ဘန်ကောက်မှာ သေနတ်နဲ့ရမ်းသမ်းခတ်နေသူကို ထိုင်းရဲဖမ်းဖို့ကြိုးစားနေ
- BVJ
- 10 hours ago
- 1 min read
BVJ/Moore _ မေ ၁၅ ၊ ၂၀၂၅

ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ သေနတ်သမားတစ်ဦးက အနီးဝန်းကျင်မှာရှိတဲ့ အရပ်သားပြည်သူတွေကို သေနတ်နဲ့ပစ်ခတ်မှုတွေ လုပ်ဆောင်နေတာကြောင့် ဒေသဆိုင်ရာရဲတပ်ဖွဲ့က အခင်းဖြစ်နေရာကို သွားရောက်ခဲ့ရတယ်လို့ ထိုင်းသတင်းဌာန Khaosod က ဖော်ပြထားပါတယ်။
ဒီနေ့ မေလ ၁၄ ရက် မနက်ပိုင်းမှာ ဘန်ကောက်မြို့ Phran Nok လမ်းမကြီး Wat Lakhon Tham လမ်းသွယ်ထဲမှာ သေနတ်သမားတစ်ဦးက ရမ်းသမ်းပစ်ခတ်မှုတွေ လုပ်ဆောင်နေသလို အရပ်သားပြည်သူအချို့ကို ဓာစားခံဖမ်းဆီးထားတာ ဖြစ်ပါတယ်။
အခင်းဖြစ်နေရာကို ဘန်ကောက် နွိုင်ရဲစခန်းက ရဲတပ်ဖွဲ့နဲ့ ဒေသဆိုင်ရာ အာဏာပိုင်တွေ လာရောက်ချိန် သေနတ်သမားက ပစ်ခတ်မှုတွေ ဆက်လက်လုပ်ဆောင်နေတာကြောင့် အနီးဝန်းကျင်နေရာကို ပိတ်ဆို့မှုတွေ လုပ်ဆောင်ခဲ့ရပါတယ်။
သေနတ်သမား ဖမ်းဆီးထားတဲ့ ဓားစာခံတွေကို ပြန်လွှတ်ပေးဖို့ ရဲတပ်ဖွဲ့က ညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပြီးနောက် ဓားစာခံအားလုံး ထိခိုက်ဒဏ်ရာမရရှိဘဲ ပြန်လည်လွတ်မြောက်ခဲ့ပေမဲ့ သေနတ်သမားကိုတော့ အခုချိန်ထိ ဖမ်းဆီးရမိခြင်းမရှိသလို ပစ်ခတ်မှုတွေလည်း ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဧပြီလဆန်းပိုင်းကလည်း ဘန်ကောက်မြို့အနီး စမွတ်ပရာကန်မှာရှိတဲ့ ဈေးတစ်ခုအနီးမှာ သေနတ်ပစ်ခတ်မှုဖြစ်ခဲ့ပြီး ၁ ဦး သေဆုံးကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာလအတွင်းကလည်း ဘန်ကောက်မြို့လယ် ဆီယမ်ပရာဂွန်ကုန်တိုက်မှာ အသက် ၁၄ နှစ်အရွယ် လူငယ်တစ်ဦးက ကုန်တိုက်အတွင်း သေနတ်ပစ်ခတ်မှု လုပ်ဆောင်ခဲ့တာကြောင့် မြန်မာတစ်ဦး၊ တရုတ်နိုင်ငံသားတစ်ဦး၊ ထိုင်းနိုင်ငံသား သုံးဦးတို့ သေဆုံးခဲ့ပါသေးတယ်။
Comments