အာဆီယံခေါင်းဆောင်တွေ စစ်ကောင်စီနဲ့ တစ်ဖက်သတ်တွေ့ဆုံနေတာကို စိုးရိမ်ကြောင်း NUG နဲ့ မဟာမိတ်အဖွဲ့များ ထုတ်ပြန်
- BVJ
- Apr 24
- 1 min read
BVJ/ထက်အောင် _ ဧပြီ ၁၆ ၊ ၂၀၂၅

အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်နဲ့ စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ ဘန်ကောက်မြို့မှာ တွေ့ဆုံမယ်လို့ သတင်းထွက်ပေါ်လာချိန် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအတွက် စစ်ကောင်စီနဲ့ တစ်ဖက်သတ်တွေ့ဆုံမှု လုပ်ဆောင်နေတာတွေကို အထူးစိုးရိမ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်အဖွဲ့တွေက ဒီနေ့ ဧပြီ ၁၆ ရက်မှာ ထုတ်ပြန်လာပါတယ်။
အခု ဧပြီ ၁၄ ရက်ကပြုလုပ်တဲ့ မလေးရှားဘဏ္ဍာရေးဝန်ကြီးဌာန လစဉ်အစည်းအဝေးမှာ အန်ဝါအီဘရာဟင်က မြန်မာအာဏာသိမ်းစစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ရှိပြီး ငလျင်ဘေးနဲ့ပတ်သက်ပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့ကိစ္စရပ်တွေ ဆွေးနွေးဖို့ရှိကြောင်း ပြောကြားခဲ့တာလည်း ဖြစ်ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ကရင်နီပြည်အမျိုးသားတိုးတက်ရေးပါတီ (KNPP) ၊ ချင်းအမျိုးသားတပ်ဦး(CNF) ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ၊ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) ၊ ရိုဟင်ဂျာလွတ်မြောက်ရေးညွန့်ပေါင်းအဖွဲ့ (FRC) နဲ့ အမည်မဖော်လိုတဲ့ အင်အားစုများတွေက ပူးတွဲထုတ်ပြန်ခဲ့တာလည်း ဖြစ်ပါတယ်။
မြန်မာနိုင်ငံအတွင်း အားလုံးပါဝင်ပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိနိုင်ဖို့အတွက် မြန်မာပြည်သူလူထုရဲ့ လိုလားချက် မျှော်မှန်းချက်တွေကို ကိုယ်စားပြု သဘောထားထင်ဟပ် စေနိုင်မယ့် ( Myanmar-Owned and Myanmar-led process) ဖြစ်စေဖို့အတွက် စစ်ခေါင်းဆောင်နဲ့ တဖက်သတ် ဆက်ဆံဆောင်ရွက်မှုတွေကို အထူးသတိပြုဖို့ လိုအပ်တယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ငလျင်ဘေးအကူအညီနဲ့ စစ်ကောင်စီထံ အကူအညီပေးအပ်နေမှုတွေအပြင် NUG ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (ERO) နဲ့ အခြားအဖွဲ့အစည်းတွေကနေတဆင့် ငလျင်ဘေးဒဏ်သင့်ပြည်သူတွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ပေးအပ်ဖို့နဲ့ တိုက်ရိုက်ရောက်ရှိထောက်ပံ့နိုင်ဖို့အတွက်ကိုလည်း တောင်းဆိုထားပါတယ်။
နိုင်ငံအတွင်း စစ်ကောင်စီက နယ်မြေထိန်းချုပ်နိုင်မှု အားနည်းလာချိန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းစဥ်တွေကို ဆောင်ရွက်ရာမှာ စစ်အုပ်စုနဲ့ ထိတွေ့ဆက်ဆံခြင်း၊ တိုက်ရိုက်ဦးတည်ထောက်ပံ့နေရုံသာမက အမှန်တကယ် ထိခိုက်ခံစားနေရတဲ့ သဘာဝဘေး ၊ စစ်ဘေးဒဏ်ခံ မြန်မာပြည်သူတွေဆီ အကူအညီပေးရေးနဲ့ တိုက်ရိုက်ရောက်ရှိစေနိုင်ဖို့ သက်ဆိုင်သူများအားလုံးနဲ့ လုပ်ငန်းစဉ်တရပ်အဖြစ် ချိတ်ဆက် ဆောင်ရွက်သွားဖို့လည်း အထူးပင်လိုအပ်တယ်လို့ ဆိုပါတယ်။
အင်အားပြင်းငလျင်ဘေးဒဏ် ကြုံတွေ့ခဲ့ရတဲ့ပြည်သူတွေအတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီအထောက်အပံ့တွေကို စစ်ကောင်စီထံ တိုက်ရိုက်ပေးအပ်နေတာဟာ နိုင်ငံရေးအရ အလွဲသုံးချမှုနဲ့ မလွဲမသွေကြုံရနိုင်ပြီး စစ်အုပ်စုကနေတဆင့် ငလျင်အကူအညီတွေပေးနေတာကို ကန့်ကွက်ကြောင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ မဟာမိတ်အဖွဲ့တွေက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က အခုဧပြီလဆန်းပိုင်းမှာ ဘင်းစတက်(BIMSTEC) အစည်းအဝေးကို ဘန်ကောက်မြို့မှာ တက်ရောက်ခဲ့သေးပြီး ဘင်းစတက်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပြီးချိန် အခုတစ်ကြိမ် မလေးရှားဝန်ကြီးချုပ်နဲ့ ထပ်မံတွေ့ဆုံခဲ့ပါက တစ်လအတွင်း ၂ ကြိမ်မြောက် ထိုင်းနိုင်ငံကို လာရောက်နိုင်မှာလည်း ဖြစ်ပါတယ်။
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကလည်း ဘင်းစတက်အစည်းအဝေး တက်ရောက်လာတဲ့ စစ်ကောင်စီခေါင်းဆောင်နဲ့ သီးခြားတွေ့ဆုံခဲ့သေးပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ တိုက်တွန်းခဲ့သေးတယ်လို့ အခု ဧပြီ ၁၃ ရက်မှာ ထိုင်းသတင်းဌာနတွေကို ပြောကြားထားပါသေးတယ်။
စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံဖို့ ပြင်ဆင်နေတဲ့ အာဆီယံအလှည့်ကျဥက္ကဌ မလေးရှားဝန်ကြီးချုပ်က ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို အာဆီယံရေးရာအကြံပေးအဖြစ် ခန့်အပ်ထားတာလည်းဖြစ်ပြီး သက်ဆင် အာဏာရှိချိန် မြန်မာစစ်တပ်အဖွဲ့နဲ့ ရင်းနှီးတဲ့ဆက်ဆံရေးရှိသူတစ်ဦးလည်း ဖြစ်ပါတယ်။
Comments