ထိုင်းနယ်စပ်အနီးမှာ စစ်ကောင်စီဗုံးကြဲတိုက်ခိုက်လို့ ထိုင်းစစ်တပ်က ဝေဟင်၊ မြေပြင်တပ်ဖြန့်ထား
- BVJ

- May 28, 2025
- 1 min read
BVJ/Moore_မေ ၂၈ ၊ ၂၀၂၅

ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့နယ်တောင်ဘက် သေ့ဘောဘိုးတိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ထိုင်းလေတပ်က နယ်စပ်တစ်လျှောက် F-16s တိုက်လေယာဉ် ၂ စင်းနဲ့ လေကြောင်းတပ်ဖြန့် စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင် ဖုတ်ဖရမြို့နယ်နဲ့ကပ်လျက်ရှိနေတဲ့ မြဝတီမြို့နယ် ဝေါလေမြို့ သေ့ဘောဘိုးရွာအနီးမှာ စစ်ကောင်စီနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားနေချိန် စစ်ကောင်စီက ထိုင်း-မြန်မာနယ်စပ်အနီး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
ထိုင်းနယ်စပ်အနီး စစ်ကောင်စီ Yak 130 ဗုံးကြဲလေယာဉ် ဒီနေ့ နေ့လည်ပိုင်းမှာ ဖြတ်သန်းပျံသန်းချိန် ထိုင်းစစ်တပ်က တိုက်ခိုက်ရေးလေယာဉ် ၂ စင်းကို ချက်ချင်းစေလွှတ်ခဲ့တာဖြစ်ပြီး နယ်စပ်တစ်လျှောက် စစ်ကောင်စီလေယာဉ်ကို ကြားဖြတ်ဟန့်တားဖို့ တပ်ဖြန့်စောင့်ကြည့်မှုတွေ လုပ်ဆောင်ခဲ့တာလည်း ဖြစ်ပါတယ်။
အခု မေလဆန်းပိုင်းကလည်း ထိုင်းနယ်စပ်နဲ့ကပ်လျက်ရှိနေတဲ့ တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အတွင်းက ထီးထဗျူဟာစခန်းနဲ့ ထီးခီးစခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေ ထိုးစစ်ဆင်သိမ်းယူချိန် စစ်ကောင်စီဗုံးကြဲလေယာဉ် ထိုင်းလေပိုင်နက်ထဲဖြတ်ကျော်ဝင်ရောက်ခဲ့တာကြောင့် ထိုင်းစစ်တပ်က သတိပေးမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
သေ့ဘောဘိုးတိုက်ပွဲနဲ့ စစ်ကောင်စီလေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံပြည်သူ ၃၇၇ ဦးထက်မနည်း ထိုင်းဘက်ခြမ်းကို စစ်ဘေးရှောင်ဝင်ရောက်လာတာကြောင့် ဒေသအာဏာပိုင်တွေက ယာယီနေထိုင်ဖို့ စီစဉ်ပေးထားတယ်လို့လည်း ထိုင်းသတင်းဌာန The Nation က ဖော်ပြထားပါတယ်။
ထိုင်းနယ်စပ်နဲ့ကပ်လျက် မြန်မာဘက်ခြမ်း တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်း နယ်စပ်တစ်လျှောက် လုံခြုံရေးတင်းကြပ်မှုတွေလုပ်ဆောင်နေသလို စစ်ဘေးရှောင်တွေကိုလည်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေလည်းပေးနေတယ်လို့ သိရပါတယ်။


Comments