ပဲခူးတိုင်း မြို့နယ် ၃ခုအတွင်းက စစ်ကောင်စီတပ်စခန်း ၉ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေ တပြိုင်ထဲဝင်ရောက်တိုက်ခိုက်
- BVJ

- Jun 27, 2025
- 1 min read
BVJ/ထက်အောင် _ ဇွန် ၂၅ ၊ ၂၀၂၅

ပဲခူးတိုင်း ညောင်လေးပင်မြို့နယ်၊ ကျောက်တံခါးမြို့နယ်နဲ့ ဖြူးမြို့နယ်အတွင်း ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၉ ခုကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဒီနေ့ ဇွန် ၂၅ ရက် မနက်စောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) က ဒီနေ့ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
ရန်ကုန်-မန္တလေး လမ်းဟောင်းက စစ်ကောင်စီတပ်စခန်းကို ၉ ခုကို NUG MOD လက်အောက်ခံ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ဆင်ရေးနယ်မြေ (၂) ကွပ်ကဲမှုအောက်မှာရှိတဲ့ တပ်ရင်းတပ်ဖွဲ့တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ဖွဲ့တွေက ဒီနေ့ မနက်အစောပိုင်းမှာ တပြိုင်ထဲ ဝင်ရောက်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့ပြီး စခန်းစွန့်ခွာထွက်ပြေးသူတွေရှိခဲ့သလို စစ်ကောင်စီလက်အောက်ခံ ရဲအုပ်တစ်ဦးအပါအဝင် စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီထံက လက်နက်ငယ်အစုံ ၁၆ လက်၊ ခဲယမ်းတွေနဲ့ စစ်ဘက်သုံးပစ္စည်းအများအပြားကို သိမ်းဆည်းရရှိခဲ့သလို တော်လှန်ရေးတပ်ဖွဲ့များက ရဲဘော် ၁ ဦး ကျဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း NUG MOD ဖော်ပြထားပါတယ်။
ယင်းစစ်ဆင်ရေးကို NUG MOD လက်အောက်ခံအဖွဲ့တွေဖြစ်တဲ့ အမှတ်(၂) စစ်ဆင်ရေးနယ်မြေ၊ တိုင်းစစ်ဌာန(ပဲခူး)၊ ဗျူဟာ(၂၄) နဂါးနီစစ်ကြောင်း၊ အာဠာဝကတပ်ရင်း၊ အမှတ်(၃၅၀၃) တပ်ရင်း၊ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ဗျူဟာ(၂၅)၊ အမှတ်(၃၇၀၂) တပ်ရင်း၊ Spring Warriors Column၊ KNLA တပ်ရင်း(၉)၊ ဗျူဟာ(၂၆)၊ တော်ဝင်ဒေါင်းတပ်ရင်းနဲ့ တောကျီးကန်းတပ်ရင်းတို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။


Comments