ကျောက်မဲကို စစ်ကောင်စီဗုံးကြဲတာကြောင့် ဒေသခံ ၄ ဦး သေဆုံးပြီး ကလေးအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရ
- BVJ

- Jun 25
- 1 min read
BVJ/အိုင်းရစ် _ ဇွန် ၂၅ ၊ ၂၀၂၅

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ် ရပ်ကွက်နှစ်ခုကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး ကလေးအပါအဝင် ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သလို နေအိမ် ၅၀ နီးပါး ထိခိုက်ပျက်စီးခဲ့တယ်လို့ တအာင်းတပ်မတော် (PSLF/TNLA) က သတင်းထုတ်ပြန်လာပါတယ်။
မနေ့က ဇွန် ၂၄ ရက် ညနေပိုင်းက ကျောက်မဲမြို့ အမှတ် ၃ ရပ်ကွက်ကို စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ချိန် ကလေး ၂ ဦး၊ အမျိုးသား ၂ ဦးနဲ့ အမျိုးသမီး ၁ ဦးတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁၆ လုံးနဲ့ စာသင်ကျောင်း ၁ ခု ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပြီး အခြားနေအိမ် ၄ လုံးလည်း ဗုံးစထိမှန်ပျက်စီးခဲ့ပါတယ်။
တချိန်ထဲမှာပဲ ကျောက်မဲမြို့ အမှတ် ၇ ရပ်ကွက်ကိုလည်း စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှု ထပ်မံလုပ်ဆောင်ခဲ့တာကြောင့် အမျိုးသား ၁ဦးနဲ့ အမျိုးသမီး ၃ ဦး သေဆုံးခဲ့ပြီး ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကာ နေအိမ် ၇ လုံးနဲ့ သီလရှင်စာသင်ကျောင်းတစ်ခု ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့ပါတယ်။ ဒါ့အပြင် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရပ်ကွက်အတွင်း ကျန်နေအိမ် ၂၂ လုံးနဲ့ ဗုံးစထိမှန်ပျက်စီးမှုတွေ ရှိခဲ့ပါသေးတယ်။
စစ်ကောင်စီတပ်နဲ့ တအောင်းတပ်မတော် (TNLA) ၊ ဓနု ပြည်သူ့လွတ်မြောက်ရေးတပ်ဦး- (DPLF/DPLA) တို့ နောင်ချိုမြို့နယ်အနီးမှာ တိုက်ပွဲပြင်းထန်နေပေမဲ့ ကျောက်မဲမြို့မှာ တိုက်ပွဲဖြစ်ပွားတာမျိုးမရှိဘဲ အရပ်သားပြည်သူတွေကို ပစ်မှတ်ထားကာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
အခု ဇွန်လ ၁၂ ရက်ကလည်း နမ္မတူမြို့နယ် မန်လီရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာလေယာဉ်နဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းနဲ့ ဒေသခံနေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ပါသေးတယ်။





Comments