အပစ်ရပ်ထားပေမဲ့ နှစ်ဘက်စစ်ရေးတင်းမာနေတယ်လို့ TNLA ပြော
- BVJ

- Jun 5, 2025
- 1 min read
BVJ/မိုနာ_ ဇွန် ၅၊ ၂၀၂၅

ယာယီအပစ်ရပ်စဲထားကြပေမဲ့ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသားတပ်မတော်-TNLAအကြား နှစ်ဘက်စစ်ရေးတင်းမာနေကြတယ်လို့ PSLF/TNLAပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ဒီနေ့ ဇွန် ၅ရက်မှာ ပြောပါတယ်။
“အပစ်ရပ်ထားပေမယ့် စစ်ကောင်စီက ထိုးစစ်တွေကဆက်တိုက်လုပ်နေလို့ ကျမတို့ကခုခံပိုင်ခွင့်အရပြန်တိုက်တော့ တိုက်ပွဲတွေကဆက်တိုက်ဖြစ်နေတယ်။ စစ်ရေးကတော့ သူတို့ကရှေ့တိုးလာတာရှိတယ်။ ကျမတို့ကလည်း ပြန်လည်ပြီးတော့ ခုခံတိုက်ခိုက်တာရှိပါတယ်။ တိုက်ပွဲကနေ့စဉ်မဟုတ်ပေမယ့် ဖြစ်နေတယ်။ စစ်ရေးက တင်းမာနေဆဲဖြစ်ပါတယ်”လို့ PSLF/TNLAက ဒီနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက ပြောပါတယ်။
မတ်လ ၂၈ရက်ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းငလျင်ကြောင့် ကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးတွေ လုပ်ဆောင်နိုင်ဖို့အတွက် လူသားချင်းစာနာမှုအရ အခုလ တစ်လကိုတဖက်သတ်အပစ်ရပ် သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ MNDAA ၊TNLAနဲ့ AA တပ်ဖွဲ့တို့က ကြေညာထားတာပါ။
အလားတူပဲ စစ်ကောင်စီဘက်ကလည်း အခု ဇွန်လကို ယာယီအပစ်ရပ်ကြောင်းကြေညာထားပြီး ဒီကာလအတွင်းမှာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တခြားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ စစ်ကောင်စီတပ်ဖွဲ့ နယ်မြေ တပ်စခန်းတွေကို မတိုက်ခိုက်ဖို့နဲ့ နယ်မြေချဲ့ထွင်ခြင်းမလုပ်ဖို့လည်း အသိပေးထားပါသေးတယ်။
စစ်ကောင်စီတပ်ဟာ ပြီးခဲ့တဲ့မေလအတွင်းမှာ ရှမ်းပြည်မြောက်ပိုင်းက နောင်ချို၊မိုးကုတ်၊ မိုင်းလုံ၊ ကျောက်မဲ၊ မိုင်းငေါ့နဲ့ မန်တုံမြို့နယ်တွေကို လေကြောင်းတိုက်ခိုက်မှု ၅၅ကြိမ်နဲ့ ဒရုန်းတိုက်ခိုက်မှု ၃၁၀ကြိမ်လုပ်ခဲ့ကြောင်းနဲ့ အဲ့ဒီထဲမှာ နောင်ချိုမြို့နယ်ဟာ တိုက်ခိုက်ခံရမှုအများဆုံးဖြစ်ပြီး သေဆုံးသူ (၇)ဦးနဲ့ ထိခိုက်ဒဏ်ရာရသူ (၁၇)ဦးရှိခဲ့တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ TNLAက ပြောပါတယ်။






Comments