ပုလဲက ဒုတိယအကြီးဆုံးရဲစခန်းသိမ်းတိုက်ပွဲအတွင်း အမျိုးသမီးရဲဘော်တွေလည်း ပါဝင်ခဲ့
- BVJ

- Jun 22
- 1 min read
BVJ/မိုနာ_ ဇွန် ၂၀၊ ၂၀၂၅

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်ရှိ ကန်ဒေါင့်ရဲစခန်းကို တိုက်ခိုက်သိမ်းပိုက်မှုအတွင်းမှာ အမျိုးသမီးရဲဘော်တွေလည်း ရွပ်ရွပ်ချွံချွံပါဝင်ခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် - PLA ကသိရပါတယ်။
ကန်ဒေါင့်ရဲစခန်းကို PLAကဦးဆောင်ပြီး မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ယင်းမာပင်ခရိုင် အမှတ် ၁၁ တပ်ရင်း (ကျားသစ်နက်တပ်မတော်)၊ ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (𝗕𝗟𝗗𝗙)၊ ဒေါင်းနက် နယ်စည်းမခြား ပြောက်ကျားတပ်ဖွဲ့နဲ့အညာမြေတပ်ပေါင်းစုတို့က မဟာမိတ်အဖြစ်ပူးပေါင်းကာ အခုလ ၂ရက်ကနေ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
မနေ့က ဇွန် ၁၉ရက် မနက် ၆း၄၀မိနစ်အချိန်မှာ ကန်ဒေါင့်ရဲစခန်းကို အောင်မြင်စွာသိမ်းပိုက်နိုင်ခဲ့ပြီး ရရှိခဲ့တဲ့လက်နက်တွေနဲ့ပစ္စည်းတွေကို PLAက ဒီနေ့ နေ့လယ်မှာအသိပေးထုတ်ပြန်ပါတယ်။
“အမျိုးသမီးရဲဘော်တွေဝင်တိုက်တယ်။ ဒါပေမယ့် အရှေ့မှာဝင်ထိုးတဲ့ထဲမှာတော့မပါဘူး။ ဒီဖြတ်တောက်ရေး ပိတ်ဆို့ရေးအပိုင်းမှာသူတို့ပါတယ်။ ပါဝင်တိုက်တာက ၁၀ယောက်ကျော်ရှိမယ်။ ဒီရဲဘော်မတွေက များသောအားဖြင့် ဒီထောက်ပို့တို့၊ ဆေးကုတို့အပိုင်းတွေမှာဝင်တာများတယ်။ ဒီတိုက်ခိုက်ရေးအပိုင်းတွေမှာဝင်တာနည်းနည်း နည်းတယ်ပေါ့နော်။ ဒါကနဦး ဝင်တိုက်တဲ့အပိုင်းပေါ့”လို့ PLAအထွေထွေတွင်းရေးမှူး ဒေါ် နီနီကျော်က Burma VJကို ပြောပါတယ်။
အခု PLAနဲ့မဟာမိတ်တွေကသိမ်းပိုက်ခဲ့တဲ့ ကန်ဒေါင့်ရဲစခန်းဟာ အချက်အချာကျတဲ့ အာဆီယံလမ်းမကြီး (ပုလဲ -ဂန့်ဂေါ လမ်းပိုင်းပေါ်)မှာတည်ရှိပြီး အိန္ဒိယနိုင်ငံအထိ သွားလာနိုင်တဲ့လမ်းကြောင်းဖြစ်တာကြောင့် မဟာဗျူဟာအရ အလွန်အရေးပါသောနေရာ ဖြစ်သလို ကန့်ဒေါင့်ကနေ အနောက်မြောက်ဖက် မိုင် ၃၀ ကျော်အကွာမှာ စစ်ကောင်စီရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၂၃) တည်ရှိပြီး အနောက်တောင်ဖက် ၃၅ မိုင်ခန့်တွင် (ကပစ ၂၄) တည်ရှိတယ်လို့ သိရပါတယ်။

ကန့်ဒေါင့်ရဲစခန်းဟာ ပုလဲမြို့မရဲစခန်းပြီးရင် ဒုတိယအကြီးဆုံးရဲစခန်းဖြစ်ပြီး ဘန်ကာတွေ၊ မိုင်းကွင်းတွေ၊ ကတုပ်ကျင်းတွေနဲ့ခံစစ်အထပ်ထပ်ပြင်ထားတဲ့ တပ်စခန်းတခုဖြစ်တာကြောင့် စခန်းကိုတိုက်ခိုက်ချိန်မှာ စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု အကြိမ် (၂၀၀) ကျော်နဲ့ ဗုံးသီးအလုံးရေ (၅၀၀)ကျော်ကြဲချခဲ့တယ်လို့ PLAက ဖော်ပြပါတယ်။
ဒ့ါအပြင် ဂျက်ဖိုက်တာတွေ Y12 ဗုံးကြဲလေယာဉ်တွေအပါအဝင် Mi35 တို-က်ခိုက်ရေးရဟတ်ယာဉ်၊ စက်တပ်လေထီးတွေနဲ့လည်း လာရောက်တိုက်ခိုက်ခဲ့ပြီး မြေပြင်စစ်ကူစစ်ကြောင်းတွေ၊ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတွေလည်း ပေးပို့ခဲ့ကြောင်းနဲ့ အဓိကအားဖြင့် ကန့်ဒေါင့်ကျေးရွာနဲ့ ၃ မိုင်ခွဲခန့်ကွာဝေးသော စစ်ကောင်စီပြည်သူ့စစ် (ပျူစောထီး)တွေအခြေစိုက်ရာ အင်မထီးရွာကို Mi17 ရဟတ်ယာဉ်ဖြင့် အကြိမ်ကြိမ်စစ်ကူပို့ခဲ့တယ်လို့ သိရပါတယ်။
အင်မထီးရွာကနေထွက်လာတဲ့ ပျူစောထီးနဲ့စစ်ကောင်စီပူးပေါင်း စစ်ကူစစ်ကြောင်းတွေကိုလည်း PLA နဲ့မဟာမိတ်တပ်ပေါင်းစုတွေက စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ဖြတ်တောက် ထားနိုင်တာကြောင့် ကန့်ဒေါင့်ကိုစစ်ကူမရောက်နိုင်ဘဲရှိခဲ့သလို လေကြောင်းကနေ Y12 နဲ့ကန့်ဒေါင့်ရဲစခန်းကိုရိက္ခာထုတ်တွေ စစ်ကောင်စီကချပေးခဲ့ပေမယ့် ရိက္ခာထုပ်တွေရွာထဲကျပြီး စခန်းတွင်းကနေစစ်ကောင်စီစစ်သားတွေ လာယူချိန်မှာ PLAရဲဘော်တွေက ပစ်ခတ်ဟန့်တားနိုင်ခဲ့တာကြောင့် ရိက္ခာထုပ်တွေ စခန်းထဲကိုမရောက်ခဲ့ဘူးလို့ ထုတ်ပြန်ပါတယ်။
အဲ့ဒီလို စစ်ကူနဲ့ရိက္ခာတွေမရရှိခဲ့တာကြောင့် ကန်ဒေါင့်စခန်းက စစ်ကောင်စီတပ်သားတွေဟာ ကူရာကယ်ရာမဲ့ပြီး အလွန်အမင်းစိတ်ဓာတ်ပျက်ပြားခဲ့တယ်လို့ PLAက ပြောထားပါတယ်။
ကန်ဒေါင့်ရဲစခန်းသိမ်းတိုက်ပွဲအတွင်းမှာ ABSDF ကရဲဘော် ၃ဦး၊ ကျားသစ်နက်တပ်မတော်က တပ်စုမှူးတစ်ဦးတို့ကျဆုံးခဲ့ပြီး BLDFက ရဲဘော်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနဲ့ PLAကလည်း ကျဆုံးရဲဘော်ရှိခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်ကတော့ အနည်းဆုံး ၄၀ကျော်သေဆုံးမယ်လို့ လက်ရှိရရှိထားတဲ့စာရင်းအရ သိရပြီး ကျဆုံးစာရင်းကိုထပ်မံထုတ်ပြန်ပေးသွားမလို့ PLAပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
ဇွန်လ ၁၀ ရက်တိုက်ပွဲမှာတော့ တိုက်ပွဲကိုလေကြောင်းပစ်ကူလာတဲ့ စစ်ကောင်စီရဲ့ F7 (Chengdu J-7) အမျိုးအစား တိုက်လေယာဉ်တစီးကို PLAက နေ့လယ် ၁၂း၁၅ မိနစ်အချိန်မှာ ပစ်ချနိုင်ခဲ့တာကြောင့် လေယာဉ်မှူးတစ်ဦးသေဆုံးခဲ့သလို ရွာထဲကိုလေယာဉ်ကျသွားတဲ့အတွက် ဒေသခံ (၃)ဦးလည်းသေဆုံးခဲ့ပါတယ်။





Comments