PSLF/TNLA ရဲ့ ဦးဆောင်မှုဆိုတာထက် TLCကို လုပ်ပိုင်ခွင့်အားလုံးပေးလိုက်တယ်
- BVJ
- Jun 9
- 1 min read

တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCCကနေ တအာင်းပြည်ကောင်စီ-TLCအဖြစ် ပြောင်းလဲဖွဲ့စည်းပြီး တအာင်းပြည်တော်လှန်ရေးကာလမှာ အမြင့်ဆုံးအာဏာပိုင်အဖွဲ့အစည်းအဖြစ် တာဝန်ပေးအပ်လိုက်သလို ၁၀၂၇စစ်ဆင်ရေးအတွင်းမှာ စစ်ကောင်စီကိုဖယ်ရှားနိုင်ခဲ့တဲ့ တအာင်းပြည်နယ်အတွင်းကနယ်မြေတွေကိုအခြေခံပြီး တအာင်းပြည်တော်လှန်ရေးကာလ ပြည်သူ့အစိုးရတရပ်ကို ဒီနှစ်အတွင်းဖွဲ့စည်းဖို့ ပြင်ဆင်နေကြောင်း TPCCက ဒီနေ့ ဇွန် ၉ရက်မှာ ထုတ်ပြန်ကြေညာပါတယ်။
ပြောင်းလဲဖွဲ့စည်းလိုက်တဲ့ TLCမှာ ပလောင်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ဥက္ကဌဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတားအိုက်ဘုန်းက ဥက္ကဌအဖြစ်တာဝန်ယူထားပါတယ်။
TLCအဖြစ်ပြောင်းလဲဖွဲ့စည်းလိုက်တာနဲ့ပတ်သက်ပြီး TPCCအတွင်းရေးမှူး မိုင်းနိုင်ဂေါင်ဇာရ်ကို Burma VJက ဆက်သွယ်မေးမြန်းထားပါတယ်။
■ မိုနာ
--------
BVJ - ဒီနေ့ထုတ်ပြန်ချက်အရ TPCCကို TLCလို့ ပြောင်းလဲဖွဲ့စည်းလိုက်တာပါလား။
ဖြေ - ဟုတ်ကဲ့ပါခင်ဗျ။ အဓိကကတော့ ကျနော်တို့တွေ TPCCကနေ TLCအဖြစ်ပြောင်းလဲဖွဲ့စည်း လိုက်တာ ဖြစ်ပါတယ်ဗျ။
BVJ - TPCCမရှိတော့ဘူးဆိုရင် NUCCမှာပါဝင်တဲ့TPCCနေရာက TLCက အစားထိုးဝင်ရောက်မှာ ပါလား။ NUCC အတွင်း ပူးပေါင်းပါဝင်မှုက ဘယ်လိုဆက်ဖြစ်သွားနိုင်ပါသလဲ။
ဖြေ - ဟုတ်ကဲ့ လက်ရှိကျနော်တို့ဒီ တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ TPCCကနေမှ ပါဝင်ထားတဲ့နေရာတွေအားလုံး အကုန်လုံးကို ဆက်လက်ပြီးမှပူးပေါင်းပါဝင်သွားမှာဖြစ်ပါတယ်နော်။ TPCCနာမည်နဲ့မဟုတ်ဘဲနဲ့ TLCနာမည်အနေနဲ့ဒီတော်လှန်ရေးမှာ ဆက်လက်ပါဝင်ဆောင်ရွက် သွားမှာဖြစ်ပါတယ်။
BVJ - ထုတ်ပြန်ချက်အရ PSLF/TNLAရဲ့ ဦးဆောင်မှုကို ရှင်းရှင်းလင်းလင်းမြင်လာရတာဖြစ်တဲ့ အတွက် NUCC၊ NUG အပါအဝင် K3C လိုမျိုး နွေဦးတော်လှန်ရေးအစုအဖွဲ့တွေနဲ့ စစ်ရေး၊နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုတွေမှာ ဘယ်လိုပုံစုံမျိုးဖြစ်လာနိုင်ပါသလဲ။
ဖြေ - PSLF/TNLAရဲ့ ဦးဆောင်မှုဆိုတာထက် အခုမှာကတော့ဒီTLCရဲ့ လုပ်ပိုင်ခွင့်ကို TPCCထက် ပြန်ပြီး မြှင့်တင်ပေးတဲ့အနေအထားမျိုးဖြစ်ပါတယ်။ ဒီနွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ အင်အားစု တွေနဲ့ ပူးပေါင်းပါဝင်ဖို့အတွက်ကတော့ TLCမှာဆွေးနွေးဆုံးဖြတ်ပါလိမ့်မယ်နော်။ PSLF/TNLA ရဲ့ ဦးဆောင်မှုဆိုတာထက် TLCကို လုပ်ပိုင်ခွင့်အားလုံးပေးလိုက်တယ်။ လုပ်ပိုင်ခွင့်တွေ မြှင့်တင်ပေးလိုက်တယ်။ TPCC ကော်မတီထက် TLC ရဲ့ လုပ်ပိုင်ခွင့်အာဏာပိုရှိအောင် မြှင့်တင်ပေးလိုက်တာဖြစ်တယ်။ ရှေ့ဆက်ပြီးတော့ မဟာမိတ်တွေနဲ့ ဆက်လက်ပြီးတော့ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားကြမလဲဆိုတာကိုလဲ TLC ကနေပဲ ဦးဆောင်သွားမှာဖြစ်ပါတယ်။
BVJ - တအာင်းပြည်တော်လှန်ရေးကာလပြည်သူ့အစိုးရတစ်ရပ် ဖွဲ့စည်းမယ့်အကြောင်း ကြေညာချက်ထဲမှာတွေ့ရတော့ PSLF/TNLA ရဲ့ အခန်းကဏ္ဍနဲ့ဖြစ်တည်မှုက ဘယ်လိုပုံစံဖြစ်လာမလဲ။
ဖြေ- လောလောဆယ် အသေးစိတ်ကတော့ ပြောလို့မရသေးဘူး။ TLC ရဲ့ ဦးဆောင်မှုနဲ့အတူပဲ ဆက်လက်လုပ်ဆောင်သွားဖို့ရှိပါတယ်ဗျ။
BVJ - နောက်တခုက PSLF/TNLA အနေနဲ့ NUCCရဲ့ EROများ အစုအဖွဲ့မှာ ပါဝင်လာနိုင်သလား။
ဖြေ-ဟုတ်ကဲ့ လက်ရှိဟာကတော့ အခုဒီထုတ်ပြန်ကြေညာချက်ထဲမှာထုတ်ထားတဲ့အတိုင်းပါပဲ။ အကုန်လုံးက TLCကနေဦးဆောင်ပြီးတော့မှ ရှေ့လုပ်ငန်းစဉ်တွေဆက်လက်ဆွေးနွေးသွားဖို့ ရှိပါမယ်နော်။ ဒီပါလာနိုင်၏ မပါလာနိုင်၏ဆိုတာကတော့ ကျနော်ထင်ပါတယ် ဒီTLCကနေဦးဆောင်ပြီးတော့မှ ရှေ့လုပ်ငန်းစဉ်တွေချမှတ်သွားမယ်၊ အဲ့ဒီအချိန်ကြမှပဲ ကျနော်တို့ အသေးစိတ်ပြောပြလို့ရပါမယ်။
BVJ - ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုမှာ ပူးပေါင်းပါဝင်မယ့်အကြောင်းတွေ့ရတော့ ဘယ်လိုပူးပေါင်းပါဝင်မှုမျိုးဖြစ်လာနိုင်သလဲ၊ ဘာတွေယုံကြည်မျှော်လင့်ထားပါသလဲ။
ဖြေ - ဟုတ်ကဲ့ပါခင်ဗျ၊ ကျနော်တို့ ဒီထုတ်ပြန်ကြေညာချက်ထဲမှာလည်း အတိအလင်း ဖော်ပြထားပါတယ် ပူးပေါင်းဆောင်ရွက်သွားမယ့်အကြောင်းတွေပေါ့နော်။ ဒါပေမယ့် ဘယ်လိုမျိုး ပူးပေါင်းဆောင်ရွက်သွားမလဲဆိုတဲ့အကြောင်းကတော့ ဒီTLCကနေမှ အစည်းအဝေးတွေပြုလုပ်မယ် အဲ့ဒီမှာမှ ဘယ်လိုမျိုးအခန်းကဏ္ဍကနေ ဘယ်လိုမျိုးပူးပေါင်းဆောင်ရွက်သွားမလဲဆိုတဲ့ဟာကတော့ TLCရဲ့ ဦးဆောင်မှုနဲ့အတူ ကျနော်တို့က ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်ပေါ့နော်။ ဘယ်လိုပူးပေါင်းဆောင်ရွက်သွားမလဲဆိုတာ TLCကနေ ရှေ့လုပ်ငန်းစဉ်တွေ ချမှတ်ပြီးမှပဲ အဲ့ဒီအချိန်မှပဲ အသေးစိတ်ပြောပြနိုင်မယ်ထင်ပါတယ်။ အခုလောလောဆယ်မှာတော့ ဒီထုတ်ပြန် ကြေညာချက်ထဲမှာ ပါတဲ့အတိုင်းပါပဲပေါ့နော်။
BVJ - အခုထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး ဘာများဖြည့်စွက်ပြောချင်ပါသေးလဲ။
ဖြေ - ဟုတ်ကဲ့ပါဗျ၊ ဒီချိန်က တော်လှန်ရေးရဲ့ အမြင့်ဆုံးရေချိန်အမှတ်သို့ ရောက်ရှိနေချိန်ဖြစ်ပါတယ်။ ဒီတိုက်ပွဲဟာ ကျနော်တို့ရဲ့အဆုံးသတ်တိုက်ပွဲဖြစ်တယ်။ ဒါကြောင့် ဒီအကြမ်းဖက်စစ်ကောင်စီ ပြုတ်ကျဖို့အတွက် ကျနော်တို့တော်လှန်ရေးအင်အားစုတွေ ဟန်ချက်ညီညီ စုပေါင်းအင်အား စုပေါင်းခေါင်းဆောင်မှု စုပေါင်းလုပ်ဆောင်မှုတွေနဲ့အတူ အလုပ်လုပ်ဖို့လိုအပ်တယ်။ တဖက်မှာလဲ အကြမ်းဖက်စစ်ကောင်စီက အတုအယောင်ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေချိန်ဖြစ်တယ် ဒါကြောင့် ကျနော်တို့ပြည်သူတွေ ဒီတော်လှန်ရေးမှာ နိုင်ရာဝန်ကိုထမ်းပြီး တော်လှန်ဖို့လိုတယ် ဒီတော်လှန်းရေးအင်အားစုနဲ့ ကျနော်တို့ပြည်သူတွေ ဒီအားတွေစုမိသွားပီဆိုရင် အောင်ပွဲက အမြန်ဆုံးရရှိလိမ့်မယ်လို့ ယုံကြည်တယ်။ စုမိဖို့ သွားနေတဲ့အချိန်မှာ အခက်အခဲအတားအဆီးတွေ အများကြီးကြုံရပါလိမ့်မယ်။ ဒါကြောင့် သတိဝိရိယရှိရှိနဲ့ သွားဖို့လိုအပ်တယ်လို့ နောက်ဆုံးအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်။ ကျေးဇူးတင်ပါတယ်။
Comments