ညောင်လေးပင်မြို့နယ်အတွင်း စစ်အုပ်စုကျူးလွန်ခဲ့တဲ့ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု
- BVJ

- 12 hours ago
- 1 min read
အီးကေ/BVJ_ မတ် ၉၊ ၂၀၂၆
ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းရှိ ရေတွင်းကုန်း၊ ခရုကုန်းနဲ့ကျောင်း ကုန်းကျေးရွာတွေကို အာဏာသိမ်းစစ်အုပ်စုလက်အောက်ခံ တပ်မ (၇၇) ဦးဆောင်တဲ့ အင်အားတစ်ရာပါ စစ်ကြောင်း ၄ ကြောင်းဟာ အခု မတ်လ (၅) ရက်နေ့၊ မနက်ငါးနာရီဝန်းကျင်မှာဝင်ရောက်လာပြီး ဒေသခံ အရပ်သား (၃၀၀) ကျော်ကိုဖမ်းဆီးခဲ့ကာ (၄၀)ကျော်ကိုသတ်ဖြတ်သွားခဲ့ကြောင်း NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီနေ့ညနေမှာ ရုပ်သံနဲ့တကွ သတင်းထုတ်ပြန်ထားပါတယ်။
ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ခလယ်လွီထူး (ညောင်လေးပင်) ခရိုင်အတွင်းမှာ အာဏာသိမ်းစစ်အုပ်စုတပ်ကအစုလိုက် အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ ဖြစ်စဥ်တစ်ခုဖြစ်ပွားခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN)ကလည်း ဒီနေ့ မတ်လ ၉ ရက်နေ့မှာ ဓာတ်ပုံမှတ်တမ်းတွေနဲ့တကွ အတည်ပြုထုတ်ပြန်ထားပါတယ်။
စစ်အုပ်စုလက်အောက်ခံတပ် ခမရ(၂၆၄)ပူးပေါင်းစစ်ကြောင်းဟာ အထက်ပါဒေသအတွင်းရှိ ကျေးရွာတွေက ပြည်သူ (၃၀၀)ကျော်ကို ဓားစာခံအဖြစ် ဖမ်းဆီးထားပြီး ကလေး (၃) ဦး၊ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁)ဦးနဲ့သက်ကြီးရွယ်အိုတွေအပါအဝင် အပြစ်မဲ့ပြည်သူ (၄၀)ဦးကျော်ကိုသတ်ဖြတ်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။
ဗီဒီယိုခရက်ဒစ်- NUG ကာကွယ်ရေးဝန်ကြီးဌာန

Comments