ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အဆုံးတိုင်တိုက်ပွဲဝင်မယ်လို့ ကယန်းအမျိုးသားတပ်မတော် ပြော
- BVJ

- Jun 4
- 1 min read
BVJ/ယူဂရင်း_ ဇွန် ၄၊ ၂၀၂၅

ကယန်းအမျိုးသားတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နဲ့ စစ်အာဏာရှင်စနစ်ကျဆုံးရေးအတွက် အဆုံးတိုင်ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ကယန်းအမျိုးသားတပ်မတော်-KNAက ဒီနေ့ ဇွန်လ ၄ရက်မှာ ပြောလာပါတယ်။
ဒီနေ့မှာကျရောက်တဲ့ ၆၁နှစ်မြောက်ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့ကို ကယန်းအမျိုးသားတပ်မတော်-KNAက သဝဏ်ပေးပို့တဲ့ သဝဏ်လွှာမှာ ထည့်သွင်းပြောထားတာပါ။
ကယန်းအမျိုးသားတွေဟာ အေးခတမ်းစွာနေထိုင်လိုကြတဲ့လူမျိုးစုတခုဖြစ်ပြီး မတရားဖိနှိပ်လာခဲ့ပါက ခေတ်အဆက်ဆက်ရဲဝင့်စွာတော်လှန်တိုက်ပွဲဝင်ခဲ့တဲ့ လူမျိုးစုတခုဖြစ်ကြောင်းနဲ့ ခေတ်အဆက်ဆက်မှာ ကယန်းအမျိုးသားတွေနဲ့ အဖိနှိပ်ခံလူမျိုးပေါင်းစုံအတွက် အသက်ပေးတိုက်ပွဲဝင်သွားခဲ့တဲ့ ကယန်းအမျိုးသားအာဇာနည်သူရဲကောင်းတွေကို KNAတပ်မတော်က ဦးညွှတ်အလေးပြုကြောင်းလည်း သဝဏ်လွှာမှာ ဖော်ပြပါတယ်။
၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာ မြန်မာပြည်သူတစ်ရပ်လုံးနဲ့အတူ ကယန်းအမျိုးသားတွေဟာ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တော်လှန်ခဲ့ကြတာကြောင့် ၁၉၆၄ ခုနှစ် ဇွန်လ (၄)ရက်နေ့ကို ကယန်းအမျိုးသားလက်နက်ကိုင်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ခဲ့ကြတာဖြစ်ပါတယ်။
ကရင်နီပြည်တွင်းက လွိုင်ကော်၊ ဒီးမော့ဆို၊ မိုးဗြဲ၊ ဖယ်ခုံဒေသနဲ့ တခြားကယန်းဒေသတွေမှာရှိတဲ့ ပြန့်ကျဲနေတဲ့ ကယန်းလက်နက်ကိုင်တပ်ဖွဲ့တွေကို ပြန်လည်ပေါင်းစည်းပြီး ၂၀၂၄ခုနှစ် အောက်တိုဘာ ၂၉ရက်မှာ ကယန်းအမျိုးသားတပ်မတော်-KNAကို ဖွဲ့စည်းကြောင်း ကြေညာခဲ့တာပါ။





Comments