top of page

စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုမှာ ပါဝင်ပတ်သက်နေတဲ့ အာဆီယံထိပ်တန်းသူဌေးများ

  • Writer: BVJ
    BVJ
  • May 24, 2025
  • 2 min read

BVJ/အိုင်းရစ် _ မေ ၂၄ ၊ ၂၀၂၅



စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှုကျူးလွန်မှုတွေဟာ အာဆီယံနိုင်ငံထဲက ထိပ်တန်းသူဌေးကြီးတွေ ပါဝင်ပတ်သက်နေပါတယ်။ ပြည်သူတွေအပေါ် စစ်ကောင်စီက လက်နက်အားကိုးနဲ့ အကြမ်းဖက်ကျူးလွန်နေချိန် အာဆီယံထိပ်တန်းသူဌေးကြီးတွေဟာ အဲဒီကနေ အကျိုးအမြတ်ရယူနေသလို သွေးစွန်းငွေတွေနဲ့အတူ ဘဏ္ဍာရေးထောက်ပံ့မှုတွေကို သွယ်ဝိုက်တဲ့နည်းလမ်းတွေနဲ့ စစ်ကောင်စီကို လုပ်ဆောင်ပေးနေတာတွေလည်း ရှိနေပါတယ်။


စစ်ကောင်စီအတွက် ပြည်ပဝင်ငွေရလမ်းတွေကို အာဆီယံထိပ်တန်းသူဌေးကြီးတွေက ကူညီပေးနေသလို အကျိုးတူစီးပွားရေးလုပ်ငန်းတွေ၊ ရေနံနဲ့ သဘာဝဓာတ်ငွေ့တူးဖော်မှုကနေ ရရှိလာတဲ့ အခွန်အခတွေကိုလည်း စစ်ကောင်စီထံ စီးဆင်းနေတာမျိုးရှိနေဆဲ ဖြစ်ပါတယ်။


စစ်ကောင်စီကို လက်နက်ခဲယမ်းတွေနဲ့ စစ်ဘက်ဆိုင်ရာအထောက်အပံ့ အကူအညီတွေပေးနေတဲ့ အာဆီယံထိပ်တန်းသူဌေးကြီး ၁၂ ဦးထဲမှာ ထိုင်းနိုင်ငံက ၃ ဦး၊ ဗီယက်နမ်နိုင်ငံက ၂ ဦး၊ မြန်မာ ၂ ဦးနဲ့ မလေးရှား၊ အင်ဒိုနီးရှား၊ စင်ကာပူ၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားတို့က ၁ ဦးစီ ပါဝင်နေတယ်လို့ Justice For Myanmar (JFM) က ထုတ်ပြန်ထားတဲ့အချက်အလက်တွေအရ သိရပါတယ်။


အာဆီယံသူဌေးကြီး ၁၂ ဦးစာရင်းထဲက ၆ ဦးစာရင်းကို မနေ့ မေလ ၂၃ ရက်က ဖော်ပြခဲ့တဲ့ စစ်ကောင်စီအကြမ်းဖက်မှုတွေကို ကူညီနေတဲ့ အာဆီယံထိပ်တန်းသူဌေးကြီး ၁၂ ဦး မှာ ဝင်ရောက်ဖတ်ရှုနိုင်ပြီး အခုကျန်ရှိနေတဲ့ ၆ ဦးကို ဆက်လက်ဖော်ပြလိုက်ပါတယ်။


၇။ ချန်ဘရောင် (THACO Group ရဲ့ တည်ထောင်သူ၊ ဥက္ကဌ) ၊ ဗီယက်နမ်


ရန်ကုန်မြို့ အင်းလျာကန်ရှေ့ ကမ္ဘာအေးဘုရားလမ်းမပေါ်မှာရှိတဲ့ မြန်မာပလာဇာ၊ Melia (မီလီယာ) ဟိုတယ်နဲ့ ရုံးခန်းတာဝါအဆောက်အအုံတို့ပါဝင်တဲ့ Myanmar Center စီမံကိန်းကို ဖော်ဆောင်တဲ့ THACO Group ရဲ့ ဥက္ကဌဖြစ်သူ ချန်ဘရောင်ဟာ စစ်ကောင်စီနဲ့ အကျိုးတူစီးပွားရေးတွေ လုပ်ကိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ ရန်ကင်းမြို့ ကမ္ဘာအေးဘုရားလမ်းနဲ့ စက်မှု ၁ လမ်းထောင့်မှာရှိတဲ့ မြန်မာစစ်တပ်ပိုင် စက်မှု ၁ ဝင်းမြေကို ငှားရမ်းအသုံးပြုနေတာလည်း ဖြစ်ပါတယ်။



၈။ ငုယင်သီဖွန်းသောင် (HD Bank ၏ ဒုဥက္ကဌ) ၊ ဗီယက်နမ်

မြန်မာစစ်တပ် လက်ဝါးကြီးအုပ်ချုပ်ကိုင်ထားတဲ့ ဆက်သွယ်ရေးကုမ္ပဏီ Mytel ကို HD Bank ကနေတဆင့် ချေးငွေထုတ်ပေးရမှာ ဘဏ်ရဲ့ဒုတိယဥက္ကဌနေရာကနေ ပါဝင်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။ Mytel ဆက်သွယ်ရေးလုပ်ငန်းဟာ စစ်ကောင်စီအတွက် နှစ်စဉ်ဒေါ်လာသန်းရာနဲ့ချီ ဝင်ငွေရှာပေးနေပြီး အများပြည်သူတွေရဲ့ ဆက်သွယ်ပြောဆိုမှုတွေကို စောင့်ကြည့်ထောက်လှမ်းတာ၊ ကြားဖြတ်နားထောင်တာ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ကျူးလွန်နေတာလည်း ဖြစ်ပါတယ်။


ငုယင်သီဖွန်းသောင်ဟာ ဗီယက်နမ်နိုင်ငံရဲ့ ပထမဆုံးနဲ့ တစ်ဦးထဲသော အမျိုးသမီးဘီလျံနာတစ်ဦးဖြစ်သလို လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း ကျူးလွန်နေသူတစ်ဦးလည်း ဖြစ်ပါတယ်။ သူမဟာ VieJet လေကြောင်းလိုင်းဥက္ကဌနဲ့ စီအီးအိုတာဝန်ကို ရယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄ ဩဂုတ်လအတွင်းက VietJet လေကြောင်းလိုင်း အရောင်းမြှင့်တင်‌ရေးမှာ ပြိုင်ပွဲဝင်အလှမယ်တွေကို ဘီကီနီ(ရေကူးဝတ်စုံ)နဲ့ လေယာဉ်လျှောက်လမ်းတစ်လျှောက် ဖျော်ဖြေစေခဲ့တဲ့အတွက် ဝေဖန်မှုတွေရင်ဆိုင်ခဲ့ရတာလည်း ဖြစ်ပါတယ်။


၉။ လီတီရှင် (Lee Tih Shih) ၊ OCBC ဘဏ်ဒါရိုက်တာနဲ့ အဓိကရှယ်ယာပိုင်ဆိုင်သူ (စင်ကာပူ)



လီတီရှီ (Lee Tih Shih)ဟာ Overseas-Chinese Banking Corporation (OCBC) ဘဏ်ရဲ့ ဒါရိုက်တာနဲ့ အဓိကရှယ်ယာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ OCBC ဘဏ်ဟာ စစ်ကောင်စီအတွက် စစ်ဘက်ဆိုင်ရာလက်နက်တွေကို နိုင်ငံတကာကနေ ကြားခံဝယ်ယူပေးနေတဲ့ Star Sapphire Group of Companies နဲ့ Htoo Group အပါအဝင် မြန်မာ့စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ လက်နက်ပွဲစားတွေကို ဝန်ဆောင်မှုတွေ ပေးနေတဲ့ စင်ကာပူအခြေစိုက် ဘဏ်တစ်ခုလည်း ဖြစ်ပါတယ်။


၂၀၂၄ ခုနှစ် ဇွန်လ ၂၆ ရက်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ် တွမ်အင်ဒရူးထုတ်ပြန်ခဲ့တဲ့ “သေမင်းတမန်ကုန်သွယ်မှုက ဘဏ်လုပ်ငန်း” အစီရင်ခံစာမှာ နိုင်ငံပေါင်း ၇ နိုင်ငံ ၇ နိုင်ငံ ဘဏ်လုပ်ငန်း ၁၆ ခုပါဝင်ခဲ့ပြီး ဒီအထဲမှာ OCBC ဘဏ်အပါအဝင် စင်ကာပူအခြေစိုက်ဘဏ် ၃ ခုလည်းပါဝင်ခဲ့ပါတယ်။ ဒီဘဏ်တွေဟာ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လက်နက်ဝယ်ယူရေးမှာ ငွေအလွှဲအပြောင်းဆိုင်ရာ ဝန်ဆောင်မှုတွေပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။



၁၀။ ဒါနင်းချီယာရာဘန်နော့ (Charoen Pokphand Group ရဲ့ အကြီးတန်းဥက္ကဌ) ၊ ထိုင်း


ဒါနင်းချီယာရာဘန်နော့ရဲ့ Charoen Pokphand Group (CP Group) ဟာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်စီမံကိန်းလုပ်ငန်းတွေမှာ အကျိုးတူပူးပေါင်းဖော်ဆောင်နေတဲ့ ကုမ္ပဏီကြီး ၂ ခုရဲ့ အစိတ်အပိုင်းတစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ ကျောက်ဖြူမြို့နယ် အထူးစီးပွားရေးဇုန်နဲ့ ရေနက်စီမံကိန်းမှာ တရုတ်ကုမ္ပဏီ CITIC Myanmar Port Investment Limited (CITIC Group) နဲ့ NLD အစိုးရလက်ထက် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီတို့ ဖက်စပ်ဖွဲ့စည်းထားတဲ့ Kyaukphyu Special Economic Zone Deep Seaport Co. Ltd က ဦးဆောင်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။


၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းမှာလည်း CP Group က မြန်မာစစ်အုပ်စုနဲ့ မိတ်ဆက်စီးပွားရေးတွေ ဆက်လက်ဆောင်ရွက်နေပြီး ၂၀၂၃ ခုနှစ်အတွင်း ရေနက်စီမံကိန်းအတါင်း နောက်ဆက်တွဲသဘောတူညီမှုတွေကို လက်မှတ်ရေးထိုးခဲ့ကြပါသေးတယ်။ ဒါ့အပြင် မြန်မာစစ်အုပ်စု ထိန်းချုပ်ထားတဲ့ စက်မှုဇုန်တစ်ခုဖြစ်တဲ့ ပျဉ်းမပင်စက်မှုဇုန်မှာ မြေနေရာငှားရမ်းပြီး စီးပွားရေးလုပ်ငန်းတွေကို ဆက်လက်လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။



၁၁။ ရှီဂျီကျန်း (ရထိုက်အင်တာနေရှင်နယ်ဟိုးဒင်းစီးပွားရေးလုပ်ငန်းစု၏ တည်ထောင်သူ)


ရှီဂျီကျန်းဟာ တရုတ်လူမျိုး ကမ္ဘောဒီးယားနိုင်ငံသား (တရုတ်အစိုးရရဲ့ ဖမ်းဆီးမှုကြောင့် တရုတ်နိုင်ငံမှထွက်ပြေးကာ ကမ္ဘောဒီးယားနိုင်ငံသားခံယူထား) တစ်ဦးလည်း ဖြစ်ပါတယ်။ သူဟာ စစ်ကောင်စီလက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်ဖွဲ့တွေနဲ့အတူ ရွှေကုက္ကိုစီမံကိန်းနဲ့ ရထိုက်မြို့သစ်စီမံကိန်းတွေကို အကောင်အထည်ဖော်ဆောင်ခဲ့သူတစ်ဦးလည်းဖြစ်ပြီး Myanmar Yatai International Holding Group Co., Ltd. ရဲ့ ဒါရိုက်တာလေးဦးထဲက တစ်ဦးလည်း ဖြစ်ပါတယ်။


သူ့ကို ငွေကြေးခဝါချမှု၊ နယ်စပ်ဖြတ်ကျော် လူကုန်ကူးမှု၊ တရားမဝင်စီးပွားရေးလုပ်ငန်းတွေနဲ့ အွန်လိုင်းငွေကြေးလိမ်လည်မှု (ကျားဖြန့်) စတဲ့ ရာဇဝတ်မှုလုပ်ငန်းတွေမှာ ပါဝင်ပတ်သက်ခဲ့သူလည်း ဖြစ်ပါတယ်။ ရှီဂျင်ကျန်းကို ထိုင်းအာဏာပိုင်တွေက ၂၀၂၂ ဩဂုတ်လအတွင်းက ဖမ်းဆီးခဲ့ပြီး ဘန်ကောက်မြို့ အကျဉ်းထောင်မှာရှိနေသလို နိုင်ငံတကာရဲတပ်ဖွဲ့ (အင်တာပို)နဲ့ တရုတ်အစိုးရကလည်း အလိုရှိနေသူတစ်ဦးဖြစ်ပါတယ်။ ရှီဂျီကျန်း ဖမ်းဆီးခံခဲ့ရမှုနဲ့ပတ်သက်ပြီး ကရင်နယ်ခြားစောင့်တပ် (BGF) ခေါင်းဆောင် စောချစ်သူက ရှီဂျီကျန်း ဖမ်းဆီးခံရတာကြောင့် ရွှေကုက္ကိုစီမံကိန်းလည်ပတ်မှုကို ထိခိုက်မှာမဟုတ်ကြောင်းနဲ့ ဆက်လက်လည်ပတ်နေမှာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါသေးတယ်။



၁၂။ ဂျိမ်းဩဂတ်စတိုဇိုဘယ်ဒီအာယာလာ (ဖိလစ်ပိုင်)



ဂျိမ်းဩဂတ်စတိုဇိုဘယ်ဟာ ဖိလစ်ပိုင်နိုင်ငံရဲ့ မျိုးရိုးစဉ်ဆက် ချမ်းသာလာတဲ့ မိသားစုဝင်ထဲက တစ်ဦးဖြစ်ပါတယ်။ သူဟာ Ayala စီးပွားရေးလုပ်ငန်းစုကြီးရဲ့ စီအီးအိုနဲ့ ဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။


စစ်အုပ်စုရဲ့ ငွေကြေးလွှဲပြောင်းမှုတွေကို ကူညီပေးနေပြီး စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့သမီးဖြစ်သူ ခင်သီရိသက်မွန်ပိုင်ဆိုင်တဲ့ Pinnacle Asia ကုမ္ပဏီတို့နဲ့ပါ ဆက်နွယ်နေတဲ့ ရိုးမဘဏ်နဲ့ Ayala စီးပွားရေးလုပ်ငန်းစုဟာ ပူးပေါင်းလုပ်ဆောင်မှုတွေ ရှိနေတာလည်း ဖြစ်ပါတယ်။ ရိုးမဘဏ်ဟာ စစ်အုပ်စု လက်ဝါးကြီးအုပ်ထားတဲ့ ဆက်သွယ်ရေးလုပ်ငန်း Mytel နဲ့ဆက်နွယ်ပတ်သက်နေသလို ရိုးမဘဏ်ပိုင်ရှင် ဦးသိမ်းဝေကိုလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ၂၀၂၂ ခုနှစ်မှာ သီရိပျံချီဘွဲ့ ပေးအပ်ထားခဲ့ပါသေးတယ်။



ကိုးကား - Justice For Myanmar, ISP Myanmar

Comments


BVJ Facebook background.jpg
BVJ_FB_Profile002 with shadow.png

Burma VJ: Reporting from a Closed Country is a 2008 Danish documentary film directed by Anders Østergaard. It follows the Saffron Revolution against the military regime in Burma. The "VJ" in the title stands for "video journalists."[3] Some of it was filmed on hand-held cameras. The footage was smuggled out of the country, physically or over the Internet.

© 2025 by burmavj media

bottom of page