စစ်ကောင်စီလေယာဉ်ပစ်ချခံရပြီး ကျေးရွာအတွင်း မီးလောင်ပျက်စီးချိန် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့
- BVJ

- Jun 11
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၁၁ ၊ ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်အတွင်းမှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တို့ပစ်ချခဲ့တဲ့ စစ်ကောင်စီလေယာဉ် ကျေးရွာအတွင်း ပျက်ကျခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ PLA က ဒီနေ့ ဇွန် ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။
မနေ့ ဇွန် ၁၀ ရက်က နေ့လည် ၁၂ နာရီ ၁၅ မိနစ်ဝန်းကျင်က ကန့်ဒေါင့်နယ်မြေရဲစခန်းသိမ်းတိုက်ပွဲနဲ့ ဇီးဖြူကုန်းရွာတိုက်ပွဲအတွင်း စစ်ကောင်စီလေယာဉ်တစ်စင်းကို PLA နဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ပွိုင့်ဖိုက်သေနတ်နဲ့ ဝိုင်းဝန်းပစ်ခတ်ခဲ့တာကြောင့် စပါးစေ့ရွာ ဘုန်းကြီးကျောင်းနဲ့ ကျေးရွာအတွင်း နေအိမ်ပေါ် ပျက်ကျခဲ့တာလည်း ဖြစ်ပါတယ်။
စစ်ကောင်စီလေယာဉ်ပျက်ကျရာနေရာရှိ အိမ်တစ်လုံးထဲမှာ ဒေသခံပြည်သူ သေဆုံးရုပ်အလောင်း ၃ လောင်းနဲ့ ခြံဝန်းထဲမှာ ၁ လောင်း တွေ့ရှိခဲ့ရတယ်လို့ PLA က ထုတ်ပြန်ထာပြီး သေဆုံးသူတွေဟာ မီးကျွမ်းထားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ ခွဲခြားလို့မရသေးဘူးလို့လည်း သိရပါတယ်။
ပစ်ချခံရတဲ့လေယာဉ်ပျက်ကျမှုအတွင်း စစ်ကောင်စီလေယာဉ်မှူး သေဆုံးကြောင်းကို အတည်ပြုထားနိုင်ပြီး လေယာဉ်အမျိုးအစားကိုတော့ ဆက်လက်အတည်ပြုနိုင်ဖို့ လုပ်ဆောင်နေဆဲဖြစ်တယ်လို့ PLA က ဆိုပါတယ်။
တော်လှန်ရေးပူးပေါင်းအဖွဲ့တွေ ပစ်ချခဲ့တဲ့လေယာဉ်နဲ့ပတ်သက်ပြီး စစ်ကောင်စီက ပစ်ချခံရတာမဟုတ်ဘဲ လေယာဉ်ဟာ စက်ချို့ယွင်းလို့ပျက်ကျခဲ့တာသာဖြစ်တယ်လို့ မနေ့ ဇွန် ၁၀ ရက် နေ့လည်ပိုင်းမှာ ထုတ်ပြန်လာပါသေးတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တော်လှန်ရေးတပ်ဖွဲ့တွေ ပစ်ချခဲ့တဲ့ လေယာဉ်၊ ရဟတ်ယာဉ် ၁၁ စီးအထိရှိလာပြီး မိတ္ထီလာမြို့ ရှမ်းတဲလေတပ်စခန်းမှာ စစ်ကောင်စီလေယာဉ်တစ်စင်း စက်ချို့ယွင်းမှုကြောင့် ပျက်ကျခဲ့ပါသေးတယ်။





Comments