လွယ်လား၊ ခက်လား အမေရိကား (၂)
- BVJ
- Feb 13
- 2 min read
ခင်ငြိမ်းသစ်
“Benefit တွေကို အသစ်တက်လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်က ရပ်လိုက်ပြီတဲ့”

US ကိုရောက်ရင် အားလုံးကောင်းပြီလို့ ထင်နေကြသူတချို့ရှိပြီး အဲဒီလူတွေထင်နေသလို အမေရိကားက နိဗ္ဗာန် ဘုံလားလို့မေးရင်တော့ ကျမက ဟင့်အင်းလို့ဖြေမှာပါ။ အထူးသဖြင့် အစိုးရအပြောင်းအလဲကာလမှာ ပွတ်ကာ သီကာ ရောက်လာသူတွေအတွက်ဆို ပိုမှန်လိမ့်မယ်ထင်ပါတယ်။
US ကို စရောက်ရောက်ခြင်းမှာပဲ အေဂျင်စီကထားပေးတဲ့ Case Worker က ပြောပါတယ်။ ထရမ့်တက်လာရင် အခြေအနေပြောင်းနိုင်တာကြောင့် တတ်နိုင်သမျှ အလုပ်အမြန်ဆုံးလုပ်ပါတဲ့။ အခုလောလောဆယ်ဆယ်မှာတော့ Welcome Money နဲ့ ပေးဖို့အိမ်လခ ၃ လစာရှိတယ်တဲ့။ ဇန်နဝါရီလမှာရောက်တာဆိုတော့ မတ်လအထိတော့ ရသေးတယ်ဆိုတဲ့ စိတ်နဲ့ သိပ်တော့ မပူပါဘူး။ ဒီလောက်အချိန်အတွင်းမှာ အလုပ်ဘယ်လိုရှာရမလဲဆိုတာကို သိအောင် လုပ်လို့ရတယ်လို့ တွေးထားလို့ပါ။
ကျမတို့ရဲ့ US Tie ဖြစ်တဲ့ ကိုသီဟကလည်း စိတ်သိပ်မပူဖို့နဲ့ Welcome Money ကုန်သွားလည်း အေဂျင်စီက သူတို့ဘာသာ အခြား Program တွေနဲ့ ချိတ်ဆက်ပေးမယ်တဲ့။ ဒါကြောင့် ပုံမှန်အတိုင်းကိုယ်လုပ်စရာရှိတာကို သေချာလုပ်ပါတဲ့။ အလုပ်ဘယ်လိုလျှောက်လဲ၊ ဘယ်လိုအလုပ်တွေက ကိုယ်နဲ့ အဆင်ပြေမလဲဆိုတာကိုလေ့လာ ဖို့လည်းပြောပါတယ်။
ဒါကြောင့် ကျမ လုပ်နိုင်မယ့် အမေဇုံလိုအလုပ်မျိုးကို လျှောက်ဖို့အတွက် ကြိုးစားဖို့ ဆုံးဖြတ်ထားပါတယ်။ အဲဒါမှ မဟုတ်ရင်တော့ Caregiver လုပ်ဖို့အတွက် အရင်ဆုံးသင်တန်းတက်မယ်လို့လည်းဆုံးဖြတ်ထားပါတယ်။ ကျမတို့ ရောက်တဲ့အချိန်မှာ အမေဇုံက ဝန်ထမ်းအများကြီး တစ်သုတ်ပြီးတသုတ် ခေါ် ပြီးသွားပါပြီ။ နောက်ထပ် မခေါ် သေးဘူးဆိုတော့ Walmart မှာ အလုပ်လျှောက်မယ်ပေါ့။ အလုပ်လျှောက်လွှာတွေဘာတွေဖြည့်ပြီး လက်ရှိ Walmart မှာ အလုပ်လုပ်နေတဲ့သူတစ်ယောက်က ချက်ချင်းတော့ အလုပ်မရတတ်ဘူး၊ စောင့်ရမယ်ဆိုလို့ စောင့်မယ်ပေါ့။ အဲဒီအချိန်အထိ စိုးစိမျှ စိုးရိမ်စိတ်မဖြစ်ပါဘူး။

အိမ်မှာလိုအပ်နေတဲ့ အိမ်သုံးပစ္စည်းတွေဝယ်ဖို့ ဈေးသက်သာတဲ့ donation ဆိုင်ဖြစ်တဲ့ Good Will မှာ လိုက် ရှာဝယ်နေပါသေးတယ်။ ဒီမြို့က မြန်မာကွန်မြူနတီတွေနဲ့ ထိတွေ့ဆက်ဆံ၊ သူတို့ရဲ့ အတွေ့အကြုံ၊ ကိုယ့်အတွေ့ အကြုံတွေပြောကြပေါ့။ အများအားဖြင့်က သူတို့ရောက်ပြီး ၆ လ လောက်အထိ အလုပ်မရကြသေးဘူးဆိုတဲ့ အကြောင်းတွေအပါအဝင်ပေါ့။ အေဂျင်စီက ၃ လပဲ ထောက်ပံ့ပေးတယ်ဆိုပေမဲ့ ၃ လနောက်ပိုင်းမှာ အေဂျင်စီကပဲ အခြား program တွေနဲ့ အလုပ်မရမချင်းအိမ်လခပေးဖို့ ချိတ်ဆက်ပေးတယ်ဆိုတော့ အမှန်ပြောရင်ကိုယ်လည်း စိတ်အေးတာပေါ့။
ကျမနေတဲ့မြို့မှာ အဓိကလုပ်ငန်းအဖြစ် အမဲသားစက်ရုံရှိပြီး ဒီမြို့မှာနေထိုင်တဲ့ မြန်မာအများစုက အဲဒီစက်ရုံမှာ အလုပ်လုပ်ကြပါတယ်။ အလုပ်လုပ်ရတဲ့ လုပ်ငန်းခွင်အကြောင်း သိရတဲ့အချိန်မှာ ကျမအနေနဲ့ ဘယ်လိုမှ အဲဒီ အလုပ်ကို မလုပ်နိုင်တာ သေချာပါတယ်။ ဒါကြောင့် အမဲသားစက်ရုံမှာ အလုပ်လုပ်ဖို့ မလိုအောင် အလုပ်ခေါ်စာတွေ ကို လိုက်ရှာပြီး လျှောက်ပါတယ်။ ဒါပေမဲ့ အေးအေးဆေးဆေး အချိန်ယူပြီး အလုပ်လျှောက်တာပေါ့။
ဒါပေမဲ့ ဇန်နဝါရီ ၂၈ ရက် မနက်စောစောပိုင်းမှာပဲ ဒီဇင်ဘာ ၂ ရက်က US ကိုရောက်လာတဲ့ မိတ်ဆွေက ဖုန်းခေါ်ပါ တယ်။ အရင်တုန်းက ပေးထားတဲ့ Benefit တွေကို အသစ်တက်လာတဲ့ သမ္မတ ဒေါ်နယ်ထရမ့်က ရပ်လိုက်ပြီတဲ့။ အမှန်ပြောရရင် ကိုယ်လည်း ဘာဆက်လုပ်ရမှန်းမသိတဲ့ အခြေအနေဖြစ်သွားတာပါ။ ဒါကြောင့် ကျမနဲ့ အင်းစိန်ထောင်ထဲ အတူနေခဲ့ဖူးတဲ့ မခင်အေးအေးမာကို လှမ်းဖုန်းဆက်ကြည့်မိတယ်။ မအေးအေးမာလည်း ရုတ်တရက် သူလည်း ဘယ်လိုကူရမယ်မှန်းမသိဘူးဖြစ်နေတယ်။
အဲဒီအချိန်မှာပဲ ကျမရဲ့ case worker ဖုန်းဆက်လာတယ်။ သူတို့ အလုပ်ပြုတ်ကုန်ကြပြီတဲ့။ ကျမတို့အတွက်ပေး ထားတဲ့ Welcome Money လည်း မရတော့ဘူးတဲ့။ ကျမလည်းတော်တော်လေး စိတ်ဓါတ်ကျသွားတယ်။ ဘာလို့ လဲဆိုတော့ ကျမတို့ကို ထားပေးတဲ့ apartment အတော်ဈေးကြီးတယ်။ အခန်းခကိုက ၁၈၀၀ $ ဆိုတော့ တကယ် ကို စိတ်ညစ်သွားခဲ့တယ်။ ဒီ ၁၈၀၀ $ မှာ မီးဖိုးမပါသေးပါဘူး။ အခုလို အရမ်းအေးနေတဲ့ ရာသီမှာ Heater မသုံးရင် သွေးခဲပြီးသေသွားနိုင်ပါတယ်။ ဒါကြောင့်မီတာခ ဘယ်လောက်ကျမလဲ သေချာမသိပါ။

သတင်းတွေမှာလည်း လေဆိပ်ကနေ ပြန်လှည့်သွားရသူတွေ သတင်းတက်လာတယ်။ သူတို့ထက်စာရင် ငါတို့က တော်သေးတယ်လေလို့ ကိုယ့်စိတ်ကို ကိုယ်ပြန်ဖြေရတယ်။ အိမ်ဈေးသက်သာတဲ့ ပြည်နယ်ကို ပြောင်းရင်ကောင်း မလားဆိုတဲ့ အတွေးကလည်း ခဏခဏပေါ်လာတယ်။ ပြောင်းတယ်ဆိုတာကလည်း ခဏခဏ ကိုယ့်စိတ်ထင်သလို ပြောင်းလို့မရဘူး။ ဒါကြောင့် ဘယ်လိုရပ်တည်ရမလဲဆိုတာကို အကြိမ်ကြိမ်စဉ်းစားနေမိတယ်။
အလုပ်တွေကလည်း လျှောက်သာလျှောက်တယ် ဘာမှ မသေချာဘူး။ အခုထိလည်း မသေချာဘူး။ ကျမအမျိုးသား ကလည်း ကျန်းမာရေးကောင်းတာမဟုတ်တော့ အလုပ်မလုပ်နိုင်ဘူး။ အကူအညီပေးတဲ့ အေဂျင်စီကတော့ ဖေဖော် ဝါရီနဲ့ မတ်အတွက် လစာပေးဖို့ Program တစ်ခုမှာ လျှောက်ထားတယ်လို့ ပြောပေမဲ့ ဧပြီလမှာ လစာပေးနိုင်ပါ့မ လားဆိုတာကလည်း သေချာတာမဟုတ်ဘူး။ သေမယ့်အခေါက်မှ စစ်ထဲရောက်တဲ့ စစ်သည်တွေလိုဖြစ်နေတယ်။ အလုပ်မရရင် ဘာတွေဆက်ဖြစ်မလဲ မသေချာဘူးလေ။
ကျမလည်း မြန်မာနိုင်ငံက ဘွဲ့ရခဲ့တဲ့သူတစ်ယောက်ဖြစ်ပေမဲ့ ဒီကိုရောက်ရင်တော့ အောက်ခြေကနေ ပြန်စရတာပဲ။ ပြန်စဖို့လည်း အားတင်းထားပေမဲ့ အခုအချိန်က အောက်ခြေအလုပ်တောင် ရဖို့မလွယ်တဲ့ အချိန်ဖြစ်သွားတယ်။ ဘယ်လောက်ပဲ တရားဝင်ရောက်လာတယ်လို့ပြောပေမဲ့ ICE နဲ့ ရင်ဆိုင်တွေ့မှာကို စိုးရိမ်နေမိသေးတာပဲ။ ဒီကြားထဲ ကိုယ်နဲ့ ရင်းနှီးကျွမ်းဝင်မှုမရှိတဲ့နေရာမှာ အလုပ်အကိုင်ကို ရှာဖွေရတာ အမှန်ပြောရရင် အရမ်းခက်ခဲတာပေါ့။ ကျမ ရဲ့သားနဲ့သမီးက အင်္ဂလိပ်စကားကို အတော်များများပြောနိုင်ပေမဲ့ ကျမကတော့ သူတို့လောက် မပြောနိုင်ပါဘူး။ အထူးသဖြင့် သူတို့ရဲ့ စကားသံကို ကွဲကွဲပြားပြားသိပ်မရှိသေးပါဘူး။ ဒါကြောင့် အလုပ်တွေလျှောက်တဲ့အခါ ဘာသာစကားကျွမ်းကျင်မှုနဲ့ ပတ်သက်ရင် ကိုယ့်ဘာသာကိုယ် အားမလိုအားမရဖြစ်မိပါတယ်။
အခုထိတော့ ကံကောင်းနေသေးတာက ဒီမြို့မှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေက သူတို့တတ်နိုင်တဲ့ဘက်ကနေ အလုပ်တွေကိုဝိုင်းကူရှာပေးနေကြတာပဲ။ သူတို့က အလုပ်ခေါ်တဲ့ လင့်တွေကို ပို့ပေးခဲ့ပြီး Resume ကိုလည်း ဝိုင်းပြင်ပေးကြပါတယ်။ ကိုယ်ခက်ခဲတယ်ဆိုတာက နယ်စပ်မှာ ကျန်နေတဲ့ လူတွေလောက်တော့ မဆိုးလှဘူးလို့ ပြောနိုင်ပေမဲ့ ကိုယ့်စိတ်ထဲက တကယ့်ပူပန်မှုက ပျောက်မသွားဘူး။

ဆက်တိုက်ဆိုသလိုပဲ နယ်စပ်မြို့ဖြစ်တဲ့ မဲဆောက်က ဒုက္ခသည်စခန်းတွေက ဆေးရုံတွေမှာ လူနာတွေကို ဆေးကုမ ပေးနိုင်တော့တဲ့ သတင်းတွေ တက်လာသလို USAID ကပေးထားတဲ့ ပညာသင်ဆုတွေကိုလည်း ရပ်ဆိုင်းလိုက်ပါ တယ်။ လူမှုကွန်ရက်တွေပေါ်မှာတော့ အဲဒီအထောက်အပံ့တွေ ရပ်ဆိုင်းလိုက်တာ အရမ်းကောင်းတယ်။ ဒုက္ခသည် တွေ ဆက်မခေါ်တော့တာ ကောင်းတယ်ဆိုတဲ့ post တွေ မှတ်ချက်တွေ အများကြီးရှိနေပါတယ်။ အဲဒီအထဲမှာ မြန်မာပြည်မှာမွေးပြီး အမေရိကားကို ရောက်နေတဲ့သူတွေလည်းပါဝင်ပါတယ်။
တကယ့်အဖြူစစ်စစ်တွေထဲမှာတော့ USAID ကို ပိတ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး မဖြစ်သင့်ဘူးလို့ ဝေဖန်နေသူတွေ ရှိနေပြီး နာမည်ကြီး အနုပညာရှင်တစ်ချို့က သမ္မတကြီးနဲ့ DOGE အဖွဲ့တာဝန်ခံ အီလွန်မတ်တို့ လုပ်ကိုင်ဆောင်ရွက်နေပုံကို မနှစ်သက်တဲ့အတွက် တခြားနိုင်ငံတစ်ခုခုမှာ သွားရောက်နေထိုင်မယ်ဆိုတဲ့ Post တွေကိုလည်း တွေ့နေရ ပါတယ်။ ကျမတို့အတွက်ကတော့ အကူအညီတွေလိုအပ်နေချိန်မှာ အကူအညီမရတော့တဲ့အတွက် တော်တော်လေးခက်ခဲတာတော့ သေချာပါတယ်။
၂၀၂၄ ဒီဇင်ဘာနဲ့ ၂၀၂၅ ဇန်နဝါရီအစောပိုင်းရောက်ခဲ့သူတွေအချင်းချင်း လူမှုကွန်ရက်ပေါ်မှာ မေးကြရတဲ့ မေးခွန်းက အလုပ်ရပြီလားတဲ့။ အများစုကတော့ အလုပ်မရကြသေးပါဘူး။ ကျမတို့မိသားစုအတွက် အိမ်လခပေးမဲ့ အစီအစဉ် က မတ်လနောက်ဆုံးဖြစ်လို့ မတ်လအထိ အလုပ်မရရင် ဘာဆက်ဖြစ်မယ်ဆိုတာကတော့ မသေချာ မရေရာတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။
တချို့လူတွေကတော့ ကျမတို့ရင်ဆိုင်နေရတဲ့ အခက်အခဲက နယ်စပ်မြို့က လူတွေနဲ့စာရင် အသေးအမွှားပါလို့ မှတ်ချက်ပေးကောင်းပေးပါလိမ့်မယ်။ ကျမအတွက်တော့ တကယ်ကို ပူပန်နေမိတာပါ။ ကိုယ်နဲ့ ဘာသာစကား၊ ရာသီဥတုကစပြီး အကျွမ်းတဝင်မရှိတဲ့ အရပ်ဒေသမှာ လုံလောက်တဲ့ ထောက်ပံ့မှုမရတဲ့သူအတွက် တောင့်ခံနေပေ မဲ့ ပြိုလဲချင်နေတဲ့ အခြေအနေလို့ပဲ ပြောပြချင်ပါတယ်။
Comments