ကျောက်ကြီးမြို့နယ် စစ်ဆင်ရေးအတွင်း စစ်ကောင်စီစစ်သုံ့ပန်း ၂၂ ဦး ဖမ်းဆီးရမိ
- BVJ

- Jun 27
- 1 min read
BVJ/ထက်အောင် _ ဇွန် ၂၆ ၊ ၂၀၂၅

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်စခန်းတွေကို ထိုးစစ်ဆင်သိမ်းယူတဲ့ စစ်ဆင် ရေးအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၂ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိခဲ့ပြီး ၇ ဦးထက်မ နည်း သေဆုံးခဲ့တယ်လို့ တောင်ပိုင်းစစ်ဒေသ အမှတ် ၂ စစ်ဒေသခွဲက ဒီနေ့ ဇွန် ၂၆ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) အမှတ် ၂ စစ်ဒေသခွဲ (Joint Operation Command – JOC) ရဲ့ ကွပ်ကဲမှုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဗျူဟာ ၂၅ တပ်ဖွဲ့ဝင်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း ၈၊ တပ်ရင်း ၉ တို့ ပူးပေါင်းစစ်ဆင်ရေးဖော်ဆောင်ခဲ့တာဖြစ်ပြီး ကျောက်ကြီးမြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းတွေက ဒီနေ့ ဇွန် ၂၆ ရက်မှာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီဘက် ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး စခန်းစွန့်ခွာ ထွက်ပြေးသွား သူတွေလည်းရှိသလို စစ်သုံ့ပန်းအဖြစ် ၂၂ ဦးကို ဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ ၂၈ လက်၊ ခဲယမ်းတွေနဲ့ စစ်ဘက်သုံးဆက်စပ်ပစ္စည်းတွေကိုလည်း သိမ်းဆည်းရရှိခဲ့တယ်လို့ သိရပါတယ်။
ကျောက်ကြီးမြို့နယ် စစ်ကောင်စီတပ်စခန်းတွေကို သိမ်းယူခဲ့တဲ့ စစ်ဆင်ရေးနဲ့ပတ်သက်ပြီး တောင်ပိုင်းစစ်ဒေသ အမှတ်ပြောရေးဆိုခွင့်ရှိသူ စောဒိုရှင်းကို ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံခဲ့ရတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ အခြေအနေကိုလည်း ဆက်သွယ်မေးမြန်းထားဆဲ ဖြစ်ပါတယ်။
မနေ့ ဇွန် ၂၅ ရက်ကလည်း ပဲခူးတိုင်း ညောင်လေးပင်၊ ကျောက်တံခါးနဲ့ ဖြူးမြို့နယ် ရန်ကုန်-မန္တလေး အမြန်လမ်းဟောင်းမှာရှိတဲ့ စစ်ကောင်စီတပ်စခန်း ၉ ခုကို KNLA/PDF ပူးပေါင်းတပ်တွေက တပြိုင်ထဲ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်က ၂၀ ထက်မနည်း သေဆုံးခဲ့ကာ ၃ ဦးကို ဖမ်းဆီးရမိခဲ့ပါသေးတယ်။





Comments