ဝိုင်းမော်မြစ်ရေကြီးမှုအတွင်း ဒေသခံ ၅ ဦး သေဆုံးခဲ့
- BVJ

- Jun 6
- 1 min read
BVJ/ထက်အောင် _ ဇွန် ၆ ၊ ၂၀၂၅

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်မှာ မိုးသည်းထန်စွာရွာသွန်းပြီး မြစ်ရေကြီးမှုဖြစ်ပွားခဲ့ချိန်မှာ ဒေသခံစစ်ဘေးရှောင်ပြည်သူ ၅ ဦး ရေထဲမျောပါသေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေကို ကူညီပေးနေသူတစ်ဦးထံက သိရပါတယ်။
ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်းငယ်ဖြစ်ပေါ်ခဲ့တဲ့အရှိန်ကြောင့် မြန်မာနိုင်ငံအတွင်း မိုးရွာသွန်းမှုများပြားခဲ့ပြီး မြစ်ရေကြီးမှုနဲ့ ရေကြီးရေလျှံမှုတွေရှိခဲ့တာလည်း ဖြစ်ပါတယ်။ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နဲ့ ချီဖွေမြို့တို့မှာ မြစ်ရေကြီးမှုနဲ့ ရေကြီးရေလျှံမှုတို့ကြောင့် ဒေသပြည်သူ ထောင်နဲ့ချီ ရေဘေးသင့်ခဲ့ပြီး နေရာရွှေ့ပြောင်းမှုတွေ လုပ်ဆောင်ခဲ့ရတယ်လို့လည်း သိရပါတယ်။
“စစ်ရှောင်တွေနေတဲ့ တချို့နေရာတွေက ပျက်စီးတာတော့ရှိတယ်။ တချို့အိမ်တွေက ပြန်ပြင်နေလို့ရတယ်လို့ ပြောကြတယ်။ ချီဖွေဘက်မှာဆို စစ်ဘေးရှောင်နေအိမ် ၃ လုံး ရေထဲမျောပါသွားတယ်။ ဆဒုံးဘက်မှာတော့ လူ ၅ ယောက် ရေစီးနဲ့မျောပါသွားတယ်”လို့ စစ်ဘေးရှောင်တွေ ကူညီနေသူတစ်ဦးက ပြောပါတယ်။
ဝိုင်းမော်မြို့နယ် ဆဒုံးဒေသက ရေစီးနဲ့မျောပါသွားခဲ့တဲ့သူတွေကို လိုက်လံရှာဖွေနေပေမဲ့ မတွေ့ရသေးဘူးလို့လည်း စစ်ဘေးရှောင်ကူညီသူက ဖြည့်စွက်ပြောပါတယ်။ ရေစီးနဲ့မျောပါသွားသူတွေအတွက် ရက်လည်ဆွမ်းသွပ်မှုကို မနက်ဖြန် ဇွန် ၇ ရက်မှာ ပြုလုပ်သွားပေးရှိနေတယ်လို့လည်း သိရပါတယ်။
ပြီးခဲ့တဲ့မေလကုန်ပိုင်းနဲ့ အခုဇွန်လပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းမှုနဲ့ မြစ်ရေကြီးမှုဖြစ်ပေါ်ခဲ့တာကြောင့် မေခမြစ်နဲ့ ဧရာဝတီမြစ်ကမ်းတစ်လျှောက် မြေနိမ့်ပိုင်းမှာနေထိုင်နေကြတဲ့ ဒေသခံပြည်သူတွေ အစားအသောက်နဲ့ ဆေးဝါးတွေ အရေးပေါ်လိုအပ်မှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
မနေ့ ဇွန်လ ၅ ရက်နေ့အထိ မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေ စိုးရိမ်ရေမှတ်အောက်ကျဆင်းနေတယ်လို့ ကချင်ပြည်နယ် မိုးဇလက ထုတ်ပြန်ထားပါတယ်။ ဒါပေမဲ့ ဗန်းမော်ခရိုင် ရွှေကူမြို့မှာတော့ ဧရာဝတီမြစ်ရေမြင့်တက်မှု စိုးရိမ်ရေမှတ်နား ရောက်နေတယ်လို့လည်း သိရပါတယ်။













Comments