ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်ဖွဲ့တပ်ရင်းလိုက်အလင်းဝင်လာ
- BVJ

- Jun 16
- 1 min read
BVJ/ဇော် _ ဇွန် ၁၅ ၊ ၂၀၂၅

တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က စစ်ကောင်စီတပ်ဖွဲ့ တွေ အာရက္ခတပ်တော် (AA) ထံ တပ်ရင်းလိုက် အလင်းဝင်လာတာတွေရှိနေတယ်လို့ စစ်ဘက်ဆိုင်ရာ သတင်းရင်းမြစ်တွေကို ကိုးကားပြီး AA နဲ့ နီးစပ်တဲ့ Arakan Princess media က ဖော်ပြထားပါတယ်။
AA တပ်တော်ထံ လက်နက်ချအလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေဟာ အထက်ရဲ့ဖိအားကြောင့်သာ တိုက်ခိုက်နေရတာဖြစ်ပြီး ဆက်လက်တိုက်ခိုက်လိုစိတ်မရှိတော့တာကြောင့် လက်နက်ချအလင်းဝင်လာဖြစ်တယ်လို့လည်း ဆိုပါတယ်။ တပ်ရင်းအလိုက် အလင်းဝင်လာတဲ့ စစ်ကောင်စီတပ်ရင်းနဲ့ပတ်သက်ပြီး AA ပြောရေးဆိုခွင့်ရှိသူဦးခိုင်သုခကို Burma VJ က ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
ကျောက်ဖြူတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ တပ်ရင်းစခန်းတွေကို စွန့်ခွာကာ ထွက်ပြေးမှုတွေရှိနေတာကြောင့် နေ့စဉ်ဖမ်းဆီးရမိမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်း တိုက်ပွဲတွေမှာလည်း စစ်ကောင်စီ တပ်မ ၁၁ လက်အောက်ခံ ခြေမြန်တပ်ရင်းဌာနချုပ်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နဲ့ အလုပ်သင်ဗိုလ်တစ်ဦးကို AA တပ်တော်က စနိုက်ပါလက်နက်နဲ့ ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပြီး စစ်ကောင်စီ ဗျူဟာမှူးနဲ့အတူ အလောင်း ၃၀ ကျော်နဲ့ လက်နက်ခဲယမ်းအချို့ကိုလည်း သိမ်းဆည်းရရှိခဲ့ပါသေးတယ်။
ကျောက်ဖြူမြို့နယ်၊ မင်းတက်တောင်ရွာ မြောက်ဘက် မီတာ ၆၀၀ အကွာက စက်မှုလက်မှုသင်တန်းကျောင်းမှာ အခြေပြုထားတဲ့ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ မေ ၃၀ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာကြောင့် နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး တိုင်းစစ်ဦးစီးမှူး (ပထမတန်း) ဒုတိယဗိုလ်မှူးကြီး ကျော်လင်းကြိုင်နဲ့ စစ်သုံ့ပန်းတွေကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။
ကျောက်ဖြူတိုက်ပွဲပြင်းထန်နေချိန် AA တပ်တော်ထိန်းချုပ်ထားတဲ့ မြို့နယ်၊ ကျေးရွာတွေက အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသခံပြည်သူတွေ ထိခိုက်သေဆုံးမှုတွေရှိနေသလို ဆေးရုံ၊ စာသင်ကျောင်းနဲ့ နေအိမ်တွေ ထိခိုက်ပျက်စီးမှုတွေလည်း ရှိနေပါတယ်။
AA တပ်တော် သိမ်းယူဖို့ကျန်ရှိနေသေးတဲ့ မြို့ ၃ ခုထဲက ကျောက်ဖြူဟာ တရုတ်စီမံကိန်းတွေနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးရှိရာဒေသတစ်ခုဖြစ်တာကြောင့် AA တပ်တော်က ကျောက်ဖြူမြို့တိုက်ပွဲကို စစ်အင်အားအလုံးအရင်းနဲ့ ဖော်ဆောင်တာမျိုးကိုတော့ မတွေ့ရသေးပါဘူး။





Comments