက်သိမ်း
- BVJ

- Mar 4
- 1 min read
BVJ/အိုင်းရစ် _ မတ် ၂ ၊ ၂၀၂၅

မကွေးတိုင်း ဂန့်ဂေါခရိုင် ယောဒေသအတွင်း စစ်ရေး၊ နိုင်ငံရေးနဲ့ ယောအမျိုးသားနိုင်ငံရေးကို အကောင်အထည်ဖော်ရာမှာ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) အနေနဲ့ ဆက်လက်တည်ရှိဖို့ မလိုအပ်တော့တာကြောင့် YPDF ကို ဖျက်သိမ်းကြောင်း ဒီနေ့ မတ်လ ၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
YPDF ကို ဖျက်သိမ်းဖို့အတွက် ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ နောက်ဆုံးပတ်မှာ တပ်ဖွဲ့ဗဟို အလုပ်အမှုဆောင် ကော်မတီအစည်းအဝေး ကျင်းပခဲ့ပြီး အဖွဲ့ဆုံးဖြတ်ချက်အရ တပ်ဖွဲ့ကို အပြီးတိုင်ဖျက်သိမ်းကြောင်း ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
YPDF တပ်ဖွဲ့ကို ဖျက်သိမ်းခဲ့ပေမဲ့ ယောဒေသ အမျိုးသားနိုင်ငံရေးကို စုစည်းညီညွတ်တဲ့ အခင်းအကျင်းနဲ့ ပိုမိုကောင်းမွန်တဲ့အရွေ့ကို တက်လှမ်းပြီး တပ်ဖွဲ့ဝင်အားလုံး ဆက်လက်ဆောင်ရွက်သွားမယ်လို့လည်း ဆိုပါတယ်။

"ယောအမျိုးသားရေးကို ဆောင်ရွက်တဲ့နေရာမှာ တစ်ဖွဲ့စီ၊ တစ်စုစီကွဲနေလို့မရတော့ဘူး။ တစ်တပ်ထဲ၊ တစ်ဖွဲ့ထဲ One Command နဲ့သွားဖို့လိုတယ်။ အဲလိုသွားနိုင်မှ အမျိုးသားရေးကို အောင်မြင်အောင် ဆောင်ရွက်နိုင်မယ်။ ဒါကြောင့်ပါ။ တပ်ဖွဲ့ဝင်တွေကတော့ လာမယ့် အခင်းအကျင်းသစ်မှာ ထပ်ပြီးတော့ ပါဝင်နေမှာပါပဲ။ တကယ်တော့ YPDF ဆိုတာ အခြေအနေအရ ပေါ်လာတဲ့ တပ်ဖွဲ့ဖြစ်ပါတယ်။ တချိန်မှာ ဖျက်သိမ်းရမယ်ဆိုတာ အားလုံးသိထားပြီးသားပါဗျ"လို့ YPDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော် ယောလေးက Burma VJ ကို ပြောပါတယ်။
YPDF တပ်ဖွဲ့ကို ၂၀၂၁ ခုနှစ် မတ်လမှာ စတင်ဖွဲ့စည်းခဲ့တာဖြစ်ပြီး စစ်အာဏာရှင်စနစ် အမြစ်ပြတ်တိုက်ထုတ်နိုင်ရေး၊ ဖက်ဒရယ်ဒီမိုကရေစီရရှိရေးတို့အတွက် စစ်အာဏာရှင် တော်လှန်ရေးကာလတစ်လျှောက် ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတို က်ပွဲဝင်ခဲ့ပါတယ်။
YPDFတပ်ဖွဲ့ ရဲ့ စစ်အာဏာရှင်ဆန့်ကျင်တိုက်ဖျက်ရေးလက်နက်ကိုင်လှုပ်ရှားမှုတစ်လျှောက် တပ်ဖွဲ့ဝင်ရဲဘော် (၆) ဦးအသက်ပေးလှုသွားခဲ့ပြီး (၃) ဦး ကိုယ်လက်အင်္ဂါစွန့်လွှတ်ခဲ့ကြကာ ထိခိုက်ဒဏ်ရာရရှိသူလည်း များစွာရှိခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ယောဒေသအတွင်း တစ်ခုထဲသော တပ်တော်တစ်ခု တည်ဆောက်နိုင်ရေးအတွက် ယောဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့အချို့ ယောတပ်တော် (Yaw Army) နဲ့ ပူးပေါင်းခဲ့သလို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၉ ရက်ကလည်း ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဂန့်ဂေါတပ်ရင်းတစ်ခု Yaw Army နဲ့ ပူးပေါင်းခဲ့ပါသေးတယ်။







Comments