top of page

မြဝတီကျားဖြန့်လုပ်ငန်းကနေ သယ်ယူလာတဲ့ ဖုန်း ၁၂၀၀ ကျော်နဲ့ ကွန်ပျူတာတွေကို ထိုင်းနိုင်ငံတွင်း သိမ်းဆည်းရမိ

  • Writer: BVJ
    BVJ
  • Feb 5
  • 1 min read

BVJ/Moore _ ဖေဖော်ဝါရီ ၂ ၊ ၂၀၂၅


ree

အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ ထောင်နဲ့ချီတဲ့ဖုန်းတွေနဲ့ ရာနဲ့ချီတဲ့ ဆင်းကတ်တွေ သယ်ဆောင်လာတဲ့ အမျိုးသားတစ်ဦးကို ထိုင်းနိုင်ငံ တာ့ခ်ခရိုင် မယ့်ရမတ်မြို့နယ်အတွင်းမှာ ထိုင်းလုံခြုံရေးအာဏာပိုင်တွေက ဖမ်းဆီးရမိခဲ့တယ်လို့ ဘန်ကောက်ပို့စ် သတင်းဌာနက ဖော်ပြထားပါတယ်။


ထိုင်း-မြန်မာနယ်စပ်အနီး မယ့်ရမတ်စစ်ဆေးရေးဂိတ်မှာ ဒေသဆိုင်ရာအာဏာပိုင်များ၊ နယ်ခြားစောင့်ရဲတပ်ဖွဲ့များနဲ့ ထိုင်းနယ်ခြားစောင့်လုံခြုံရေးတပ် ပူးပေါင်းအဖွဲ့တွေက မနေ့ ဖေဖော်ဝါရီ ၁ ရက်မှာ ပူးပေါင်းစစ်ဆေးမှုတွေ လုပ်ဆောင်နေချိန် ကျားဖြန့်လုပ်ငန်းမှာ အသုံးပြုတဲ့ ကွန်ပျူတာ၊ ဖုန်း၊ ဆင်းကတ် အရေအတွက်အများအပြားကို သိမ်းဆည်းရရှိခဲ့တာလည်း ဖြစ်ပါတယ်။


မယ့်ရမတ်စစ်ဆေးရေးဂိတ်မှာ မနေ့ စနေနေ့က ကုန်တင်ယာဉ်ငယ်တစ်စီးကို စစ်ဆေးချိန် ဖုန်း ၁၂၅၁ လုံး၊ ဆင်းကတ် ၂၇၄ ခုနဲ့ ကွန်ပျူတာ ၁၉ လုံးတို့ကို ထိုင်းအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကျားဖြန့်လုပ်ငန်းမှာ အသုံးပြုတဲ့ အီလက်ထရောနစ်ပစ္စည်းတွေကို သယ်ဆောင်လာတဲ့ အသက် ၄၅ နှစ်အရွယ် ထိုင်းယာဉ်မောင်းဖြစ်သူကို အာဏာပိုင်တွေက မေးမြန်းချိန် မယ့်ရမတ်မြို့နယ် Bann Nam Dib Bon Warn ရွာအနီး သောင်ရင်းမြစ်ကမ်းနားကနေ သယ်ဆောင်လာတာဖြစ်တယ်လို့ ဆိုပါတယ်။



ဖုန်းနဲ့ ကွန်ပျူတာပစ္စည်းတွေကို သယ်ဆောင်ဖို့အတွက် ထိုင်းယာဉ်မောင်းရဲ့ သူဌေးဆီကနေ ဘတ် ၅၀၀၀ လက်ခံရရှိခဲ့ပြီး ကမ္ဘောဒီးယား-ထိုင်းနယ်စပ် ဝက်ဟာနာနာခွန်ခရိုင် Sa Kaeo မြို့ကို ပို့ဆောင်ပေးရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သိမ်းဆည်းရမိတဲ့ အီလက်ထရောနစ်ပစ္စည်းတွေဟာ မြန်မာနိုင်ငံ မြဝတီမြို့နယ် အွန်လိုင်းငွေကြေးလိမ်လည်ဂိုဏ်းတွေက ပစ္စည်းတွေဖြစ်တယ်လို့လည်း ထိုင်းအာဏာပိုင်တွေက ပြောပါတယ်။


“သူတို့ (ကျားဖြန့်ဂိုဏ်း) တွေက သူတို့လုပ်ငန်းတွေကို ကမ္ဘောဒီးယားဘက်ကို ရွှေ့ဖို့ လုပ်ဆောင်နေကြတာ” လို့ ထိုင်းနယ်စပ်လုံခြုံရေးတပ်ဖွဲ့ ရဲ့ အုပ်ချုပ်ရေးအရာရှိ ဗိုလ်မှူးကြီး Natthakorn Ruantip ကလည်း ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။


သိမ်းဆည်းရမိတဲ့ ထောင်နဲ့ချီတဲ့ ကျားဖြန့်လုပ်ငန်းသုံး အီလက်ထရောနစ်ပစ္စည်းတွေနဲ့ပတ်သက်ပြီး ဆက်စပ်ပတ်သက်သူတွေကို ဆက်လက်စုံစမ်းစစ်ဆေးဖို့အတွက် ထိုင်းယာဉ်မောင်းကို မယ့်ရမတ်ရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ဥပဒေအရ အရေးယူမှုတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။


Ref: Bangkok Post

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page