စာသင်ကျောင်းဗုံးကြဲခံရမှုအတွင်း သေဆုံးခဲ့တဲ့ စေတနာ့ဝန်ထမ်းဆရာမကို အမိန့်စာပြန် သဂြိုလ်
- 10 hours ago
- 1 min read
BVJ_ မေ ၁၄၊ ၂၀၂၅
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းဗုံးကြဲတိုက်ခိုက်ခံရမှုအတွင်း ကျောင်းသားကလေး ၂၀ယောက်နဲ့အတူ စေတနာ့ဝန်ထမ်းဆရာမ နှစ်ယောက်လည်း သေဆုံးခဲ့ရပါတယ်။
အခုလ ၁၂ရက် မနက်ပိုင်းမှာ အိုးတိန်တွင်းကျေးရွာစာသင်ကျောင်းကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းအတွင်းက ကျောင်းသားကလေး အယောက် ၂၀နဲ့ စေတနာ့ဝန်ထမ်းဆရာမ နှစ်ယောက် ပွဲချင်းပြီးသေဆုံးခဲ့ပြီး အခုရုပ်သံဟာ သေဆုံးခဲ့ရတဲ့ဆရာမနှစ်ယောက်ထဲက ဆရာမ မပန်းမို့ဝေ( ၂၂ နှစ်)ကို သဂြိုလ်တဲ့မြင်ကွင်းဖြစ်ပါတယ်။
မပန်းမို့ဝေကို သေဆုံးပြီးနောက်ရက်ဖြစ်တဲ့ မေ ၁၃ရက်မှာ အမိန့်စာပြန်သဂြိုလ်ခဲ့တာပါ။
“မပန်းမို့ဝေရေ...ညည့် တပည့်တွေ လာကန်တော့သယ်တော့ ဆုပေးလိုက်ဦးလေအေ ငါ့တူမ....
ကျမလဲ ဆရာမပေမို့ တစစ်စစ် ရင်ကွဲနာ...”လို့ မပန်းမို့ဝေကို အမိန့်စာပြန်တဲ့ရုပ်သံနဲ့အတူ ဝမ်းနည်းကြောင်းကို CDM ကထိက ဆရာမ ဒေါ်ရတီအုန်းက သူ့ရဲ့လူမှုကွန်ရက်မှာ ဖော်ပြထားပါတယ်။
စာသင်ကျောင်းကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုအတွင်းမှာ ထိခိုက်ဒဏ်ရာရသူ ၁၀၂ယောက်ရှိခဲ့ပြီး အဲ့ဒီထိခိုက်ဒဏ်ရာရကျောင်းသား၊ ကျောင်းသူတွေထဲက မနေ့က ၁၃ရက်နဲ့ ဒီနေ့ ၁၄ရက်တို့မှာ အသက် ၈ နှစ်အရွယ် ကျောင်းသားတစ်ယောက်နဲ့ အသက် ၁၁နှစ်အရွယ် ကျောင်းသူတစ်ယောက် ထပ်မံသေဆုံးခဲ့တာကြောင့် သေဆုံးသူ ၂၄ယောက်အထိ ရှိလာတာပါ။
Comments