မြန်မာနိုင်ငံဆိုင်ရာသံအမတ်နဲ့ စစ်သံမှူးကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လည်ခေါ်ယူပြီးနောက် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး တင်းမာလာ
- BVJ

- May 29
- 1 min read
BVJ/အိုင်းရစ် _ မေ ၂၉ ၊ ၂၀၂၅

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ်အနေနဲ့ နေပြည်တော်ကနေ ဒါကာကို ချက်ချင်းပြန်လာခဲ့ဖို့ နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ပေးခဲ့ပြီးနောက် မြန်မာ-ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးဟာ တင်းမာမှုအမြင့်ဆုံးကို ရောက်ရှိလာပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံအမတ် Monowar Hossain ဟာ နေပြည်တော်မှာ ၂၀၂၃ ဩဂုတ်လကတည်းက တာဝန်ထမ်းဆောင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ Monowar ကို ချက်ချင်းပြန်လာဖို့ အမိန့်ထုတ်ပြန်ခဲ့မှုနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ကလည်း အခု မေ ၂၇ ရက်မှာ ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေကို အတည်ပြုထားပါတယ်။
အခု မေလဆန်းပိုင်းကလည်း ရန်ကုန် ဘင်္ဂလားဒေ့ရှ်သံရုံးမှာရှိနေတဲ့ စစ်သံမှူး ဗိုလ်ချုပ်ကြီး Aftab Hossain ကိုလည်း အရေးပေါ်အခြေအနေအကြောင်းပြချက်နဲ့ ပြန်လည်ခေါ်ယူခဲ့ပါသေးတယ်။
ရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကို ထိန်းချုပ်ထားတဲ့ အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေအကြား နှစ်ဖက်ထိတွေ့ဆက်ဆံမှုတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက စွပ်စွဲပြောကြားခဲ့ပြီးနောက် သံတမန်နဲ့ စစ်သံမှူးကို ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံကနေ ပြန်လည်ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်အမျိုးသားလုံခြုံရေးအကြံပေး Khalilur Rahman ကလည်း AA နဲ့ ဆက်ဆံရေးအပေါ် တရားဝင်ထုတ်ဖော်ပြောကြားခဲ့ပြီးနောက်ပိုင်း စစ်ကောင်စီက မကျေနပ်ကြောင်း သံတမန်ရေးဆိုင်ရာ ကန့်ကွက်စာပေးပို့ခဲ့တာကြောင့် နှစ်ဖက်တင်းမာမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ အချုပ်အခြာအာဏာနဲ့ အကျိုးစီးပွားမြှင့်တင်ကာကွယ်နိုင်ဖို့အတွက် လိုအပ်ရင် ဘယ်အဖွဲ့အစည်းနဲ့မဆို ဆက်သွယ်လုပ်ဆောင်သွားမှာဖြစ်တယ်လို့ Khalilur Rahman က ဘင်္ဂလားဒေ့ရှ်သတင်းဌာနတွေရဲ့မေးမြန်းမှုကို အခု မေလ ၆ ရက်မှာ ဖြေကြားခဲ့တာဖြစ်ပါတယ်။





Comments