ကန့်ဒေါင့်ရဲစခန်းသိမ်းယူအပြီး စစ်ကောင်စီစစ်ကြောင်းထိုးလာတာကြောင့် တိုက်ပွဲတွေဆက်ဖြစ်နေ
- BVJ

- Jun 27
- 1 min read
BVJ/မိုနာ_ ဇွန် ၂၆၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို ပြည်သူ့လွတ်မြောက်ရေးတပ်မတော်-PLAနဲ့ပူးပေါင်းတပ်ဖွဲ့တွေနဲ့ သိမ်းပိုက်ပြီးနောက်ပိုင်းမှာ တိုက်ပွဲတွေဆက်ဖြစ်နေဆဲဖြစ်တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။
ကန့်ဒေါင့်ရဲစခန်းကို အခုလ ၁၉ရက်က တော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ခဲ့တာဖြစ်ပြီး အဲ့ဒီနောက်ပိုင်းမှာ စစ်ကောင်စီဘက်က စစ်ကြောင်းတွေဆက်တိုက်ထိုးလာတာဖြစ်တယ်လို့ ကျားသစ်နက်တပ်မတော်တာဝန်ရှိသူ တစ်ဦးက ပြောပါတယ်။
“စစ်ဆင်ရေးကမပြီးသေးဘူး။ အင်မထီးဘက်ကနေ စစ်ကြောင်းတွေက မနားတမ်းထိုးနေတဲ့ အတွက်ဗျ”လို့ Burma VJကို ပြောပါတယ်။
ကန့်ဒေါင့်စခန်းသိမ်းပြီးနောက် တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အကြောင်းကို PLAအထွေထွေအတွင်းရေးမှူး ရဲဘော်နီနီကျော်ကလည်း အတည်ပြုပါတယ်။
“အင်မထီးဘက်ကလည်း စစ်ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းတွေကကန့်ဒေါင့်ဘက်ကို ပြန်ထွက်လာချင်တဲ့ပုံစံတွေရှိနေတယ်။ အဲ့ဒါကို ကျမတို့ရဲဘော်တွေက စီးကာ၊ ဖြတ်တိုက်တာတွေ လုပ်နေတဲ့အတွက် တိုက်ပွဲလေးတွေတော့ဖြစ်တာတွေရှိတယ်။ အသေးစိတ်အခြေအနေကတော့ ကျမ မသိရသေးဘူး၊ အခြေအနေက အဲ့လောက်ပါပဲ”လို့ ပြောပါတယ်။
ကန့်ဒေါင့်ရဲစခန်းကို PLAကဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ အမှတ် (၃) စစ်ကြောင်း၊ အမှတ် (၁၄) တပ်ရင်း ၊ပြည်သူ့ညီညွတ်ရေးတပ်ဦး (PUF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေး ဒီမိုကရက်တစ်တပ်ဦး (BLDF)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့၊ သပြေတောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (မြိုင်မြို့နယ်)၊ ပြည်သူ့တော်လှန်ရေးလက်ရုံးတပ်ဖွဲ့ (PRAF)၊ အညာဗျူဟာ၊ 96 Soldiers PDF ၊ မြိုင်ပြည်သူ့ကာကွယ်ရေး ဒရုန်းတပ်ဖွဲ့ တို့က ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။
ကန့်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်)မှာတည်ရှိပြီး အိန္ဒိယနိုင်ငံအထိသွားလာနိုင်တဲ့လမ်းကြောင်းဖြစ်တာကြောင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာဖြစ်သလို ကန့်ဒေါင့်ကနေ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် (ကပစ ၂၄) တည်ရှိတယ်လို့ သိရပါတယ်။
ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုပ်ကျင်းတွေနဲ့ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတခုဖြစ်တယ်လို့လည်း PLAက ထုတ်ပြန်ပါတယ်။





Comments