တမူးရဲဘော် ၁၀ ဦးကို အိန္ဒိယနယ်စပ်လုံခြုံရေးတပ်ဖွဲ့က ဖမ်းဆီးနှိပ်စက်သတ်ဖြတ်လိုက်ကြောင်း NUGထုတ်ပြန်
- BVJ

- May 21, 2025
- 1 min read
အမှုမှန်ပေါ်ပေါက်ရေး အိန္ဒိယအစိုးရဆောင်ရွက်ပေးဖို့ တောင်းဆို၊ အမှုမှန်မပေါ်ရင် ဖြစ်လာမယ့်ကိစ္စတွေ ကိုင်တွယ်ရခက်ခဲနိုင်ဟု ဆို
BVJ/မိုနာ_ မေ ၂၁၊ ၂၀၂၅

သေဆုံးသွားတဲ့ တမူးခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော် (၁၀) ဦးဟာ အိန္ဒိယနိုင်ငံဘက်ခြမ်းမှာ ထိပ်တိုက်ရင်ဆိုင်တိုက်ပွဲဖြစ်ပွားကာ ကျဆုံးခြင်းမဟုတ်ဘဲ ယာယီစခန်းရွှေ့ပြောင်းမှုကို သတင်းကြိုတင်ပေးပို့ထားတဲ့ကြားထဲက Assam Riflesရဲ့ အကြောင်းပြချက်မခိုင်လုံစွာနဲ့ ဖမ်းဆီးခေါ်ဆောင် နှိပ်စက်သတ်ဖြတ်ခြင်းခံရတာဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG နိုင်ငံခြားရေးဝန်ကြီးဌာနက မနေ့က မေ ၂၀ရက် ညပိုင်းမှာ အသိပေးထုတ်ပြန်ပါတယ်။
သတ်ခံရတဲ့ ၁၀ဦးလုံးဟာ အခုလ ၁၄ရက်မှာ စခန်းကပျောက်ဆုံးသွားတာဖြစ်ပြီး ၁၆ရက်နေ့မှာတော့ အိန္ဒိယနိုင်ငံ နယ်စပ်လုံခြုံရေးတပ်ဖွဲ့ဖြစ်တဲ့ Assam Rifles (တပ်ရင်း ၁၊ ချန်ဒေခရိုင်၊ မဏိပူရ်ပြည်နယ်) ဆီကနေ ရုပ်အလောင်းတွေကို ညှိနှိုင်းတောင်းဆိုလက်ခံခဲ့ရရှိခဲ့တာဖြစ်ကြောင်းနဲ့ ရုပ်အလောင်းတွေကို ပြန်ပေးဖို့တောင်းခံချိန်မှာလည်း ပကဖရဲဘော်တွေက အိန္ဒိယနယ်နိမိတ်အတွင်း ဝင်ရောက်ကာ စတင်တိုက်ခိုက်သောကြောင့် နှိမ်နင်းခြင်းခံရကြောင်း၊ နောက်နောင် နိုင်ငံနယ်နိမိတ် ခြံစည်းရိုးခတ်မှုကို မကန့်ကွက်ဖို့ သဘောတူပါကြောင်း စတဲ့အချက်တွေကို မြန်မာဘက်လာရောက်တဲ့တာဝန်ခံကို ခေါ်ယူထားကာ ဖိအားပေးလက်မှတ်ထိုးခိုင်းပြီးမှ လွှဲပြောင်းပေးတာလို့ သိရပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး အိန္ဒိယအစိုးရကို NUGကအချက် (၅)ချက်တောင်းဆိုထားပါတယ်။
အဲ့ဒီထဲမှာ (က)အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်ပေးဖို့၊ (ခ) အိန္ဒိယကို ဆန့်ကျင်တိုက်ခိုက်နေသူတွေ မဟုတ်ဟု သိရှိပါလျက် ရက်စက်စွာသတ်ဖြတ်ခြင်းအပေါ် တာဝန်ယူမှုရှိစွာနဲ့ စုံစမ်းစစ်ဆေး၊ အပြစ်ပေး အရေးယူဖြေရှင်းပေးဖို့၊ (ဂ) နစ်နာမှုတွေအတွက် တာဝန်ယူဆောင်ရွက်ပေးပြီး၊ နစ်နာသူ မိသားစုတွေကို နစ်နာကြေးပေးဆောင်ဖို့၊ (ဃ) နောင်တွင် အလားတူ ကိစ္စများ မဖြစ်စေရေးအတွက် စီမံဆောင်ရွက်ပေးဖို့၊ (င) နှစ်နိုင်ငံ နယ်ခြားစည်းညှိနှိုင်းမှု မပြီးပြတ်သေးတဲ့ကာလမှာ တဖက်သတ် ခြံစည်းရိုးခတ်ခြင်းကို ယာယီရပ်ဆိုင်းထားခြင်းနဲ့ အခုလိုဖြစ်စဉ်တွေကို ရှောင်လွှဲဖို့ဆိုတာတွေ ပါဝင်ပါတယ်။
ဒါ့အပြင် အခုဖြစ်ပွားမှုဟာ အိန္ဒိယနိုင်ငံအစိုးရရဲ့ မူဝါဒသဘောထားရပ်တည်ချက်တစုံတရာကို ကိုယ်စားပြုခြင်းမဟုတ်ဘူးလို့ ယုံကြည်ပါကြောင်းနဲ့၊ NUGအနေနဲ့ အရင်ပေးပို့ထားတဲ့ မူဝါဒအတိုင်းပဲ အိမ်နီးချင်း နှစ်နိုင်ငံအကြား ဆက်ဆံရေးကို အရှည်ရှေးရှုပြီး နယ်စပ်ဒေသကိစ္စရပ်တွေမှာ အတတ်နိုင်ဆုံး ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ဖော်ြပပါတယ်။
အိန္ဒိယနိုင်ငံအစိုးရအနေနဲ့ အခုကိစ္စကိုအလေးထားဆောင်ရွက်ပေးဖို့နဲ့ အမှုမှန်မပေါ်ပေါက်ရင် ဖြစ်လာမယ့်ကိစ္စတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ခက်ခဲသွားနိုင်ကြောင်းကိုလည်း NUGက အထူးမေတ္တာရပ်ခံထားပါတယ်။
အိန္ဒိယနိုင်ငံနဲ့ မြန်မာနိုင်ငံအတွင်းက မြန်မာနိုင်ငံသားပြည်သူတွေအနေနဲ့လည်း အခုကိစ္စအပေါ်မှာ NUGနဲ့ အိန္ဒိယနိုင်ငံအစိုးရပူးပေါင်းဆောင်ရွက်နေတာကို နားလည်ယုံကြည်ပြီး နှစ်နိုင်ငံချစ်ကြည်ရေး ထိခိုက်စေမယ့် ကိစ္စတွေမလုပ်ဖို့နဲ့ အထူးသဖြင့် နယ်စပ်ဒေသရှိ တော်လှန်ရေးအဖွဲ့တွေအနေနဲ့လည်း နိုင်ငံကြီးသားမပီသတဲ့ မည်သည့်ဆောင်ရွက်ချက်တွေကိုမှ မပြုလုပ်ကြဖို့ကိုလည်း အထူးမေတ္တာရပ်ခံထားပါတယ်။
အခုသတ်ဖြတ်ခံလိုက်ရတဲ့ ရဲဘော် ၁၀ ဦးဟာ စစ်ကိုင်းတိုင်း၊ တမူးခရိုင် ကမ္မကြီးကျေးရွာအနီး မြန်မာ-အိန္ဒိယနှစ်နိုင်ငံ နယ်စပ် မြန်မာပြည်ဘက်အခြမ်းမှာ ယာယီစခန်းရွှေ့ပြောင်းတာဝန်ထမ်းဆောင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။








Comments