top of page

“အိမ်ကိုတက် ဓားပြတိုက်တဲ့ ဓားပြလက်ထဲက ဝေစုလိုက်တောင်းတာနဲ့ တူတူပဲ"

  • Writer: BVJ
    BVJ
  • Dec 28, 2025
  • 3 min read

  

၂၀၂၁ခုနှစ် ဖေဖော်ဝါရီ၁ရက်နေ့မှာ အရပ်သားအစိုးရလက်ထဲက အာဏာလုခဲ့တဲ့ အာဏာသိမ်းစစ်အုပ်စု ဟာ ၅နှစ်နီးပါးအကြာမှာ ရွေးကောက်ပွဲတစ်ခု ပြုလုပ်တော့မှာဖြစ်ပါတယ်။ကုလသမဂ္ဂအပါအဝင် နိုင်ငံအများစုက ဒီရွေးကောက်ပွဲကို 'အတုအယောင်ရွေးကောက်ပွဲ' အဖြစ်သတ်မှတ်ထားပြီး လက်မခံပယ်ချထားကြပါတယ်။စစ်အုပ်စုကလုပ်မယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် နွေဦးတော်လှန်ရေးမှာပါဝင်ဆင်နွှဲနေတဲ့ ဦးမင်းကိုနိုင် ကို Burma VJ အဖွဲ့သား ကိုအောင်ကြီးက မေးမြန်းထားပါတယ်။


၁၉၈၈အရေးတော်ပုံက စတင်ပါဝင်ခဲ့တဲ့ ဦးမင်းကိုနိုင်ဟာ နွေဦးတော်လှန်ရေးမှာလဲ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။
၁၉၈၈အရေးတော်ပုံက စတင်ပါဝင်ခဲ့တဲ့ ဦးမင်းကိုနိုင်ဟာ နွေဦးတော်လှန်ရေးမှာလဲ ဆက်လက်ပါဝင်နေဆဲ ဖြစ်ပါတယ်။

BVJ ။    ။  နှစ်ဘက်လုံးက လက်နက်နဲ့ရှင်းနေကြလို့ လူတွေ နာလှပြီ။ ဒါကြောင့်ရွေး ကောက်ပွဲဝင်တဲ့ လမ်းကြောင်းပဲ ရွေးရမယ်လို့ စစ်အုပ်စုက လုပ်မယ့် ရွေးကောက်ပွဲဝင်တဲ့သူ တွေဘက်က အကြောင်းပြချက်ပေးနေကြတယ်။ အဲ့ဒါကို ဦးမင်းကိုနိုင်အနေနဲ့ ဘယ်လိုမျိုးတုန့်ပြန်ချင်လဲ။ 


မင်းကိုနိုင်။     ။ အဲ့ဒါဆိုရင်တော့ ကမ္ဘာ့သမိုင်းတလျှောက်လုံးမှာ ဖြစ်ခဲ့သမျှ လက်နက်ကိုင်တော်လှန်‌ရေးအားလုံးကို မင်းတို့ကလဲကွာ နှစ်ဖက်လက်နက်တွေနဲ့တိုက်နေကြတာ နာလှပီလို့ ပြော သလိုဖြစ်နေတယ်။တကယ်က ဓမ္မနဲ့အဓမ္မကို ကွဲကွဲပြားပြား မပြောရဲမဆိုရဲဖြစ်နေရှာကြတာပါ။ ဒါမတရားမှုမှန်းသိတယ်။ဘာကြောင့်လဲဆိုတော့ဗျာ တရားမျှတ သန့်ရှင်း လွတ်လပ်တဲ့ ရွေးကောက် ပွဲက လုပ်ပြီးပြီလေဗျာ။ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းဖြစ်တဲ့ အဲ့ဒီရွေးကော်က ရလဒ်ကို လက်ခံတယ်။ အတည်ပြုတယ်။ ပြီးပြီလေဗျာ။ အဲ့ဒါကို မတရားဖျက်၊မတရားဖမ်းတယ်။ မတရားသတ်တယ်ဆိုတဲ့ အဲ့ဒီမတရားမှုတွေကိုကျတော့ မပြောရဲပဲနဲ့။ ခင်ဗျားတို့ နှစ်ဖက်တိုက်နေကြတာ နာနေပါပီ။ နောက်တစ်ကြိမ်ရွေးကောက်ပွဲလုပ်ပြီး ပြန်ပြိုင်တာပေါ့ဆိုတာ စဥ်းစားကြည့်လေဗျာ။ ကိုယ်ကျင့်သိက္ခာအရရော၊နိုင်ငံရေး ကျင့်ဝတ်အရရော၊ စဥ်းစားသာကြည့်။ ကျွန်တော်ကတော့ မပြောတော့ဘူး။  

 

BVJ ။     ။ ရွေးကောက်ပွဲရလာဒ်က မြန်မာစစ်တပ်လက်ခံတဲ့ ရလဒ်ဖြစ်ဖို့လိုတယ်လို့ ရွေးကောက်ပွဲဝင်မယ့် သူတွေဘက်ကပြောနေကြပါတယ်။ အဲ့ဒီရလဒ်မထွက်ရင် ၂၀၂၀ရွေး ကောက်ပွဲတုန်း ကလို  NLD ကနိုင်ပြီး  ရလဒ်ဆုံးရှုံးသွားရတာမျိုးဖြစ်နိုင်တယ်လို့ ပြောကြတယ်။ အဲ့ဒီပြောဆိုမှုအပေါ်မှာကော ဦးမင်းကိုနိုင်ရဲ့ အမြင်က ဘယ်လိုရှိလဲ။


မင်းကိုနိုင်။     ။ ဒါကတော့ ကျေးတော်မျိုး ကျွန်တော်မျိုး အတွေးအခေါ်တွေပေါ့။ ဘာကြောင့်လဲ ဆိုတော့ အင်အားကြီးတဲ့လူ လုပ်သမျှမှန်လိမ့်မယ်လို့ ဆိုတဲ့ အယူအဆ။ ကျွန်တော်ပြောချင်တာက ဓားပြတိုက်တဲ့ဟာကို ငြိမ်ငြိမ်လေးနေလိုက်။ ဓားပြက ပေးသနားတဲ့ ဝေစုနဲ့ပဲကျေနပ်လိုက် ၊ မဟုတ် ရင်စိတ်ဆိုးသွားပြီး တပြားမှမရပဲနေဦးမယ်ဆိုတဲ့ အထာပဲဗျ။ဆိုလိုချင်တာက ပြည်သူလူထု သဘောထားဆန္ဒဟာ အရေးအကြီးဆုံးမဟုတ်ဘူးလား။အဓိကအကျဆုံးမဟုတ်ဘူးလား။တကယ်တော့ စစ်တပ်ဆိုတာ အင်စတီကျူးရှင်း တစ်ခုပဲ။ အင်စတီကျူးရှင်းတခုက ကျေနပ်မှသာလျှင် ကျေနပ်အောင် လုပ်ယူရမယ်ဆိုတော့ မဲပေးတဲ့ပြည်သူတွေကို ဘယ်လိုလုပ်မှာလဲ။ သေသေချာချာစဥ်းစားကြည့်နော် တကယ်လုပ်လို့ရတယ်ဆိုရင်ကော ဘယ်လိုလုပ်မှာလဲ။ဒီပုံးထဲ ကိုပဲ ထည့်ဆိုပြီး ဗြောင်ပြောလိုက်တော့ပေါ့။ ဒါပဲပေါ့ စစ်တပ်က ကြိုက်တဲ့ ရလဒ်ဆိုတာက သူကျောထော က်နောက်ခံပြုထားတဲ့ပါတီ စစ်တပ်ရဲ့ပါတီကိုပဲ ပေးကြပါလို့ ပြောနေတာပဲ။ ဒါဆိုလို့ရှိရင် အရင်တုန်းကပြီးခဲ့တဲ့ တကယ်တရားမျှတခဲ့တဲ့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလဒ်ဟာ ပြည်သူလူထုမှားလို့ စစ်တပ်က အာဏာသိမ်းတယ်ဆိုတဲ့ အဓိတ်ပါယ်ရောက်နေတယ်။ အဲ့ဒါကတော့ ကိုယ့်စကားကိုယ် ပြန်ဆင်ခြင်ကြဖို့ပါ။  

 

ရခိုင်ပြည်နယ်၊မြောက်ဦး ပြည်သူ့ဆေးရုံ သားဖွားဆောင်ကို အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဒီဇင်ဘာ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၃၃ ဦးသေဆုံးပြီး ၇၆ ဦး ဒဏ်ရာ ရရှိခဲ့။
ရခိုင်ပြည်နယ်၊မြောက်ဦး ပြည်သူ့ဆေးရုံ သားဖွားဆောင်ကို အာဏာသိမ်းစစ်အုပ်စုက ဂျက်ဖိုက်တာနဲ့ ဒီဇင်ဘာ၁၀ရက်နေ့က ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနာ ၃၃ ဦးသေဆုံးပြီး ၇၆ ဦး ဒဏ်ရာ ရရှိခဲ့။

BVJ။   ။ ရွေးကောက်ပွဲပြီးသွားရင် အခုအခြေအနေထက်ပိုကောင်းတဲ့  နိုင်ငံရေးဂွင် Politiacl space တစ်ခုပေါ်လာမယ်။ အဲ့ဒီအခြေအနေကနေ ပိုပြီးကျယ်ဝန်းတဲ့ ပိုကောင်းမွန်တဲ့ ပတ်ဝန်းကျင်တခုကို ဖန်တီးရမယ်လို့ပြောနေကြတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့ ဦးမင်းကိုနိုင်အနေနဲ့  ဘာပြောချင်တာရှိလဲ။ 


မင်းကိုနိုင်။     ။  ပိုကောင်းတဲ့ အခင်းအကျင်း ဟုတ်လား။ ဒီမှာ ပြည်သူ့အာဏာကို လုပြီးသိမ်းခဲ့တာကစလိုက်။ ရွေးကောက်ပွဲရလဒ်ကို ဖျက်ဆီးခဲ့တာ။ ပြည်သူကို လမ်းပေါ်မှာ များစွာ ပစ်သတ် ခဲ့တာ၊ စစ်ကြောရေးမှာညှင်းပန်းသတ်ဖြတ်ခဲ့တာများစွာ ၊ မြို့ရွာတွေကို မီးလောင်တိုက် သွင်းခဲ့တာ များစွာ။ နောက်ဆုံးဗျာ ‌ဆေးရုံတွေ၊စာသင်ကျောင်းတွေ ဗုံးကြဲခဲ့တာများစွာ၊ အဲ့ဒီစစ်ရာဇဝတ်မှု ကျူးလွန်မှုတွေများစွာ ကို  မပြောရဲပဲနဲ့ အရေးယူမှုမပါပဲနဲ့။ အဲ့ဒီကောင်တွေကို ဆက်ပြီး ရှင်သန်ခွင့် ပေးမယ်၊မျက်နှာပြောင်တိုက်ပြီးတော့ ထည့်ထားဦးမယ်။ နိုင်ငံရေးဦးဆောင် အခန်းကဏ္ဍလဲ ပေးဦး မယ်ဆိုတဲ့ လုပ်ရပ်မျိုးမှာ အဲ့ဒါ ပိုပြီးတော့ကောင်းမယ့် အခင်းအကျင်းလားလို့ ကျွန်တော်တို့ ပြန်မေးမယ်လေ။ ရိုးရိုးလေးဗျာ အဲ့ဒီမှာရမယ့် အရိုးအရင်း ဝေစုခွဲပေးတာကို ယူမှာကို ပိုကောင်းတဲ့အခင်းအကျင်းလို့ ဆိုလိုနေတာလားပေါ့။ ဒါပါပဲဗျ။

 

BVJ ။    ။ လာမယ့်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး  "ဓားပြဝေစု ခွဲရာ အမှုတွဲဝင်မပါပါနှင့်” လို့ ဦးမင်းကိုနိုင်မှတ်ချက်‌ပေးခဲ့တာရှိတယ်။အဲ့ဒီမှတ်ချက်နဲ့ပတ်သက်ပြီး  သေသေချာချာ ရှင်းပြပေး ပါလား။


မင်းကိုနိုင်။   ။ ဒီလိုပါဗျာ ကျွန်တော်တို့ရဲ့အလုပ်က ဓမ္မနဲ့ အဓမ္မ တကယ်မျက်နှာချင်းဆိုင် အားပြိုင်လာပြီဆိုရင် တလောကလုံးဗျာ သံသရာတလျှောက်မှာလည်း ဓမ္မနဲ့ အဓမ္မအားပြိုင်ရတာပါပဲ။ အဲ့ဒီမှာ ဓမ္မဘက်က မပါရဲလို့ ကြောက်လို့ ဆိုရင်လဲ ငြိမ်ငြိမ်နေလိုက်ဗျာ။ အဲ့ဒီလိုမဟုတ်ပဲနဲ့ မတရားမှုက အတင်းစောင့်ဆွဲတဲ့နေရာကို မတတ်သာတဲ့ပုံစံနဲ့ တွဲလောင်းချိတ်ပြီး ပါသွားတဲ့ အချိုး ပဲဗျ။ အာဏာစသိမ်းကတည်း က သူတို့သည် ရာဇဝတ်ကောင်တွေဖြစ်သွားပြီ။ ရာဇဝတ်ကောင်တွေ ကျူးလွန်တာသည် နိုင်ငံတော်ပုန်ကန်မှုအဆင့်။ သေဒဏ်ကျထိုက်တဲ့အဆင့်ကို ကျူးလွန် တဲ့သူတွေ၊ အဲ့တော့ သူတို့လုပ်တဲ့ ရွေးကောက်ပွဲကို လိုက်ကျမယ်ဆိုတာဟာ အိမ်ကိုတက် ဓားပြတိုက်တဲ့ ဓားပြလက်ထဲက ဝေစုလိုက်တောင်းတာနဲ့ တူတူပဲ။ ဓားပြကို ပြန်ပြီး ခုခံရမယ့်အစား ၊ ကျွန်တော်တို့ကတော့ ရတာနဲ့ ခုခံမှာပဲ။ အိမ်ရှေ့မှာ ငှက်ကြီးတောင်ရှိရင် ငှက်ကြီးတောင်၊ ကျွန်တော် အမြဲတမ်းပြောတယ်။ ဒုတ်ရှိရင်ဒုတ်၊ ဓားရှိရင်ဓား ပြန်ခုခံကြရတာပဲ။ ခုခံတဲ့သူတွေက ခုခံနေတဲ့ အချိန်မှာ မခုခံရဲဘူး ကြောက်တယ်ဆိုရင် ငြိမ်ငြိမ်နေ။

 

 အဲ့လိုမဟုတ်ပဲ ဟိုဘက်ကပါတယ်လို့ ဒီရွေးကောက်ပွဲဆိုတဲ့ ခေါင်းစဥ်တပ်ထားတဲ့ အတုအယောင်။ ဒါသည် ခုနကျွန်တော်ပြောပြီးပြီ သူတို့အတွက် အင်မတန်အရေးကြီးတာက တရားဝင်ဖြစ်မှုအတွက် ကြံဖန်ပြီးတော့ လုပ်နေရရှာတာ။ ဒီတိုင်းဆက်နေလို့လဲ ဘယ်လိုမှမရတော့ဘူး။သူတို့ရဲ့ ခေါင်းကိုင်ဖခင်နိုင်ငံကနေပြီးတော့ သူတို့ကို မင်းတို့ အရပ်ဝတ်လဲတော့ မလဲလို့မရဘူးလို့ ပြောနေတဲ့အချိန်၊ အဲ့ဒီလိုမျိုး မဖြစ်မနေလုပ်ရတဲ့အချိန်မှာ ပွဲမဖြစ်ဖြစ်အောင် ဝိုင်းပြီးတော့ ညာသံပေးတဲ့သဘောပဲ။ ဒါလောက်ပဲ တတ်နိုင်ရှာတယ်လေ။ တော်လှန်ရေးအဆက်ဆက် ခင်ဗျားကြည့်လိုက် ကမ္ဘာ့နိုင်ငံ သမိုင်းတွေမှာ တော်လှန်ရေးတိုင်းမှာ တစ်ရာမှာတစ်ရာလုံးက မဖောက်မပြန်ပဲနဲ့တော့ ဘယ်တော့ မှမနေဘူးဗျ။ ခြွင်းချက်တွေဖြစ်လာပြီဆိုရင် အဲ့ဒီလူတွေကို ပြန်ပြီးတော့ ဖောက် ပြန်တဲ့ အာဏာရှင် တွေက ပြန်သုံးကြစမြဲပဲ။အဲ့ဒါကတော့ သူတို့လက်ထဲကို မိုက်ထည့်ပေးတာပဲ။ မင်းတို့ဘက်က တော်လှန်ခဲ့တဲ့သူတွေတောင် ပြောင်းလဲသွားပြီတွေ့လားဆိုပြီးတော့ များများဝိုင်းဖြန့်ပေးကြတာပဲ။ အဲ့တော့ ဒီဟာသည် ပြန်ချုပ်လိုက်ရင် အာဏာသိမ်းခဲ့သော စစ်ရာဇဝတ်မှုတွေ ပြည်သူလူထုတွေကို သတ်ဖြတ်ခဲ့တာတွေအကုန်လုံးပေါ့ဗျာ။ အဲ့ဒါတွေအားလုံးအတွက် ကျူးလွန်သူတွေနဲ့ ပေါင်းပြီးတော့  ဓားပြတိုက်ရာပါကို ဝေစုခွဲတဲ့ကိစ္စဖြစ်တယ်။ အဲ့ကြောင့်မို့ မပါမိကြဖို့ အမှုမတွဲ ကြဖို့ ကျွန်တော်နှိုးဆော်တာပါ။   


 

BVJ။     ။တစ်ချိန်တုန်းက ဒီမိုကရေစီဘက်တော်သားတွေ ဖြစ်ခဲ့ကြတဲ့ လူအချို့ဟာလဲ စစ်အုပ်စုကခင်းကျင်းထားတဲ့ ရွေးကောက်ပွဲမှာ ဝင်ပါနေကြတာနဲ့ ပတ်သက်ပြီးတော့ မှတ်ချက် လေးပြုပေးပါဦး


မင်းကိုနိုင်။     ။ လူပုဂ္ဂိုလ်တွေ အဖွဲ့အစည်းနာမည်တွေမပြောဘူး။ ဘာဖြစ်လို့လဲဆိုတော့ တရားအတိုင်းပဲကြည့်။ကျွန်တော်တို့ပြောတဲ့ ပေတံကိုသာကြည့်။ အဲ့ဒီမှာ သူဘယ်ဘက်ရပ်သလဲဆိုတာကြည့်လို့ပဲ ကျွန်တော်ပြောချင်တယ်။ ခင်ဗျားစဥ်းစားကြည့် ကျွန်တော်တို့ တော်လှန်ရေး ပေါင်းစုံမှာပါဝင်ခဲ့တယ်။ ဒီမိုကရေစီအရေးတွေမှာ အသက်ဘဝတွေရင်းပြီးတော့ သူတို့ရွေး‌ကောက်မယ့်အထဲမှာ ၂၀၂၀ကိုပြောတာနော်။ ပြီးခဲ့တဲ့ရွေးကောက်ပွဲကို သေသေချာချာကြည့်လိုက်နော် နှစ်မျိုးနှစ်စားရှိတယ်။ ရွေးကောက်ပွဲနိုင် သွားတဲ့သူရှိတယ်။မနိုင်တဲ့သူတွေရှိတယ်။ အဲ့ဒီထဲ မနိုင်တဲ့သူတွေထဲမှာ နှစ်မျိုးရိုးရိုးလေးပဲ မြင်ကြည့်လိုက်။ ရွေးကောက်ပွဲမှာ သူတို့ မနိုင်ဘူးဆိုတာကို မှန်မှန်ကန်ကန်ဝန်ခံတယ်။ သူတို့ ဒီလိုအချောင်ရမလားဆိုတဲ့ ပွဲမျိုးမှာ ဝင်မပါဘူးဗျာ။ ကြည့် နောက်ဆုံး‌ဗျာ တော်လှန်ရေးထဲကိုတောင် သိက္ခာရှိရှိဝင်ပါတယ်။ အဲ့ဒီပါတီတွေ သူတို့ ကြည့်ခဲ့ရမှာက ဓမ္မနဲ့ အဓမ္မကိုသာကြည့်ရမှာ။ ဂုဏ်သိက္ခာရှိရှိ တော်လှန်ရေးထဲဝင်ပါတဲ့ ပါတီကို ကျွန်တော်တို့ ပြည်သူက ချစ်တယ်။ပြည်သူက တကယ်ကဗ္ဗည်းတင်မှာ။ ကျန်တဲ့ဟာတွေကတော့ ခုနက ကျွန်တော်ပြောခဲ့တဲ့အတိုင်းပါပဲ ဓားပြဝေစုသွားတောင်းကြတာပါပဲ။

 

BVJ ။     ။  အာဏာသိမ်းစစ်အုပ်စုက မနက်ဖြန်မှာကျင်းပမယ့် ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့  မြန်မာပြည်တွင်းက လူတွေကိုကော ပြည်ပကလူတွေကိုပါ  ဘယ်လိုမှတ်ချက်ပေးချင်တာရှိလဲ။


မင်းကိုနိုင်။   ။ ဓမ္မနဲ့ အဓမ္မကို အားလုံးသိပြီးသား မြင်ပြီးသားပါ။ ကျွန်တော်တို့မှာပြောဖို့ ဝတ်တရားရှိလို့ ပြောရတာ။ သေချာတာက သူတို့ရဲ့ အတုအယောင် ကျွန်တော်ခုနကပြောပြီးပြီ။ ဒါဟာရွေးကောက်ပွဲမဟုတ်ဘူး။ ဓားပြတိုက်ရာပါ ဝေစုခွဲတဲ့ပွဲ။ အဲ့ဒါကို ကျွန်တော်တို့က ဆန့်ကျင်တာသာဖြစ်တယ်။ ကျွန်တော်တို့သည် ရွေးကောက်ပွဲ ဆန့်ကျင်ရေးဝါဒီတွေမဟုတ်ဘူး။ ပြေချင်တာက ရွေးကောက်ပွဲက လုပ်ခဲ့တယ် တရားမျှတ သန့်ရှင်းတယ် အဲ့ဒါကိုဖျက်ဆီးပစ်တယ်။အဲ့ဒီဖျက်ဆီးတဲ့သူတွေကို တရားနည်းလမ်းကျ  ရင်ဆိုင်ဆန့်ကျင်နေတာဖြစ်တယ်။ ဒီဘက်က တော်လှန်ရေးဘက်ကလူတွေဟာ ရွေးကောက်ပွဲနဲ့ ဆုံးဖြတ်တဲ့စနစ်ကိုလိုချင်လွန်းလို့ အသက်တွေဘဝတွေ အခုခင်ဗျားတို့ မီဒီယာသမားတွေထဲထိပါတယ်နော်။ ကိုယ်စီ ရှင်ဆိုင်ခဲ့ကြတာ။ အဲ့ဒီစနစ်ကိုလိုချင်လွန်းလို့ အသက်ဘဝရင်းပြီး တိုက်ခဲ့ကြတာ။ အဲ့ဒီလူတွေက ရွေးကောက်ပွဲစနစ်ကို ဆန့်ကျင်တာမဟုတ်ဘူး။ ဓားပြတိုက်ပြီး ဝေစုပြန်ခွဲတဲ့ ကိစ္စကိုသာ ဆန့်ကျင်တာ။ အဲ့ဒါကိုတော့ မသိချင်ယောင်မဆောင်ပါနဲ့။ ကိုယ်လိုရာဆွဲပြီး ဒါတွေက ရွေးကောက်ပွဲဆန့်ကျင်တာတွေဘာတွေ၊ အဲ့ဒါချည်းပဲ ကွက်ပြီးပြောမယ်ဆိုရင်တော့ ဒါက လိုရာဆွဲပြီး သမိုင်းကို ပုံဖျက်တဲ့ကိစ္စပဲ။ ကျွန်တော်တို့ အားလုံးဟာ မတရားမှုကို ငြင်းဆန်နေတာသာဖြစ်တယ်။ ကျွန်တော်တို့ မဲတွေပေးပြီးသားဖြစ်တယ်။ ထပ်ပြီးပြောနေကြတာရှိတယ်။ အကွဲအပြဲတွေဗျာ များလိုက်တာ အကွဲအပြဲတွေကို ပြန်ပြီးရင်ကြားစေ့ရမယ် စသဖြင့်ပေါ့ဗျာ။ သူက တော်လှန်ရေးမှာ မဆိုင်သလိုနေလိုက်တယ်။ပြီးတော့ ဓမ္မနဲ့ အဓမ္မကို မပြောရဲတဲ့အခါမှာ အကွဲအပြဲလို့ ကင်မွန်းတပ်လိုက်ပြီးတော့ စွပ်စွဲလိုက်ပြီးတော့ ရွေးကောက်ပွဲ နည်းလမ်းနဲ့ သွားလိုက်ရအောင်ဆိုပြီးတော့ ပျားရည်နဲ့ ဝမ်းချတဲ့ ကိစ္စပေါ့ဗျာ။ ဒါတွေအားလုံး ပြည်သူတွေ သိပြီးသားဖြစ်တယ်။ ဒါကြောင့်မို့ ငြင်းဆန်လို့ရတဲ့နေရာက ငြင်းဆန်မှာပဲ။ မတတ်သာလို့ လူကိုဖိအားပေးပြီးခေါ်သွားရင်လဲ သူတို့မဲပေးတဲ့နေရာမှာ ရတဲ့နည်းနဲ့ ဆန့်ကျင်ကြောင်းပြကြဦးမှာပါပဲ။ အဲ့ဒီတော့ ပြန်ချုပ်ပြီဆိုရင်တော့ ဓားပြဝေစုခွဲရာမှာတော့ အမှုမတွဲကြပါနဲ့လို့ပဲ ပြောချင်ပါတယ်ဗျာ။ ကျေးဇူးပါ။  

 

BVJ ။    ။ အခက်အခဲတွေကြားက ကျွန်တော်တို့ Burma VJ မှာ စိတ်ရှည်လက်ရှည်ဖြေကြားပေးတဲ့ အတွက် ကျေးဇူးအများကြီးတင်ပါတယ်။


မင်းကိုနိုင်။   ။ ဟုတ်ကဲ့။ ကျွန်တော်တို့ကလဲ ဒီလိုမရားမှုကြီးကို ဘယ်လိုရင်ဆိုင် တုန့်ပြန်ကြမလဲ ဆိုတာကို အလေးအနက်ထားပြီး အမေးအဖြေတွေလုပ်ပေးတဲ့ အတွက်လဲ Burma VJ မီဒီယာကို အများကြီးကျေးဇူးတင်ပါတယ်။

 

 

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page