“ရှိတဲ့အင်အား၊ကျည်တွေကိုမစုဘဲနဲ့ တစ်ယောက် တစ်ဗိုလ်၊တစ်မင်း သူတလူ၊ ငါတမင်းလုပ်နေလို့ကတော့ အကုန်လုံးတမြို့ပြီးတမြို့ ရန်သူ့လက်ထဲကို ပြန်ပါသွားမှာပဲ”
- BVJ
- 5 days ago
- 4 min read
ဒီကန့်ဒေါင့်ရဲစခန်းကနေစပြီး ပုလဲထိတလျောက်လုံးမှာ ရန်သူ့လက်ထဲရောက်နေပြီ။ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပြီ။

မိုနာ/BVJ_ စက်တင်ဘာ ၂၀၊ ၂၀၂၅
ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAအနေနဲ့ အညာဒေသတွင်းတိုက်ပွဲဝင်နေတဲ့အခြေအနေ၊ စစ်ရေးနဲ့ပတ်သက်ပြီး မြေပြင်မှာကြုံတွေ့ရတဲ့အခက်အခဲတွေအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ-NUG၊ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ မဟာမိတ်ဆက်ဆံရေးအခြေအနေတွေနဲ့ စုဖွဲ့မှုတို့ကို PLA အထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကို Burma VJက ဆက်သွယ်မေးမြန်းထားပါတယ်။
မေး-PLAအနေနဲ့ လက်ရှိအညာဒေသတွင်းမှာ စစ်ရေးဖော်ဆောင်မှုအခြေအနေကို အရင်ပြောပြပေးပါဦး။
PLA-အခုPLAအနေနဲ့ အညာဒေသတွင်းမှာစစ်ရေးဖော်ဆောင်နေတာတွေကတော့ ကန့်ဘလူဘက်တွေမှာလည်းစစ်ရေးဖော်ဆောင်တာရှိတယ်။ တလောကဆိုရင် ရန်သူကင်းလှည့်တဲ့စစ်ကြောင်းကိုကြားဖြတ်ဝင်ပြီးတော့ တိုက်တာရှိတယ်။ စစ်ကိုင်းတိုင်းထဲမှာ ၁၅မြို့နယ်လောက်မှာရှိတယ်။ အဲ့ဒီမှာ လိုကယ်တပ်ဖွဲ့တွေ၊ နောက်ပကဖတို့ PDFတပ်ရင်းတွေနဲ့ ပေါင်းပြီး တိုက်ပွဲတွေဖော်ဆောင်တာတွေရှိတယ်။ နောက်ပုလဲဘက်မှာဆိုရင် တလောက ကန့်ဒေါင့်တိုက်ပွဲကို အောင်မြင်အောင်တိုက်နိုင်ခဲ့တယ်။ နောက်ပြီးတော့ လေယာဉ်တစင်း၊ ဂျက်ဖိုက်တာတစင်းကို အောင်မြင်စွာပစ်ချနိုင်ခဲ့တယ်။ ကန့်ဒေါင့်ရဲစခန်းကိုလည်း အောင်မြင်အောင်သိမ်းပိုက်နိုင်ခဲ့တယ်။ အခုလက်ရှိလည်း အဲ့ဒီနယ်တကြောမှာတော့ နယ်မြေထိန်းသိမ်းတာတွေ၊ လှုပ်ရှားမှုတွေတော့ရှိနေပါတယ်။
မုံရွာ၊ရွှေဘို၊ မကွေးဘက်တွေ နေပြည်တော်လမ်းပိုင်း အဲ့ဒီဘက်တွေမှာလှုပ်ရှားတာတွေလည်း ရှိတယ်။ တနင်္သာရီဘက်မှာလည်း လှုပ်ရှားတာရှိတယ်။ ကျတဲ့နေရာမှာပေါ့နော်။ မဗာပြည်အနှံ့နီးပါးလောက် လှုပ်ရှားနေတာရှိတယ်။ အဓိကကတော့ စစ်ကိုင်းမှာ အင်အားပိုပြီးလှုပ်ရှားတယ်။ နောက် မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲမှာလှုပ်ရှား တာတွေရှိတယ်။ တွင်းငယ်၊ ၇မိုင်၊ ကျောက်ကြီးဘက်မှာလည်း လှုပ်ရှားတိုက်ပွဲဝင်တာတွေရှိပါတယ်။ မတ္တရာဘက်မှာလည်းရှိတယ်။ အခုနောက်ပိုင်းတော့ မတ္တရာဘက်က နည်းနည်းလေးအနားပေးထားတယ်။ တောက်လျောက်ကတော့ မန္တလေး-PDFနဲ့ ပေါင်းပြီးတော့ တိုက်ပွဲဝင်တာတွေရှိပါတယ်။
မေး-PLAက စစ်ရေးဖော်ဆောင်နေတဲ့ဒေသတခုဖြစ်တဲ့ အထူးသဖြင့် စစ်ကိုင်းတိုင်း၊ ဒီပုလဲဒေသမှာဆိုရင် NUGအောက်က တပ်ရင်းတပ်ဖွဲ့တွေ၊ ပကဖတွေအပါအဝင် ပသုံးလုံးယန္တရားတွေနဲ့ ဗိုလ်နဂါးတို့လို ဒေသကာကွယ်ရေးတပ်ဖွဲ့တွေလည်းရှိတော့ မြေပြင်တိုက်ပွဲတွေနဲ့စုဖွဲ့မှုတွေကိုရော တပ်ဖွဲ့တွေကြားဘယ်လိုညှိနှိုင်းယူကြပါသလဲ။ စစ်ရေးနဲ့ပတ်သက်ပြီးတော့မြေပြင်မှာ အခက်အခဲ ကြုံတွေ့ရတာမျိုးရောရှိပါသလား။
PLA-ဒီပုလဲဒေသမှာကျတော့ NUGအောက်ကတပ်ရင်း၊ တပ်ဖွဲ့တွေလည်းများတယ်ပေါ့နော်။ ပကဖတွေလည်းရှိတယ်။ ဗိုလ်နဂါးတို့တပ်ဖွဲ့တွေလည်းရှိတယ်။ တခြားလိုကယ်အဖွဲ့တွေလည်း အများကြီးရှိတယ်ပေါ့နော်။ ကန့်ဒေါင့်တိုက်ပွဲတုန်းကတော့ ကျမတို့ကစစ်ရေးအရဦးဆောင်ပြီး တိုက်တဲ့အခါမှာ ကျန်တဲ့အဖွဲ့တွေကတတ်နိုင်သလောက်ပေါင်းပြီး တိုက်တာရှိတယ်။ ကျန်တဲ့အဖွဲ့ ဆိုတာက တချို့စစ်ကိုင်းဘက်ကနေကူးလာပြီးတိုက်တာတွေရှိတယ်ပေါ့နော်။ အဲ့ဒီကဒေသခံအဖွဲ့ တွေလည်း ပေါင်းပြီးတိုက်တာရှိတယ်။ တချို့ကျတော့ တိုက်ခိုက်ရေးမှာမပါဘူး ဖြတ်တောက်ရေး မှာပါတယ်။ တချို့ကထောက်ပို့ပိုင်းမှာပါတာတွေရှိတယ်။ တချို့အဖွဲ့တွေကလည်း ဆေးကုတဲ့အပိုင်းတွေရှိတယ်။
ပုလဲဒေသက ပြောမယ်ဆိုရင် ဒီနွေဦးတော်လှန်ရေးမှာ လက်နက်ကိုင်တော်လှန်ရေးစလုပ်တဲ့ အစောဆုံးစထွက်လာတဲ့ဒေသထဲမှာပါတယ်ပေါ့နော်။ အဲ့တုန်းက ဗိုလ်နဂါးအဖွဲ့တွေလည်း အရမ်းအင်အားကောင်းတယ် နောက်ပိုင်းကျတော့ ဒီNUGရင်းတွေနဲ့ ပသုံးလုံးတွေနဲ့ပွတ်တိုက်မှုတွေ ဖြစ်ပြီးတော့ နည်းနည်းအားလျော့သွားတာရှိတယ်။ ဒါပေမယ့် ဗိုလ်နဂါးအဖွဲ့က ရှမ်းမြောက်မှာတုန်းက ၁၀၂၇စစ်ဆင်ရေးမှာသူတို့ဝင်တိုက်ပေးတာတွေရှိတယ်။ ကျမတို့လည်း ရှမ်းမြောက်မှာတုန်းက သူတို့နဲ့တွေ့ဖူးထားတယ်၊ ချိတ်ဆက်ထားတယ်။ လိုအပ်လာရင် ကျမတို့ ကျောချင်းကပ် ရင်ချင်းကပ်ပြီးတော့ပေါင်းတိုက်မယ်ဆိုပြီးတော့ ပြောထားတာတွေရှိပါတယ်။ အဲ့ဒီတော့ ကျမတို့က ဗိုလ်နဂါးအဖွဲ့ပဲဖြစ်ပစေ၊ ပသုံးလုံးအဖွဲ့ဖြစ်စေ၊ အဲ့ဒီမှာရှိတဲ့ PDFရင်းတွေ၊ ဒီပုလဲတခုထဲလည်းမဟုတ်ဘူး ဒီမှာယင်းမာပင်ရှိတဲ့အဖွဲ့တွေအကုန်လုံးကို ကျမတို့ကလက်တွဲပြီး ဆောင်ရွက်ဖို့ တံခါးလည်းဖွင့်ထားတယ်။ ပြောလည်းပြောပါတယ် အပြန်အလှန်ကူညီကြဖို့ကို။ အဲ့ဒီမှာ ဗိုလ်နဂါးအဖွဲ့တွေ ယင်းမာပင်တို့က ရင်းတွေရော ပုလဲရင်းတွေထဲမှာရောပေါ့နော် ကျမတို့နဲ့ ဒီKIAမှာသင်တန်းပေးတုန်းက သင်တန်းသားတွေအနေနဲ့လာတက်တဲ့ရဲဘော်တွေက ရင်းမှူးတွေဖြစ်၊ ကေဒါတွေဖြစ်ကြတဲ့ လူတွေလည်းရှိတယ်။ PDFတွေထဲမှာလည်း အများကြီး။ အဲ့အခါကျတော့ အရင်ကလူဟောင်းတွေ ပြန်တွေ့တော့ အပြန်အလှန်ကူညီဖို့ညှိရနှိုင်းရတာတွေမှာ နည်းနည်းပိုအဆင်ပြေတာမျိုးလည်းရှိတယ်။ တချို့ကျတော့ဘယ်လိုဖြစ်လဲဆိုတော့ နည်းနည်းအစိုးရစိတ်များနေတာပေါ့နော်။ အစိုးရစိတ်ပေါက်ပြီးတော့ ဘယ်သူပဲလာတိုက်တိုက် ဒီနေရာက ငါတို့လက်အောက်ကပဲအားလုံးဖြတ်ရမယ်ဆိုတဲ့ သဘောမျိုးပေါ့နော်။ မင်းတို့ဘာသာ ဘယ်လိုပဲတိုက်ထားတိုက်ထား ငါတို့ကတော့အုပ်ချုပ်မှာပဲ၊ အခွန်အခလည်းလာမကောက်နဲ့ ပိုက်ဆံလည်းလာမကောက်နဲ့ ငါတို့အောက်ကပဲအားလုံးဖြတ်သန်းပြီးသွားကြဆိုတဲ့ ပုံစံမျိုးသွားချင်တဲ့ အဖွဲ့တွေလည်းရှိတယ်ပေါ့နော်။ ဆိုတော့ အဲ့ကိစ္စတွေလည်းတော်တော်တော့ ညှိရဦးမှာပေါ့နော်။ ဘာလို့ဆို တကယ်တိုက်နေတဲ့အချိန်ကျရင် ကျည်လည်းမလာဘူး၊ လူလည်းမလာဘူး တိုက်လို့ပြီးသွားပြီဆိုမှ အခွန်ကောက်ချင်တယ်၊ တို့ကအစိုးရမို့လို့ တို့ပဲကောက်မယ် ကျန်တဲ့သူကောက်ခွင့်မရှိဘူး၊ ဒီနေရာကငါတို့အုပ်ချုပ်မယ်၊ ဟိုလူလာမနေနဲ့ ဒီလူလာမနေနဲ့ အဲ့ဒီလိုမျိုးတွေရှိတယ်။ အဲ့ဒီလိုရှိတဲ့အပေါ်မှာ အခက်အခဲတွေရှိတယ်။ ကျမအမြင်ကတော့ ဗိုလ်နဂါးအဖွဲ့ပဲဖြစ်စေ၊ ပသုံးလုံးပဲဖြစ်စေ၊ ကျန်တဲ့အဖွဲ့တွေက ဘုံရန်သူကတခုထဲပဲ။ အဲ့ဒီဘုံရန်သူကိုဦးတည်တိုက်ဖို့ ကိုယ်ဘယ်ဘက်ထောင့်ကနေ နိုင်တဲ့ဘက်ကနေ ဘယ်လိုဝိုင်းကူပေးမလဲပေါ့။ ရှေ့ဆုံးကတိုက်တဲ့နေရာမှာကိုယ်မပါဘူးဆိုရင် နောက်ကဖြတ်တိုက်တဲ့ထဲပါ။ မဟုတ်လည်း ထောက်ပို့ထဲကိုပါပေါ့နော်။ အဲ့ဒီလိုတခုခုအပိုင်းကနေ သေသေချာချာဆောင်ရွက်ပေးမှ ရမယ်။ ရှေ့ကဦးဆောင်တော့လည်းမပါ အလယ်ကလည်းမပါ၊ နောက်ကလည်းမပါဘဲနဲ့ ဘေးကထိုင်ပြီး ငါတို့ဒေသ၊ ငါတို့ပဲနေမယ့် ဘယ်သူမှဝင်မလာနဲ့၊ ဒီအဖွဲ့တွေလာရင်မထောက်ခံနဲ့ဆိုပြီး ရွာတွေမှာလိုက်စည်းရုံးပြီးပြောတာမျိုးတွေ၊ ဒါမျိုးတွေ လုပ်တာကိုလည်းပြန်သိရတယ်။ တော်လှန်ရေးအဖွဲ့ချင်းတူတူမှာ အဲ့ဒါမျိုးတွေလုပ်ပြီဆိုရင် သိပ်အဆင်မပြေဘူး။ အဲ့ဒါမျိုးတွေရှိတယ်။ ပုလဲက ကျမသိသလောက်ကတော့ နှစ်ရပ်ကွက်ပဲရှိတယ်။ ရွာက ၅၉ရွာ အဲ့လိုသိထားတယ်။ ဆိုတော့ ရပ်ကွက် နှစ်ရပ်ကွက်သာပြောတာ ဗိုလ်တွေကအများကြီးပဲ။ မြို့လေးကသေးသေးလေးမယ့် ဗိုလ်များတယ်။ နောက်တခုကရွာတွေမှာ တစ်ရွာမှာ ဆယ်ဗိုလ်လောက်ဖြစ်နေတယ်။ ရွာတစ်ရွာမှာ ဆယ်ဗိုလ်လောက်ဖြစ်နေတယ်ဆိုတော့ မြို့ဆိုရင်တော့တွက်ကြည့်ပေ့ါနော်။ အဲ့လိုဆိုတော့ အကုန်လုံးကဗိုလ်လုပ်ချင်တာများနေတယ်။
ဒီအဖွဲ့ကနိုင်ငံရေးအရဦးဆောင်မှုများတဲ့အဖွဲ့၊ ပိုပြီးတော့အစဉ်အလာကြီးတဲ့အဖွဲ့၊ ပိုပြီးတိုက်ရဲ ခိုက်ရဲ ပိုပြီးတိုက်ချင်ခိုက်ချင်တဲ့အဖွဲ့ဆိုရင် သူ့ကိုငါတို့ဦးစားပေးမယ်၊ တို့ကနောက်ကဝန်းရံမယ်။ အဲ့ဒီလိုမျိုးမရှိဘူး။ အကုန်လုံးက လုပ်ငန်းတွေအကုန်လုံးမှာ ဗိုလ်နေရာတွေကပဲလိုချင်နေတဲ့သူတွေ များတယ်။ တချို့ကျလည်း တကယ်ကိုစွန့်စွန့်စားစားတိုက်တဲ့အဖွဲ့တွေလည်း အများကြီးရှိပါတယ် အဲ့ဒီမှာ။ ဒါပေမယ့် ဘယ်သူ့ဦးဆောင်မှုအောက်ကို ပေါင်းတိုက်မလဲ၊ ဝင်တိုက်မလဲဆိုတဲ့ဟာတွေမှာ အခက်အခဲတွေရှိနေတယ်။ အုပ်စုတစုအင်အားကြီးလာပြီဆိုရင် ဝိုင်းဝန်းဖို့မစဉ်းစားဘဲ အဲ့ဒီအုပ်စုကို ဝိုင်းပြီးဖမ်းနှိမ်ပစ်လိုက်မယ်၊ ချိုးဖယ်ပစ်လိုက်မယ်ဆိုတဲ့ စိတ်ဓါတ်မျိုးတွေ များနေတယ်။ ငါတို့ဒေသ ငါတို့ပဲအုပ်ချုပ်မယ်၊ ငါတို့ကအစိုးရ။ မင်းတို့ကဟိုနေရာသွားခွင့်မရှိဘူး ဒီနေရာသွားခွင့်မရှိဘူး။ အဲ့လိုမျိုးတွေဆိုတော့ တကယ်စစ်ပွဲတပွဲတိုက်တယ်ဆိုတာက ကျည်ကိုသိန်းနဲ့သန်းနဲ့ချီပြီးကုန်တာနော်။ ဒါကျည်အသေးပဲရှိသေးတယ် ကျည်အကြီးမပါသေးဘူး။ အဲ့လိုကုန်တဲ့ဟာကျည်တတောင့်ကို တသောင်းခွဲထား ပျမ်းမျှပေါ့နော်။ အဲ့လိုသိန်းကိုထောင်နဲ့သောင်းနဲ့ချီပြီး ကုန်ထားတဲ့တိုက်ပွဲတွေကို တိုက်ထားတဲ့အဖွဲက အခွန်ဆိုလည်း ကောက်လို့မရဘူး။ ဘာဆိုလည်းလုပ်လို့မရဘူး ပေးလားဆိုလည်းသူတို့လည်း မပေးနိုင်ဘူး။ အခွန်ကောက်တာ လူထုဆီမဟုတ်ရင်တောင်မှ လုပ်ငန်းရှင်တွေပေါ့၊ နိုင်ငံခြားထိကို exportတွေထုတ်နိုင်တဲ့လုပ်ငန်းရှင်တွေရှိတယ်။ အဆင်ပြေနေတဲ့လုပ်ငန်းရှင်တွေအများကြီးရှိတယ် သူတို့ကိုလည်း တော်လှန်ရေးထဲမှာဝင်ပြီးတော့ တာဝန်ထမ်းခိုင်းရမှာပေ့ါနော်။ ဘယ်အစိုးရတက်တက် သူတို့ကအေးဆေးနေပြီးတော့ ကိုယ့်ဘာကိုယ်ကြီးပွားတိုးတက်အောင် လုပ်နေတဲ့သူတွေအများကြီးပဲ။ ပုလဲမှမဟုတ်ဘူး။ နေရာတိုင်းမှာရှိတယ်။ မင်းကင်း၊ ကနီ နေရာစုံရှိတယ်။ သူတို့ဆီကလည်း အလှုငွေတွေကောက်ပြီး အခွန်တွေကောက်ပြီး တော်လှန်ရေးထဲကို ထည့်မှရမယ်။ ဒီက အသက်တွေရင်းပြီး ကိုယ်လက်အင်္ဂါတွေပေးဆပ်ပြီး တိုက်ထားတဲ့အဖွဲ့တွေက ကျည်ပြန်ဖြည့်မယ်ငွေလိုတယ်ဆို ဘယ်သူကပေးလဲ ဘယ်သူမှမပေးဘူး။ အခုနောက်ပိုင်းပေးတော့ ပေးလာတယ် အနည်းအကျဉ်းပေးလာတာတွေတော့ရှိတယ်။ ကျန်တဲ့အရှေ့ပိုင်းကတော့ မရဘူး။ အဲ့တော့ ငွေကလည်းမပေးဘူး ကျန်တဲ့စစ်ရေးအကူအညီကလည်းမပေးဘူး။ ပြီးလည်းပြီးရော ကိုယ်ပဲဆက်အုပ်ချုပ်မယ်ဆိုတော့ အဲ့ဒီကုန်သွားတဲ့ကျည်တွေ၊ သေသွားတဲ့သူတွေကတော့ အသက်ပြန်မရတော့ဘူး။ ခြေလက်အင်္ဂါ ပြတ်သွားတဲ့သူတွေကလည်း အစားပြန်မရတော့ဘူး သဘာဝအတိုင်းမဖြစ်တော့ဘူး။ မျက်စိကန်း သွားမယ် အဲ့ဒါတွေကိုပြုစုပေးရမယ် ခြေတုလက်တုတပ်ပေးရမယ်။ အဲ့ဒါတွေအတွက် ငွေတွေလိုတယ် အဲ့ဒါဘယ်သူပေးမှာလဲ။ အဲ့ဒါတွေကိုလိုအပ်လို့မှ အလှုခံမယ် အခွန်ကောက်မယ်ဆိုတော့ ဟာ PLAက ဆက်ကြေးကောက်နေတယ်ဆိုပြီးဖြစ်တယ်။ အဲ့ဒီကုန်ထားတဲ့ သိန်းသန်းပေါင်းများစွာအတွက် ကျည်အတွက်တွေကိုပြန်ဖြည့်ဖို့ဆို ငွေတွေလိုတယ်၊ ရှာရမယ်။ စီးပွားရေးလုပ်ငန်းကောင်းကောင်းမရှိဘူးဆို အခွန်ကောက်တွေ ဘာတွေနဲ့လုပ်ရမှာပေ့ါနော်။ ဒါတွေကိုနားလည်ပေးဖို့လိုတယ်။ ပုလဲဒေသတင်မဟုတ်ဘူး ကျန်တဲ့ဒေသအကုန်လုံးမှာလည်း အဲ့တိုင်းပါပဲ။ စုပေါင်းတိုက်ထားတဲ့အဖွဲ့တွေက ကျည်တွေဖြည့်ဖို့ ခဲယမ်းရိက္ခာတွေဖြည့်ဖို့ဆိုရင် ခွင့်ပြုပေးရမယ်တစုံတရာ။ ခွင့်ပြုမပေးဘဲနဲ့ တိုက်တာကအတူတူ တိုက်ကြပြီး ရတဲ့အချိန်ကြမှငါတို့ပဲယူမယ်ဆိုတဲ့ပုံစံမျိုးဆိုရင် အဆင်မပြေဘူး။ အဲ့ဒါလေးတခုပဲ ပြောချင်တာပါ။ အဲ့တော့ ဗိုလ်တွေများတာတွေကိုလျော့ပြီးတော့ တကယ်အလုပ်လုပ်နိုင်တဲ့သူကို လေးလေးစားစားနဲ့ ဝိုင်းကူတာမျိုးတွေလုပ်သင့်တယ်။ လုပ်လိုက်ရင်တော့ အဲ့မှာအဆင်ပြေသွားမှာပါ။ မဟုတ်ရင်တော့ ဗိုလ်လုနေတာနဲ့တင်...။ အခုပဲကြည့်လေ ရန်သူက တောက်လျောက်ပြန်ထိုးလာတယ်။

BVJ-ကန့်ဒေါင့်ရဲစခန်းကိုPLAကသိမ်းပြီးနောက်ပိုင်း ပုလဲ-ကန့်ဒေါင့်လက်ရှိအခြေအနေနဲ့ စစ်ကောင်စီစစ်ကြောင်းလှုပ်ရှားမှုတွေရော ဘယ်လိုရှိနေပါသလဲ။
PLA- အခုကန့်ဒေါင့်ရဲစခန်းရော အဲ့ဒီကနေ ပုလဲအထိလမ်းတလျောက်လုံး ကားလမ်းတလျောက်လုံး ရွာကြီး၊ ရွာသေးတွေအကုန်လုံးကို ပြန်ထိုင်သွားပြီ စကစက။ အဲ့မှာဗိုလ်လုပ်နေတဲ့အဖွဲ့တွေ အများကြီးရှိတယ်။ အဲ့မှာတိုက်ကြပါလား စုပြီးတော့။ မတိုက်ဘူး အဲ့ကျတော့ ဟိုလူ့စောင့်တာလိုလို ဒီလူ့စောင့်လိုလို ဟိုဟာမရှိတာလိုလို ဒီဟာမရှိတာလိုလိုနဲ့။ ကိုယ်တွေကအကုန်လုံးတိုက်ပြီးလို့ ရသွားပြီဆိုမှ အခွန်ကမကောက်ရဘူးတို့၊ ဟိုလိုမလုပ်ရဘူးတို့ အဲ့လို။ တကယ်အဲ့ဘက်မှာလူညီတယ်ဆို အဖွဲ့တွေအများကြီးပဲ ရန်သူအဲ့လောက်ထိ ဝင်လာစရာအကြောင်းကိုမရှိတာ။ အခုကြည့်တလျောက်လုံး ဒီကန့်ဒေါင့်ရဲစခန်းကနေစပြီး ပုလဲထိတလျောက်လုံးမှာ ရန်သူ့လက်ထဲရောက်နေပြီ။ စစ်ကောင်စီလက်ထဲ ပြန်ရောက်သွားပြီ။ ဆိုတော့ အများကြီးညီညွတ်အောင်လုပ်ဖို့လိုသေးတယ်ပေါ့နော်။ ညီညွတ်တယ်ဆိုရင် ကျည်အင်အား၊ ယမ်းအင်အားနည်းရင်တောင်မှ စိတ်ဓါတ်နဲ့စုပေါင်း ဆောင်ရွက်နေရင်ရတယ်။ အခုကျတော့ သူတိုက်ရင်ငါနဲ့မဆိုင်သလိုနေ ငါတိုက်ရင်သူမဆိုင်သလိုနေဆိုတော့ ရန်သူကအေးဆေးလေ။တသက်လုံး စစ်တိုက်စားလာတဲ့ လူတွေ။ သူတို့မှာလေယာဉ်လည်းရှိ လူအင်အားလည်းရှိတယ်။ အခုပေါ်တာဆွဲထားတဲ့လူတွေရှိ တယ်။ ပေါ်တာဆွဲထားတဲ့လူတွေဆိုပြီး လျော့တွက်လို့မရဘူး သူတို့ကတသွေးတသံ တမိန့်နဲ့ လုပ်ထားတာ။ တော်လှန်ရေးအဖွဲ့တွေကိုသူပြောင်းလာချင်တယ်ဆိုရင်တောင်မှ နောက်ကနေ ကျည်ဖောက်မှာစိုးလို့ မပြောင်းလာရဲဘူး။ နောက်ဆုံးသေတဲ့အထိ တိုက်သွားရမှာ။ အခုမှပြောင်းလာတဲ့သူတွေပဲ ငါတို့လျော့တွက်လို့ရတယ်ဆိုပြီး ပေါ့ပေါ့လေးတွေးလို့မရဘူး။ ရန်သူကလုပ်ထားတာ။ ရန်သူကအင်အားလည်းဖြည့်ထားပြီးသား။ လေယာဉ်၊ ဗုံး၊လက်နက်ကြီး၊ ဒရုန်း မျိုးစုံကိုကြဲတာ။ အဲ့ဒီထဲမှာ ကိုယ့်လူတွေက ရှိတဲ့အင်အား၊ ကျည်တွေကိုမစုဘဲနဲ့ တစ်ယောက် တစ်ဗိုလ်၊တစ်မင်း သူတလူ၊ ငါတမင်းလုပ်နေလို့ကတော့ အကုန်လုံးတစ်မြို့ပြီးတစ်မြို့ ရန်သူ့လက်ထဲကို ပြန်ပါသွားမှာပဲ။ အဲ့ဒါမြင်နေတယ်ပေါ့နော်။ ပါးစပ်နဲ့စုလို့မရဘူး လက်တွေ့စုမှ ရမယ်လို့ ကျမမြင်တယ်။
BVJ-အခုသပိတ်ကျင်းကို စစ်အုပ်စုဘက်ကပြန်သိမ်းသွားပြီဆိုပြီးပြောနေပေမယ့် တဖက်မှာလည်းတိုက်ပွဲတွေဖြစ်နေတာမျိုးကြားရတယ်။ PLAအနေနဲ့လည်း ကျောက်ကြီး၊ ၇မိုင်တို့ဘက်မှာတိုက်တာတွေရှိတော့ လက်ရှိသပိတ်ကျင်းအခြေအနေနဲ့ပတ်သက်ပြီး သိရသလောက်ပြောပြပေးပါဦး။
PLA-လက်ရှိသပိတ်ကျင်းမြို့ပေါ်ကို ရန်သူကသိမ်းသွားပြီ။ သူလည်းရပ်ကွက်နှစ်ကွက်လောက်ပဲရှိတော့ အဲ့ဒါကိုသိမ်းသွားတော့ အဲ့နားတလျောက် ဒီမိုးကုတ်ဘက်ကိုသွားတဲ့လမ်းတလျောက်မှာတော့ တော်လှန်ရေးတပ်ဖွဲ့တွေက အကုန်လုံးပိတ်ဆို့ တားဆီးထားတယ်ပေ့ါနော်။ တားဆီးထားတော့ ရန်သူကအရှေ့ကိုတိုးလို့တော့မရဘူးပေါ့။ အရင်တုန်းက ကျမတို့ကမတ္တရာဘက်တွေမှာတိုက်နေတာတွေရှိတော့ အဲဘက်လည်း သူတို့သိပ်တိုးလို့မရဘူး။ ဒါပေမယ့် ရန်သူကတော့တဖြည်းဖြည်းတိုးလာနေတယ်။ နောက်တခုက သပိတ်ကျင်းဆိုလည်း ဒီဇရပ်ကွင်းတို့ဘာတို့နားမှာ လမ်းလယ်ကျစ်ဆိုတဲ့ရွာနားမှာ တိုက်ပွဲတွေဖြစ်ကြတယ်။ တိုက်ပွဲတွေပြင်းထန်တယ်လို့သိရတယ်။ လေယာဉ်နဲ့တောက်လျောက် ဗုံးကြဲတာတွေ လက်နက်ကြီး၊ငယ်တွေနဲ့ ရန်သူကသူနိုင်တာတွေနဲ့လုပ်တယ်။ ဒီဘက်ကလည်း စုပေါင်းအားတွေနဲ့တိုက်နေတာတွေလည်းရှိတယ်။ ပြင်းထန်တိုက်ပွဲတွေဖြစ်နေတာတော့ သိရပါတယ်။ ကျမတို့ PLAအနေနဲ့ကတော့ ဒီကျောက်ကြီးတို့ ၇မိုင်တို့ဘက်မှာတောက်လျောက် ကာပြီးတော့တိုက်ပေးနေတယ်။ အရင်တုန်းကတော့ ဖော့တောလမ်းဆုံကိုတိုက်တဲ့ထဲမှာ ကျမတို့ PLAနဲ့ TNLAနဲ့ အဓိကတိုက်တယ်။ ခလရ ၁၄၈ပါတယ်တိုက်တဲ့ထဲမှာ။ ၇မိုင်၊ ကျောက်ကြီး တောက်လျောက်ကာပေးထားတာ တစ်နှစ်ကျော်သွားပြီ။ ၁၀၂၇စစ်ဆင်ရေး ဒုတိယလှိုင်းစထဲကိုက အခုချိန်ထိပဲ။ နောက် တွင်းငယ်မှာပေါ့နော် တွင်းငယ်ကတော့ နောက်ဆုတ်ပေးလိုက်ရတယ်။ အဲ့ဒါကလည်း လူမညီတဲ့အပေါ်တွေမှာ သေချာမကူနိုင်တဲ့အပေါ်တွေမှာ နောက်ဆုတ်လိုက်ရတာ။ အခုတော့အဲ့ဒီနားမှာ သေချာလူညီညီနဲ့ ကာထားပါတယ်။ ABSDFရော SR-3တို့ တအာန်းတပ်တွေ၊ ကျမတို့ PLAတပ်တွေအကုန်လုံးစုပေါင်းပြီးတော့ ကာထားပါတယ်။ ပကဖတွေလည်းရှိပါတယ် အဲ့ဒီမှာ။ ပေါင်းပြီးတော့ ကာထားတယ်။ လူညီတယ်ဆိုရင် ရန်သူလည်းထင်တိုင်းကြဲ ရှေ့ကို တိုးလို့မရဘူးပေါ့။ တခါတခါလေယာဉ်နဲ့ဗုံးချတာရှိပေမယ့် အခုချိန်မှာတော့ ဘက်မှာငြိမ်နေတယ်ပေါ့နော်။ အခုချိန်ကသူတို့က သပိတ်ကျင်း လိပ်ကျတို့ဘာတို့နားက လမ်းလယ်ကျစ်နားမှာတိုက်ပွဲဖြစ်နေတယ်။ ကျမတို့တွေကတော့ ၇မိုင်၊ ကျောက်ကြီးဘက်မှာ ကာထားတယ်။ လိုအပ်ရင်တော့လည်း အဲ့ဘက်တွေသွားရမှာပေါ့နော် အခြေအနေကတော့ အဲ့ဒီလို ရှိပါတယ်။

BVJ-ကန့်ဒေါင့်စခန်းသိမ်းတိုက်ပွဲတုန်းမှာ PLAကအမျိုးသမီးရဲဘော်တွေလည်း ပါဝင်တိုက်ခိုက်ခဲ့ကြတာရှိတယ်။ ကိုယ်တိုင်လည်းလက်နက်ကိုင်တော်လှန်ရေးမှာပါဝင်နေသူ အမျိုးသမီးတစ်ယောက်ဖြစ်တော့ ဒီတော်လှန်ရေးမှာအမျိုးသမီးတွေရဲ့ပါဝင်မှု၊အရေးကြီးမှုကို PLAကဘယ်လိုသုံးသပ်ထားပါသလဲ။
PLA-အမျိုးသမီးရဲဘော်တွေ တော်လှန်ရေးထဲကိုပါဝင်လာဖို့က အင်မတန်ခက်ခဲပါတယ်။ ခက်ခဲတဲ့ကြား ထဲကနေ ယောကျ်ားတွေနဲ့အမျိုးသားတွေနဲ့ရင်ဘောင်တန်းပြီး ကြံ့ကြံ့ခံတဲ့အမျိုးသမီးတွေကိုလည်း အလေးနီပြုပါတယ်။ ကျမကိုယ်တိုင်လည်း ဒီလက်နက်ကိုင်တော်လှန်ရေးထဲမှာပါဝင်နေသူဆိုတော့ တော်လှန်ရေးထဲမှာ အမျိုးသမီးတွေရဲ့အခန်းကဏ္ဍက သိပ်ပြီးတော့အရေးကြီးပါတယ်။ အမျိုးသမီးတွေတော်လှန်ရေးထဲပါဝင်လာတဲ့အပိုင်းက နည်းနေသေးတယ်။ ထောက်ပို့ပိုင်း၊ ချက်ရေးပြုတ်ရေး၊ ရုံးပိုင်းတွေမှာပဲ၊ တိုက်ခိုက်ရေးပိုင်းမှာ အမျိုးသမီးတွေနည်းနေသေးတယ်။ တိုက်ခိုက်ရေး၊နည်းပညာပိုင်းနဲ့ ပေါ်လစီmakerပိုင်းတွေမှာလည်း အမျိုးသမီးတွေပါဝင်ပြီးတော့ အလုပ်လုပ်နိုင်မယ်ဆိုရင် တော်လှန်ရေးအတွက်အရွေ့က အကြီးကြီးဖြစ်သွားမယ်။ အမျိုးသမီး တွေကိုယ်တိုင်လည်း ကိုယ့်ကိုအရည်အချင်းရှိအောင် စာရိထ္တပိုင်းရော၊ စစ်ရေး၊ နိုင်ငံရေး၊ နည်းပညာ အကုန်လုံးဖြည့်သင့်ဖြည့်ထိုက်တဲ့ ပညာရပ်တွေကိုဖြည့်ပြီးတော့ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်နိုင်မယ်၊ အမျိုးသားတွေကလည်း အမျိုးသမီးတွေရဲ့တန်ဖိုးကို တန်ဖိုးထားလေးစားပြီးနေပေး နေရာပေးမယ်ဆိုရင် ဒီတော်လှန်ရေးက အရွေ့တွေက ပိုမြန်သွားမယ်လို့ မြင်ပါတယ်။
အရင်တုန်းက ကျမတို့ကွန်မြူနစ်တပ်မှာဆိုရင် ဒီလက်နက်ကြီးတပ်တွေမှာဆိုရင် အမျိုးသမီးတွေပါ တာလည်းရှိတယ်။ နောက်ဆက်သွယ်ရေးပိုင်းတွေ သတင်းကြားဖြတ်နားထောင်တဲ့အပိုင်းတွေ အဲ့ဒါ တွေမှာ အမျိုးသမီးတွေအများကြီးလုပ်ပေးတာရှိတယ်။ ဆေးဝါးပိုင်းတွေရော။ နိုင်ငံရေးမှူးတွေ၊ တပ်မှူးပိုင်းတွေမှာရော အမျိုးသမီးတွေပါတယ်။ ကေဒါတွေ ဗဟိုဦးစီးအဖွဲ့ ဗဟိုကော်မတီမှာလည်း အမျိုးသမီးတွေပါဝင်ထမ်းဆောင်တာတွေရှိတယ်။ အဲ့ဒီအခါကျတော့ အမျိုးသမီးတွေကို ဒီထက်ပိုပြီး ယုံယုံကြည်ကြည်နဲ့တာဝန်ပေးပြီးတော့ ထမ်းဆောင်ခိုင်းမယ်ဆိုရင် ကျမတို့PLAအနေနဲ့ ရော ကျန်တဲ့အဖွဲ့အစည်းတွေအနေနဲ့ရောပေါ့နော် တာဝန်ပေးထမ်းဆောင်ခိုင်းမယ်ဆိုရင် တော်လှန်ရေးကအများကြီးအထောက်အကူဖြစ်ပါလိမ့်မယ်။ ဦးဆောင်တဲ့အခန်းကဏ္ဍကိုရောက်ဖို့ အမျိုးသမီးတွေကိုယ်တိုင်လည်း ယုံယုံကြည်ကြည်နဲ့တက်လှမ်းဖို့လိုသလို အမျိုးသားရဲဘော်တွေကလည်း တလေးတစားနဲ့အမျိုးသမီးတွေကို မြေတောင်မြှောက်မြှင့်တင်ပေးဖို့ လိုတယ်။ အမျိုးသမီးတွေကလည်း တကယ်အင်အားရှိတယ်ဆိုရင် ပြန်ပြီးတော့ လူထုကို၊ ရဲဘော်တွေကို ကာကွယ်စောင့်ရှောက်နိုင်တဲ့လူ ဖြစ်လာနိုင်တယ်ဆိုတာကို ပြည်သူလူထုတရပ်လုံးကလည်း ဒါတွေကို ယုံကြည်ပေးဖို့ တပ်ထဲတွေမှာလည်းဒါတွေကိုလက်ခံပေးဖို့ လုပ်နေတဲ့အမျိုးသမီးတွေကို လည်း တန်ဖိုးထားဆက်ဆံပေးကြဖို့ ဒါတွေကိုမေတ္တာရပ်ခံချင်ပါတယ်။
BVJ-PLAအနေနဲ့ လက်ရှိမှာNUGနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ တခြားကာကွယ်ရေးတပ်တွေနဲ့အတူ မဟာမိတ်ဆက်ဆံရေးတည်ဆောက်ထားနိုင်တဲ့ အခြေအနေရှိပါပြီလား။ ရှေ့ဆက်စစ်ရေး၊ နိုင်ငံရေးတွေမှာရော အတူတကွဆောင်ရွက်သွားဖို့ဆိုတာမျိုးရှိနေပါလား။
PLA-NUGနဲ့လည်း ချိတ်ဆက်ဆောင်ရွက်တာရှိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်ကတော့ လောလောဆယ် TNLAနဲ့ဆက်စပ်တာရှိပါတယ်။ နောက်တခြားလိုအပ်မယ်ဆိုရင် AAတို့ KNUတို့ ကျန်တဲ့အဖွဲ့တွေလည်းအများကြီး ကယန်းပြည်သစ်တို့ ကလလတတို့ရှိပါတယ်။ ကျမတို့က လောလောဆယ် အဲ့ဘက်ဒေသတွေမထိစပ်သေးလို့ပေါ့နော် အဲ့ဘက်ဒေသတွေထိစပ်လာပြီဆိုရင် လည်း လူမျိုးစုလက်နက်ကိုင်အဖွဲ့တွေနဲ့ အကုန်ပေါင်းစပ်ပြီးတော့မှ ကျမတို့ကတိုက်ပွဲဝင်သွားမှာပါ။ သူတို့မှာတိုက်ပွဲအတွေ့အကြုံတွေရှိတယ်။ နိုင်ငံရေးဖြတ်သန်းမှု တော်လှန်ရေးဖြတ်သန်းမှုအတွေ့အကြုံကြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေရှိတယ်။ နောက်ထပ်ပေါ်လာတဲ့ KNDFတို့ BPLAတို့ရှိတယ်။ အားလုံး အားလုံးနဲ့ဘယ်အဖွဲ့အစည်းနဲ့မဆို ဘယ်သူနဲ့မဆို ကျမတို့က လက်ချင်းချိတ်၊ကျောချင်းကပ်၊ ရင်ချင်းအပ်ပြီးတော့ တိုက်သွားမှာပါ။ ဒါပေမယ့် တဖက်ထဲပဲဒီစိတ်ထားထားလို့မရဘူး။ ကျန်တဲ့မဟာမိတ်တွေကလည်းတန်းတူရည်တူ ယုံယုံကြည်ကြည်ဆက်ဆံပြီးတော့ အပြန်အလှန်လေးစားမှုတွေနဲ့ပူးပေါင်းပြီးတော့တိုက်ပွဲဝင်မယ် ဆိုရင် တော်လှန်ရေးကမအောင်မြင်စရာမရှိပါဘူး။ တချိန်လုံးအနောက်နိုင်ငံမျှော်လိုက် အရှေ့နိုင်ငံ မျှော်လိုက် ဟိုနိုင်ငံမျှော်လိုက် ဒီနိုင်ငံမျှော်လိုက်နဲ့အချိန်ကုန်နေတာမဟုတ်ဘဲနဲ့ ပြည်တွင်းက အား ပြည်တွင်းမှာပဲရှိတယ်။ ရန်သူ့လက်နက်တွေကို ကိုယ့်လက်နက်ဖြစ်အောင်လို့ ငွေရှိလည်းဝယ်လို့မ လွယ်ဘူး ငွေရှာဖို့ကလည်းခက်ခဲတဲ့အချိန်မှာ ကျမတို့ကကိုယ်နိုင်တဲ့တိုက်ပွဲတွေကိုတိုက်ပြီး ရန်သူ့ လက်နက်တွေကိုကိုယ့်လက်နက်ဖြစ်အောင် တိုက်ပြီးတော့ ရှိတဲ့အင်အားတွေချိတ်ဆက်ပြီး လက်ချင်းချိန်ပြီးတိုက်မယ်ဆိုရင်တော့ အရွေ့တွေက မြန်လာပါလိမ့်မယ်။ အဲ့ဒီလိုယုံကြည်ပါတယ်။ အခုက မဟာမိတ်ဆက်ဆံရေးမှာ TNLAနဲ့လည်းကောင်းတယ်။ ကိုးကန့်နဲ့လည်းအရင်ဆက်ဆံခဲ့ တယ်။ KIAဆိုလည်း အရင်ကသင်တန်းတွေပေးခဲ့တာပဲ။ စစ်ရေးမပူးပေါင်းပေမယ့်လည်း နိုင်ငံရေးအရဆက်ဆံတာရှိတယ်။ စစ်ရေးကတော့ ဒေသခြင်းထိစပ်မှပဲ ဆက်စပ်ဖြစ်ကြတာ များတာကိုး။ အားလုံးနဲ့ဆက်ဆံရေးအဆင်ပြေပါတယ်။ ဒေသတွင်းအခြေအနေကတော့ မိုးကုတ်၊ မိုးမိတ်၊ သီပေါ၊ ကျောက်မဲ၊ သပိတ်ကျင်းတို့ အဲ့နေရာတွေ၊ ဟိုဘက်ပုလဲဆိုရင်လည်း နောက်ပိုင်း မကွေးဘက်တို့မှာ AAတို့နဲ့ထိစပ်လာနိုင်စရာတွေတော့ရှိတာပေါ့နော်။ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အဖွဲ့နဲ့ ဖြစ်ဖြစ် ကျမတို့တလေးတစားဆက်ဆံပြီးတော့ စစ်ရေးပညာယူစရာရှိရင် သူတို့တွေကယူမယ် နိုင်ငံရေးပညာယူစရာရှိရင်ယူမယ်။ တလေးတစားနဲ့ပူးပေါင်းပြီးတော့လည်း တိုက်ပွဲဝင်သွားမှာပါ။ နေရာယူပြီး ကိုယ်ပဲသိ၊ ကိုယ်ပဲတတ်၊ ကိုယ်ပဲရှေ့ကဦးဆောင်ချင်တယ်ဆို တာမျိုးမဟုတ်ဘဲနဲ့ တကယ်တော်တဲ့တတ်တဲ့သူတွေ၊ စွန့်လွှတ်အနစ်နာခံနိုင်သူတွေကို ရှေ့ကနေရာ ပေးပြီး ဦးဆောင်ခိုင်းမယ်၊ ဦးဆောင်ခွင့်တွေရကြမယ်ဆိုရင် ပြည်တွင်းပြည်ပက ပြည်သူတွေအကုန်လုံးမျှော်လင့်နေတဲ့ လှပတဲ့အနာဂတ်ကြီးမြင်လာရလိမ့်မယ်လို့ ထင်ပါတယ်။ မညီမညွတ် ကသောင်းကနင်းတွေဖြစ်နေမယ်၊ ဗိုလ်လုပွဲတွေဆင်နွှဲနေမယ်၊ မာနတွေပြိုင်နေကြမယ်ဆိုရင်တော့ ဒီတော်လှန်ရေးက ကြန့်ကြာသွားလိမ့်မယ်လို့ မြင်တယ်။
Comments