အလုပ်သမားနေ့မှာ AAC အလုပ်သမားရုံးအဆောက်အအုံ ဖျက်ဆီးခံရ
- BVJ
- May 1
- 1 min read
BVJ/အိုင်းရစ် _ မေ ၁ ၊ ၂၀၂၅

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်မှာရှိတဲ့ လက်တွဲကူညီ (AAC) မဟာမိတ်အဖွဲ့ အလုပ်သမားရုံးကို ဒီနေ့ မေလ ၁ ရက် အလုပ်သမားနေ့မှာ ထိုင်းနိုင်ငံသားမြေပိုင်ရှင်က အလုပ်သမားငှားရမ်းပြီး အဆောက်အအုံ ဖြိုချဖျက်ဆီးခိုင်းခဲ့တယ်လို့ သိရပါတယ်။
ထိုင်းနိုင်ငံထဲမှာရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားဒုက္ခသည်တွေကို AAC မဟာမိတ်အဖွဲ့က နေထိုင်စားသောက်ရေးအတွက် အကူအညီပေးနေတာဖြစ်ပြီး လက်ရှိအဆောက်အအုံကိုလည်း မြေပိုင်ရှင်ရဲ့ သဘောတူညီချက်နဲ့အတူ ၂၀၁၅ ခုနှစ်ကတည်းက ဆောက်လုပ်ခဲ့တာဖြစ်တယ်လို့ AAC မဟာမိတ် အမှုဆောင်ဒါရိုက်တာ ဦးခိုင်ကြီးက Burma VJ ကို ပြောပါတယ်။
အခုနှစ် ဖေဖော်ဝါရီလအတွင်းက ထိုင်းဒေသဆိုင်ရာအာဏာပိုင်တွေ၊ အလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေနဲ့ ရဲတပ်ဖွဲ့က AAC မဟာမိတ်ရုံးခန်းကို လာရောက်စစ်ဆေးပြီး ခွင့်ပြုချက်မဲ့ ဆောက်လုပ်ထားကြောင့် ဖျက်သိမ်းဖို့ ပြောဆိုခဲ့တဲ့အတွက် အယူခံဝင်ထားတာရှိတယ်လို့လည်း ဆိုပါတယ်။
“အဓိကက ကျွန်တော်တို့က AAC ဂေဟာကို အယူခံဝင်ထားတာပေါ့ဗျာ။ ကျွန်တော်တို့နဲ့ ဥပဒေနဲ့အညီ အဆောက်အဦပုံစံကို ပြန်လုပ်ဖို့ အယူခံဝင်ထားတာကို ထိုင်းအစိုးရဆီကနေ မြေပိုင်ရှင်က အယူခံဝင်ထားတာကို ပြန်ဖြုတ်ချပြီးတော့ မြေပိုင်ရှင်အနေအထားနဲ့လာပြီးတော့ ဖြိုတာ။ မြေပိုင်ရှင်နဲ့ သူတို့နဲ့ သဘောတူတာက ပိုက်ဆံ ၅ သောင်းခွဲနဲ့ ဒီပစ္စည်းကိုရရင် ရတဲ့ပစ္စည်းအကုန်ယူပါဆိုပြီး လာဖြိုတယ်ဆိုတော့ လူမိုက်ဆန်ဆန်လာလုပ်လို့ ကျွန်တော်က ရဲနဲ့တားလိုက်တာ” လို့ ဦးခိုင်ကြီးက ပြောပါတယ်။
လက်ရှိမှာ ထိုင်းအစိုးရက စေလွှတ်တဲ့တာဝန်ရှိသူတွေမဟုတ်ဘဲ အဆောက်အအုံဖြိုချဖို့အတွက် မြေပိုင်ရှင်အနေနဲ့သာ စေလွှတ်ခဲ့တာဖြစ်တာကြောင့် အဆောက်အအုံဖြိုချဖို့ကို ခွင့်မပြုနိုင်ဘူးလို့ လာရောက်ဖြိုချတဲ့သူတွေကို ဦးခိုင်ကြီးက ပြောဆိုခဲ့တာကြောင့် အဆောက်အအုံဖြိုချဖျက်ဆီးမှုကို ရပ်တန့်ထားတယ်လို့ သိရပါတယ်။
အဆောက်အအုံ စတင်ဆောက်လုပ်ချိန် ၂၀၁၅ ခုနှစ်ကလည်း မြေပိုင်ရှင်က ခွင့်ပြုထားတာဖြစ်ပြီး အယူခံဝင်ချိန်ကလည်း မြေပိုင်ရှင်က လက်မှတ်ရေးထိုးခဲ့တာကြောင့် ထိုင်းအစိုးရဆီ ကနဦးက အယူခံဝင်ခဲ့တယ်လို့လည်း သိရပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ မြေပိုင်ရှင်က အယူခံဝင်ထားတာကို ပြန်လည်ထုတ်ယူသွားတယ်လို့ ထိုင်းအစိုးရ စည်ပင်သာယာဌာနက ဦးခိုင်ကြီးကို အကြောင်းပြန်ခဲ့တယ်လို့ ဆိုပါတယ်။
“အဆောက်အဦဆောက်ဖို့ မြေပိုင်ရှင်က ခွင့်ပြုပေးထားလို့ လုပ်လို့ရတာပေါ့။ ကျွန်တော်တို့က Live တွေ လွှင့်ပြီးတော့ အလုပ်သမား ၁၀၀၊ ၂၀၀ နဲ့လုပ်တာ။ သူများတွေလို တိတ်တိတ်လေး ဆောက်တာတောင် မဟုတ်ဘူး။ အဲဒီအချိန်တုန်းကလည်းရပါတယ်။ ဘာမှမဖြစ်ပါဘူးဆိုပြီး။ ဒီမြေနေရာ ပြန်ပြင်တာ၊ ဖို့တာနဲ့တင် ဘတ် ၅ သိန်းလောက်ကုန်တယ်။ နဂိုကတည်းက ဥပဒေက မှားတယ်ဆိုရင် လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက မှားလေ။ ဘာဖြစ်လို့ အခုမှ လာမှားတယ် ပြောရတာလဲ” လို့ ဦးခိုင်ကြီး ဆိုပါတယ်။
AAC ဂေဟာအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေ နေထိုင်နေတာကို ဥပဒေနဲ့မညီတာကြောင့် နေထိုင်ခွင့်မပြုဘူးလို့ ထိုင်းအစိုးရ တာဝန်ရှိသူတွေက ပြောကြားခဲ့တာကြောင့် ဒုက္ခရောက်နေတဲ့ မြန်မာအလုပ်သမားတွေကို နေရာရွှေ့ပြောင်းပေးခဲ့ရတာမျိုးတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။
“အလုပ်သမားတွေ ရွှေ့ထားပေမဲ့ ၉ ယောက်ကျန်နေတယ်။ ခါးတစ်ပိုင်းသေနေတဲ့သူတွေ၊ ခြေထောက်တွေ မီးလောင်တာတို့၊ ပြတ်တဲ့သူတွေကိုထားဖို့ နေရာငှားလို့မရဘူးဖြစ်နေတာ။ သူတို့တွေအတွက် အခန်းငှားလို့မရလို့။ ထိုင်းဥပဒေကလည်း အဲလိုလူနာတွေကို အခန်းတွေမှာ ပေးမအိပ်ဘူး”လို့ ဦးခိုင်ကြီး ဆက်ပြောပါတယ်။
AAC ဂေဟာကို ဖျက်သိမ်းဖို့ စစ်ကောင်စီဘက်က ထိုင်းအစိုးရကို ဖိအားပေးမှုတွေလည်းရှိခဲ့ပြီး AAC ဂေဟာက တော်လှန်ရေးအဖွဲ့တွေကို ကူညီထောက်ပံ့တာတွေ လုပ်ဆောင်နေတယ်လို့ စစ်ကောင်စီက ဖိအားပေးပြောဆိုခဲ့တာတွေကြောင့် အခုလို လာရောက်ဖျက်သိမ်းဖို့ လုပ်ဆောင်ရတာဖြစ်တယ်လို့ ထိုင်းတာဝန်ရှိသူတစ်ဦးက ဦးခိုင်ကြီးက အသိပေးပြောခဲ့မျိုးရှိတယ်လို့လည်း သိရပါတယ်။
Comentarios