မတ်လ ၂၉ ရက် ငလျင်သတင်းစုစည်းမှု
- BVJ

- Apr 5, 2025
- 1 min read
ဦးလှသိန်းဗိမာန်အောက် ပိတ်မိနေတဲ့ စာဖြေသံဃာ ၁၀၀ ကျော် ကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေရဆဲ
ငလျင်လှုပ်ခတ်မှုကြောင့် မန္တလေးမြို့ ဦးလှသိန်းဗိမာန် ပြိုကျပြီး ပိတ်မိနေတဲ့ သံဃာတော် ၁၀၀ ကျော် ရှာဖွေကယ်ဆယ်ရေး ဆက်လက်လုပ်ဆောင်နေကြောင်း မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေး အဖွဲ့- မန္တလေးတိုင်းဒေသကြီးကော်မတီက သတင်းထုတ်ပြန်ပါတယ်။

စာဖြေသံဃာတော်တွေစာဖြေနေတဲ့ (၃)ထပ်ဆောင်ပြိုကျတာကြောင့် အဆောက်ဦးအောက် ပိတ်မိနေတဲ့ သံဃာတွေကယ်ဆယ်ရေး ခက်ခက်ခဲခဲလုပ်ဆောင်နေ ရတယ်လို့ သိရပါတယ်။
ပိတ်မိနေတဲ့ထဲက သံဃာတော်အချို့ကို ကယ်ထုတ်နေတာကို ဗီဒီယိုအချို့မှာတွေ့ရပါတယ်။ ဦးလှသိန်း ဗိမာန်မှာ ပိတ်မိနေတဲ့ သံဃာအပါး ( ၁၀၀ ) ကျော်ကို ရှာဖွေကယ်ဆယ်ရေးတွေ ဆက်လက် လုပ်ဆောင်လျှက်ရှိတယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ - မန္တလေးတိုင်းဒေ သကြီး ကော်မတီ က ပြီးခဲ့တဲ့ ၆ နာရီက ထုတ်ပြန်ထားပါတယ်။
ငလျင်လှုပ်တဲ့အချိန်မှာ မန္တလေး-ဦးလှသိန်း ဗိမာန်မှာ စာဖြေသံဃာတော် ၂၇၀ ကျော်စာဖြေနေတယ်လို့သိရပါတယ်။ စစ်ကောင်စီက မြန်မာနိုင်ငံတစ်ဝန်း ကျင်းပနေတဲ့ အစိုးရဓမ္မာစ ရိယစာမေးပွဲနှင့် ပါဠိပထမပြန်စာမေးပွဲများ ကျင်းပနေတာကို ခေတ္တဆိုင်းငံ့ထားတယ်လို့ ကြေညာထားပါတယ်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးမှာ သေဆုံးသူ ၇၀၀ ကျော်နဲ့ ထိခိုက်ဒဏ်ရာရသူ ၁၆၀၀ ကျော်ရှိလာ
■ ငလျင်ဒဏ်ကြောင့် သေဆုံးသူ ၉၀၀ ကျော်အထိရှိလာပြီး ထိခိုက်သေဆုံးသူအရေအတွက် ဆက်လက်ကောက်ယူနေဆဲဖြစ်

စစ်ကိုင်းတိုင်း စစ်ကိုင်းမြို့အနီးကိုဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ ရစ်ချ်စကေး ၇.၇ အဆင့်ရှိ အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်း သေဆုံးသူ ၆၉၄ ဦးနဲ့ ပျောက်ဆုံးနေသူ ၆၈ ဦးအထိရှိလာပြီး ထိခိုက်ဒဏ်ရာရသူ ၁၆၄၀ အထိရှိလာတယ်လို့ စစ်ကောင်စီက ဒီနေ့ မတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။
မနေ့ မတ်လ ၂၈ ရက် မွန်းလည် ၁၂ နာရီ ၅၀ မိနစ်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းနဲ့ မန္တလေးတိုင်းမှာ ငလျင်ဒဏ် ဆိုးဆိုးရွားရွားခံစားခဲ့ရပြီး အဆောက်အအုံပြိုကျပျက်စီးမှုနဲ့ ထိခိုက်သေဆုံးမှု များပြားခဲ့တာလည်း ဖြစ်ပါတယ်။
ငလျင်ကြောင့် စစ်ကိုင်း၊ မကွေး၊ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသ၊ နေပြည်တော်နဲ့ ပဲခူးတိုင်းဒေသတို့မှာ အဆောက်အအုံ၊ လမ်းတံတား ထိခိုက်ပျက်စီးမှုနဲ့ ပြည်သူ ထိခိုက်သေဆုံးမှုတွေရှိခဲ့ပြီး ဒေသဆိုင်ရာ ကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အရပ်ဘက်ကူညီကယ်ဆယ်ရေးအဖွဲ့တွေက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတာလည်း ဖြစ်ပါတယ်။
အင်အားပြင်းငလျင်ကြောင့် မန္တလေးတိုင်းအတွင်းမှာရှိတဲ့ နေအိမ် ၁၅၉၁ လုံး၊ ဘုန်းကြီးကျောင်း ၆၇၀ ကျော်၊ စာသင်ကျောင်း ၆၀ ၊ တံတား ၃ စင်း၊ ဘုရားစေတီ ၂၉၀ ထက်မနည်း ထိခိုက်ပျက်စီးခဲ့ပြီ စစ်ကိုင်းတိုင်းအတွင်းက မင်းကွန်းပုထိုးတော်ကြီးနဲ့ မြသိန်းတန်စေတီအပါအဝင် ရှေးဟောင်းအဆောက်အအုံအချို့လည်း ထိခိုက်ပျက်စီးခဲ့ပါတယ်။
ဒါ့အပြင် စစ်ကိုင်းတိုင်း၊ နေပြည်တော်နဲ့ ကျောက်ဆည်မြို့နယ်တို့မှာ ငလျင်လှုပ်ခတ်မှုအပြီး ပြည်သူ ၁၄၄ ဦးထက်မနည်း သေဆုံးခဲ့သလို ၇၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့လည်း မနေ့ မတ်လ ၂၈ ရက်ညပိုင်းမှာ စစ်ကောင်စီက ထုတ်ပြန်ထားပါသေးတယ်။
ငလျင်ဒဏ်ခံစားခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် ဥရောပသမဂ္ဂက ယူရို ၂ ဒသမ ၅ သန်း အကူအညီပေးမယ်လို့ ထုတ်ပြန်
ရစ်ချ်စကေး ၇ ဒသမ ၇ အဆင့်ရှိ အင်အားပြင်းငလျင်လှုပ်ခတ်မှုကြောင့် ထိခိုက်သေဆုံးခဲ့သူတွေနဲ့ နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးခဲ့ရတဲ့ မြန်မာပြည်သူတွေအတွက် ယူရို ၂ ဒသမ ၅ သန်း (ဒေါ်လာ ၂ ဒသမ ၇ သန်းခန့်) အကူအညီပေးသွားမယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂက ဒီနေ့ မတ်လ ၂၉ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အရေးပေါ်အကူအညီအဖြစ် အရေးပေါ်လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့နဲ့ ပြည်သူတွေရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် ဥရောပသမဂ္ဂရဲ့ ထောက်ပံ့ငွေဟာ အကူအညီဖြစ်စေနိုင်မှာဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။ ဒါ့အပြင် လိုအပ်ပါက မြေပြင်အခြေအနေ လိုအပ်ချက်ပေါ်မူတည်ပြီး နောက်ထပ်အကူအညီတွေ ပေးနိုင်ဖို့ကိုလည်း စောင့်ကြည့်နေတယ်လို့လည်း ဆိုပါတယ်။
အခု ၂၀၂၅ ခုနှစ်အတွင်း ဥရောပသမဂ္ဂက မြန်မာနိုင်၍ံအတွက် လူသားချင်းစာနာထောက်မှုဆိုင်ရာ အကူအညီတွေပေးထားခဲ့ပြီး လက်ရှိအချိန်ထိ ယူရို ၃၅ သန်းအထိ ကူညီထောက်ပံ့ထားတယ်လို့လည်း ဆိုပါတယ်။ ငလျင်ဒဏ် သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့တဲ့ မြန်မာနိုင်ငံအတွက် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကူညီထောက်ပံ့ပေးမယ်လို့ သတင်းထောက်တွေကို မေးမြန်းမှုကို ဖြေကြားပြီး မြန်မာတာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြောဆိုထားတာမျိုးတွေ ရှိထားပြီးပြီလို့ ဆိုပါတယ်။
စစ်ကောင်စီမိတ်ဖက် တရုတ်နဲ့ ရုရှားကလည်း အရေးပေါ်ကယ်ဆယ်ရေး အကူအညီတွေအတွက် ကူညီထောက်ပံ့ပေးမှုတွေ လုပ်ဆောင်ပေးဖို့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးပို့နေပြီး အာဆီယံ လူသားချင်းစာနာမှုအကူအညီပေးရေးစင်တာ (AHA Center) နဲ့ အိန္ဒိယကလည်း အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေ ပေးဖို့ရှိနေတယ်လို့လည်း သိရပါတယ်။
ငလျင်ဒဏ်သင့်ဒေသတွေက ပြည်သူတွေကိုထောက်ပံ့ကူညီဖို့ လက်အောက်ခံတပ်ဖွဲ့တွေကို NUG MOD ညွှန်ကြား
အင်အားပြင်းထန်တဲ့ ငလျင်ဒဏ်ကို ကြုံတွေ့ခဲ့ရတဲ့ ပြည်သူတွေကို တတ်စွမ်းသမျှ အစွမ်းကုန်ကူညီဖို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က တာဝန်ရှိသူတွေနဲ့ ရဲဘော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန (MOD) ဝန်ကြီး ဦးရည်မွန်က ညွှန်ကြားထားပါတယ်။

NUG MOD ထိန်းချုပ်နယ်မြေတွေနဲ့ သက်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့ ကာကွယ်ရေးအဖွဲ့တွေအနေနဲ့ ပြည်သူတွေရဲ့အခက်အခဲကို ထောက်ပံ့ကူညီနိုင်ဖို့အတွက် တော်လှန်ရေးအဖွဲ့အစည်းတွေနဲ့ ပေါင်းစပ်ညှိနှိုင်းပြီး အစွမ်းကုန်ကူညီဆောင်ရွက်ဖို့ကိုလည်း ဦးရည်မွန်က ပြောကြားထားပါတယ်။
ဒါ့အပြင် NUG အစိုးရအဖွဲ့အပါအဝင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ လူသားချင်းစာနာထောက်ထားမှုဝန်ကြီးဌာနတို့က မြေပြင်မှာရှိတဲ့ တာဝန်ရှိသူတွေအားလုံးကို ချက်ချင်းပူးပေါင်းဆောင်ရွက်လုပ်ကိုင်ဖို့ကိုလည်း ညွှန်ကြားထားပြီးဖြစ်သလို လုပ်ကိုင်ဆောင်ရွက်နေကြပြီဖြစ်တယ်လို့လည်း NUG MOD ဒုတိယအတွင်းဝန်နဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမောင်မောင်ဆွေကလည်း Burma VJ ကို ပြောပါတယ်။
“မြေပြင်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲဘော်တွေ၊ ပကဖတာဝန်ရှိတဲ့သူတွေ ရဲဘော်တွေအားလုံးကို ကိုယ့်ဒေသမှာ တာဝန်ရှိတဲ့ပြည်သူလူထုရဲ့ ထိခိုက်ခံစားမှုတွေကို ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ၊ ထောက်ပံ့ကူညီမှုတွေ ချက်ချင်းလုပ်ဆောင်ဖို့ ညွှန်ကြားထားပြီးတော့ ကျွန်တော်တို့ ရဲဘော်တွေကလည်း လုပ်ကိုင်ဆောင်ရွက်နေပြီဖြစ်ပါတယ်” လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။
မြန်မာနိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မန္တလေး၊ မကွေးနဲ့ ပဲခူးတိုင်းတို့မှာ အင်အားပြင်းငလျင် လှုပ်ခတ်ပြီးချိန် ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ချောင်ဦးမြို့နယ်တို့ကိုလည်း မနေ့ ညနေပိုင်းမှာ စစ်ကောင်စီက လေကြောင်းဗုံးကြဲတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။
ငလျင်ဒဏ်ကြောင့် ပြည်သူတွေ ဒုက္ခရောက်နေချိန် စစ်ကောင်စီရဲ့ ဗုံးကြဲတိုက်ခိုက်မှုဟာ သူတို့အာဏာတည်မြဲဖို့အတွက်ကိုသာကြည့်ပြီး ပြည်သူတွေရဲ့ ဒုက္ခအခက်အခဲတွေကို စာနာမှုမရှိတာကြောင့် ပြည်သူတွေကို ဒဏ်ခတ်မှုကိုလည်း မလွဲမသွေကြုံရလိမ့်မယ်လို့လည်း ဦးမောင်မောင်ဆွေ ဖြည့်စွက်ပြောကြားထားပါသေးတယ်။
ပုံစာ - ငလျင်လှုပ်ခတ်မှုအပြီး စစ်ကိုင်းတိုင်းအတွင်းက ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို တော်လှန်ရေးအဖွဲ့တွေက လုပ်ကိုင်ဆောင်ရွက်နေစဉ် (Photo: NUG)
“ဘာမှမရှိဘူး လက်လေးတစ်စုံစီ ကြိုးစားပြီး နောက်တယောက်ကယ်တင်နိုင်ခဲ့ပြီ”
မနေ့က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် မန္တလေးမြို့ ရှိ အဆောက်အအုံ၊အထပ်မြင့်တိုက်တွေ ပြိုကျပျက်စီးမှုတွေအတွင်း ပိမိနေသူတွေ၊ ကယ်ထုတ်မရတဲ့သူတွေ လက်ရှိအချိန်ထိရှိနေဆဲဖြစ်ပါတယ်။
ကူညီကယ်ဆယ်ရေးတွေလည်း မလုံလောက်တာကြောင့် ကယ်ဆယ်ရေးအချို့မလုပ်နိုင်သေးချိန်မှာ ဒေသခံအချင်းချင်းကူညီကယ်ဆယ်ရေးတွေကို နိုင်သလောက်လုပ်ဆောင်နေကြရတာကို အခုရုပ်သံဖိုင်မှာ မြင်တွေ့ရမှာပါ။
“ဘာမှမရှိဘူး လက်လေးတစ်စုံစီ ကြိုးစားပြီး နောက်တယောက်ကယ်တင်နိုင်ခဲ့ပြီ”ဆိုပြီး အဆောက်အအုံကြားပိမိနေတဲ့ အမျိုးသမီးတစ်ဦးကို ဒီနေ့ မတ်လ ၂၉ရက်မှာ အရပ်သားတွေကဝိုင်းဝန်း ကယ်ထုတ်လိုက်နိုင်ကြတဲ့ ဝမ်းသာစရာအခြေအနေဖြစ်ပါတယ်။
ငလျင်ကြောင့် ထိခိုက်ပျက်ဆီးသွားရတဲ့ စစ်ကိုင်း၊ မန္တလေးအပါအဝင် မြို့နယ် ခြောက်ခုမှာ ဒီနေ့အထိကူညီကယ်ဆယ်ရေးတွေလည်း မလုံလောက်၊ အင်အားနည်းနေတာကြောင့် ကူညီကယ်ဆယ်ရေးအတွက် ပရဟိတအဖွဲ့တွေမှာ ဝိုင်းဝန်းပါဝင်လာပေးကြဖို့ကိုလည်း ကယ်ဆယ်ရေးလုပ်နေတဲ့အဖွဲ့တွေက ဖိတ်ခေါ်ထားကြပါသေးတယ်။
ပြိုကျသွားတဲ့ ဝမ်းတွင်း ချည်မျှင်နဲ့အထည်စက်ရုံ အဆောက်အဦးအောက်မှာ အမျိုးသမီးနှစ်ယောက် အလောင်း ရှာတွေ့
မနေ့က ငလျင်လှုပ်ခတ်မှုအတွင်း အဆောက်အဦးပြိုကျသွားတဲ့ မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ အမှတ်(၁)ရပ်ကွက်ရှိ အမှတ်(၇)ချည်မျှင်အထည်စက်ရုံ အဆောက်အဦးအောက်ပိမိနေတဲ့ထဲကနေ အမျိုးသမီးနှစ်ဦးရဲ့ အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီနေ့ မတ် ၂၉ရက်မှာ အသိပေးထုတ်ပြန်ထားပါတယ်။

အင်အား ၇.၇ရှိ ငလျင်လှုပ်ခတ်မှုအတွင်းမှာ ဝမ်းတွင်းမြို့နယ်အတွင်းရှိ ချည်မျှင်နဲ့အထည်စက်ရုံ၊ လေးမျက်နှာရွာက ဘုရားစေတီ ၊ ခင်ကြီးကျေးရွာက ရှေးဟောင်း ဘုရားစေတီအပါအဝင် လမ်းတံတားတွေလည်း ပြိုကျပျက်စီးခဲ့တာဖြစ်ပြီး ချည်မျှင်နဲ့အထည်စက်ရုံက လူ(၇)ဦးသေဆုံးကာ (၇၀)ခန့်ထိခိုက်ဒဏ်ရာရခဲတယ်လို့ Voice of Wundwinကလည်း ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။
လက်ရှိမှာ ချည်မျှင်နဲ့အထည်စက်ရုံအောက် ပိမိနေသူတွေကို ရှာဖွေကယ်ဆယ်ရေးတွေ လုပ်နေဆဲဖြစ်ပါတယ်။
မန္တလေး Sky Villa ကွန်ဒိုပြိုကျမှုအတွင်း ပိတ်မိနေသူတွေထဲက ၄၃ဦး ကယ်ထုတ်ထားနိုင်
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံမြို့နယ်ရှိ Sky Villa ကွန်ဒိုအဆောက်အဦး ငလျင်လှုပ်ခတ်မှုကြောင့် ပြိုကျမှုအတွင်း ပိတ်မိနေသူတွေထဲက လက်ရှိအချိန်ထိ (၄၃)ယောက်ကို အသက်ရှင်လျက်ကယ်ထုတ်ထားနိုင်ပြီး သေဆုံးသူ (၉)ဦးရဲ့အလောင်းကိုလည်း တွေ့ရှိထားပြီးလို့ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့က ဒီနေ့ မတ်လ ၂၉ရက် ညနေပိုင်းမှာအသိပေးလာပါတယ်။
မနေ့က ငလျင်လှုပ်ခတ်မှုအတွင်း အောင်မြေသာစံမြို့နယ်၊ လမ်း ၆၀၊ ၂၂လမ်းနဲ့ ၂၃ လမ်းကြားရှိ ၁၁ ထပ်အမြင့်ရှိတဲ့ Sky Villa Condo ပြိုကျပြီး လေးထပ်ဟာမြေကြီးထဲကျွံကျကာ ခုနှစ်ထပ်သာ မြေပေါ်ကျန်နေခဲ့တာကြောင့် လူအများအပြားပိတ်မိသေဆုံးမှုတွေ ဖြစ်ခဲ့ပါတယ်။

Sky Villa Condo ကျွံကျမှုကြောင့် သေဆုံးမှုထဲမှာ သုခဒိုင်းမွန်းစိန်တိုက်ပိုင်ရှင် သီရိသုဓမ္မသိင်္ဂီဒါ်မိုးသီတာရွှေနဲ့ သားသမီးတွေ၊ မြေးတွေ မိသားစုလိုက်ပါဝင်သွားတယ်လို့ စိန်တိုက်က ကအသိပေးထားပါတယ်။
လက်ရှိမှာ Sky Villa Condo ပြိုကျမှုအတွင်း ရှာဖွေကယ်ဆယ်ရေးတွေကို ဗဟိုမီးသတ်သင်တန်းကျောင်းနဲ့ ပြင်ဦးလွင်မြို့နယ်မီးသတ်စခန်းတို့က ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ သက်ဆိုင်ရာအဖွဲ့အစည်းတွေက လုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။
ငလျင်ကြောင့် အရေးပေါ်အခြေအနေကြေညာထားတဲ့ဒေသတွေကို စစ်ကောင်စီ ဗုံးကြဲ၊ သေဆုံးသူများပြား
အင်အားပြင်းငလျင်လှုပ်ခတ်သွားတာကြောင့် ပြည်သူတွေသေဆုံး၊ ထိခိုက်၊ပျောက်ဆုံးဖြစ်ပြီး ဒုက္ခရောက်နေချိန်မှာ စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
မနေ့က အင်အား ၇.၇ရှိတဲ့ ငလျင်ကြီးလှုပ်ခတ်ပြီး မကြာခင်မှာပဲ စစ်ကောင်စီဟာ မကွေးတိုင်း၊ ကမ္မမြို့နယ်နဲ့ စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တို့ကို ပါရာမော်တာ(စက်တပ်လေထီး)နဲ့လေကြောင်းကနေ ဗုံးကြဲချသွားတယ်လို့ ဒေသခံတွေဆီက ပြောပါတယ်။

“မနေ့ည ၇နာရီကျော်မှာ ချောင်းဦးမြို့နယ် အရှေ့မြောက်ခြမ်းကို တစ်ကြိမ်၊ ချောင်းဦးမြို့နယ်နဲ့ မြင်းမူမြို့နယ်ကြား ရေပိုးစားရွာကို တစ်ကြိမ် ပါရာမော်တာနဲ့ဗုံးကြဲတာ။ လူတွေမှာ ငလျင်ကြောင့် ဝမ်းနည်းပြီး နောက်ထပ်ငလျင်လာမယ်ဆိုလို့လည်း ကောင်းကောင်းမအိပ်ရဲ မစားရဲကြ ဖြစ်နေတဲ့အချိန်မှာ သူတို့ကထပ်ပြီးဗုံးလာကြဲတာ။ သူတို့မှာနည်းနည်းလေးတောင် လူစိတ်မရှိကြပါဘူး ”လို့ ချောင်းဦးဒေသခံက Burma VJကိုပြောပါတယ်။
အလားတူပဲ ကမ္မမြို့နယ်ကိုလည်း ဗုံးကြဲသွားတာကြောင့် ပြည်အိုင်ကျေးရွာနေ မဖြူဖြူဖွေး(၁၈ နှစ်)၊ ကမ္မရွာသစ်နေ ဒေါ်ပွားပွား(၅၀ နှစ်)တို့ သေဆုံးပြီး နောက်ထပ်အမျိုးသမီး (၇)ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဓနုလူမျိုးကိုယ်စားပြု လက်နက်ကိုင်တပ်ဖွဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်-DPLAကိုလည်း ငလျင်လှုပ်ခတ်ပြီး မိနစ်ပိုင်းအကြာမှာ လေယာဉ်နဲ့ဗုံးကြဲခဲ့တာကြောင့် အမျိုးသမီးတပ်ဖွဲ့ဝင် (၆)ဦးနဲ့ အမျိုးသား တပ်ဖွဲ့ဝင် (၁)ဦး ကျဆုံးခဲ့ပါတယ်။
တပ်ဖွဲ့ဝင်တွေကျဆုံးမှုနဲ့ပတ်သက်ပြီး DPLAတာဝန်ရှိသူက “ငလျင်လှုပ်ပြီးချင်းမှာပဲ လေယာဉ်ရောက်လာပြီးကြဲချသွားတာပါ။ ငလျင်လှုပ်လို့အပြင်ပြေးတော့လဲ အပြင်မှာလေယာဉ်ကကြဲ”လို့ Burma VJကိုပြောပါတယ်။
ဗုံးခိုကျင်းထဲဝင်ပုန်းနေချိန် ငလျင်ကြီးလှုပ်ပြီးနောက် (၁၂း၅၄)အချိန်မှာ စစ်လေယာဉ်ရောက်လာပြီး ဗုံးကြဲတာကြောင့် ဗုံးကတည့်တည့်ကျပြီး ပေါက်ကွဲကာ DPLAတပ်ဖွဲ့ဝင်တွေ ကျဆုံးခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။
မနေ့က လှုပ်ခတ်သွားတဲ့ငလျင်ကြောင့် စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ နေပြည်တော်နဲ့ ရှမ်းပြည်နယ် အရှေ့မြောက်ဒေသတို့ကို အရေးပေါ်အခြေအနေအဖြစ် စစ်ကောင်စီကကြေညာထားပေမယ့် ဒုက္ခရောက်နေတဲ့ပြည်သူတွေကို ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပါတယ်။
ဓါတ်ပုံ-လေကြောင်းဗုံးကြဲမှုအတွင်း ကျဆုံးခဲ့ရသူတပ်ဖွဲ့ဝင်များ (Photo: DPLA)
ငလျင်ကြောင့် အိုးဘိုအကျဉ်းထောင် အဆောင်ပြိုကျမှု အကျဥ်းဦးစီးက သတင်းအမှောင်ချထား
ငလျင်ဒဏ်ကြောင့် မန္တလေးတိုင်း အိုးဘိုအကျဉ်းထောင်မှာ အဆောင်ပြိုကျ ပျက်စီးမှုရှိခဲ့တယ်လို့ မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က ဒီနေ့ မတ်လ ၂၉ ရက်နေ့မှာ သတင်း ထုတ်ပြန်ခဲ့ပါတယ်။
မန္တလေးတိုင်း အိုးဘိုထောင်မှာ အဆောင်တွေက ဟောင်းနွမ်းပြီး သက်တမ်းကြာမြင့်နေပြီ ဖြစ်တဲ့ အတွက် ငလျင်ဒဏ်ကြောင့် အဆောင်ပြိုကျပျက်စီးပြီး အကျဉ်းသားတွေ ထိခိုက်ဒဏ်ရာရမှုရှိနိုင်တယ်လို့ သိရပါတယ်။
“အမျိုးသမီးဘက်ရော အမျိုးသားဘက်ရော အဆောင်တွေ ထိခိုက်မှုတွေရှိခဲ့တယ်လို့ သိရတယ်။ လူသေဆုံးမှုနဲ့ ထိခိုက်ဒဏ်ရာရမှုတွေရှိတယ်လို့သိရပေမယ့် အတည်ပြုနိုင်လောက်တဲ့ အချက်အလက်မရထားလို့ ပြောရခက်ပါတယ်။ ဒါပေမယ့် အဆောင်တွေက ဟောင်းနွမ်းပြီး သက်တမ်းကြာမြင့်နေပြီဖြစ်လို့ အဆောင်ပြိုကျမှုတွေက ဖြစ်နိုင်တယ်။ ငလျင်လှုပ်တဲ့အချိန်က တန်းပိတ်ချိန်ဖြစ်တဲ့အတွက် ထွက်ပြေးလို့လည်း မရတဲ့အခြေအနေမှာ ထိခိုက်ဒဏ်ရာ ရမှုတွေဖြစ်နိုင်ပါတယ်” လို့ PPNM တာဝန်ရှိသူ ကိုသိုက်ထွန်းဦးက Burma VJ ကိုပြောပါတယ်။
အကျဉ်းထောင်တွေ ထိခိုက်ပျက်စီးမှုနဲ့ပတ်သက်ပြီး လက်ရှိအချိန်အထိ အကျဉ်းဦးစီးဌာနက တရားဝင်သတင်းမထုတ်ပြန်တဲ့အပြင် သတင်းအမှောင်ချမှုတွေရှိတယ်လို့လည်း PPNM ရဲ့ထုတ်ပြန်ချက်အရ သိရပါတယ်။
“အကျဉ်းထောင်တွေ အစိုးရအဆောက်အအုံတွေမှာ ထိခိုက်သေဆုံးမှုကို စစ်ကောင်စီက သတင်းချန်ထားလေ့ရှိတယ်။ လက်ရှိအချိန်အထိ အကျဉ်းဦးစီးဌာနက တရားဝင်မပြောတဲ့အပြင် ကျွန်တော်တို့ဘက်က စုံစမ်းဖို့ အခက်အခဲတွေလည်း အများကြီးကြုံနေရတယ်။ ဒီကိစ္စက မဖြစ်သင့်တဲ့အပြင် မိသားစုဝင်တွေလဲ စိတ်ပူပန်နေတာဖြစ်တဲ့အတွက် အကျဉ်းဦးစီးဌာနက တရားဝင်စာထုတ်ပြန်သင့်တယ်လို့ ပြောချင်ပါတယ်” လို့ ကိုသိုက်ထွန်းဦးက ဆက်လက်ပြောပါတယ်။
မနေ့ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းမြို့အနီးကို အခြေပြုပြီး ဖြစ်ပွားခဲ့တဲ့ ငလျင်ကြောင့် မန္တလေးတိုင်းအတွင်းက အကျဉ်းထောင်တွေ ထိခိုက်ပျက်စီးမှုနဲ့ အကျဉ်းသားအကျဉ်းသူတွေ ထိခိုက်ဒဏ်ရာရမှု သေဆုံးမှု အခြေအနေတွေကို ဆက်လက်စုံစမ်းနေဆဲဖြစ်တယ်လို့သိရပါတယ်။
ငလျင်ကြောင့် ဗလီ ၅၀ ခန့်ပြိုကျခဲ့ပြီး အစ္စလာမ်ဘာသာဝင်ရာနဲ့ချီ သေဆုံးခဲ့တယ်လို့ သိရ
မနေ့ မတ်လ ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ အင်အားပြင်းငလျင်ကြောင့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ နေပြည်တော်နဲ့ ပဲခူးတို့မှာရှိတဲ့ ဗလီအဆောက်အအုံအများအပြား ပြိုကျပျက်စီးခဲ့ပြီး သေဆုံးသူရာနဲ့ချီရှိနေတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးထံက သိရပါတယ်။
ငလျင်လှုပ်ခတ်ချိန်ဟာ သောကြာနေ့ အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုချိန်ဖြစ်တာကြောင့် သေဆုံးသူ ရာနဲ့ချီရှိနေခဲ့တာဖြစ်ပြီး အရေအတွက်အတိအကျကိုတော့ မသိရသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီး တာဝန်ရှိသူတစ်ဦးက Burma VJ ကို ပြောပါတယ်။

“သေဆုံးမှုက များတယ်။ ဗလီတွေကလည်း ရှေးဟောင်းဗလီတွေဖြစ်တာတပိုင်း၊ ဗလီတွေကလည်း နှစ်ပေါင်းများစွာကြာပြီလေ၊ ပြင်ဆင်တိုးချဲ့ခွင့်မရတာ၊ အဟောင်းဖျက်ပြီး အသစ်ပြန်လုပ်ခွင့်မရတာ အဲလို နှစ်ပေါင်းများစွာကြာတော့ ဗလီတွေ အများကြီးပြိုတာပေါ့။ အားလုံးပေါင်းရင်တော့ ၅၀ ဝန်းကျင်လောက်ရှိတယ်။ ကျွန်တော်တို့က စာရင်းက ကောက်တုန်းပဲရှိသေးတယ်။ Confirm တော့ မဖြစ်သေးဘူး” လို့ တာဝန်ရှိသူက ပြောပါတယ်။
သေဆုံးသူအရေအတွက်နဲ့ပတ်သက်ပြီး စာရင်းကောက်ယူနေဆဲဖြစ်ကာ ဗလီပြိုကျမှုအတွင်း ရှေးဟောင်းအဆောက်အအုံတွေဖြစ်တာကြောင့် ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ ခက်ခဲနေပြီး အချို့နေရာတွေမှာ အခုချိန်ထိ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးလုပ်ဆောင်ဖို့ အခက်အခဲတွေလည်း ရှိနေတယ်လို့ သိရပါတယ်။
“ရွှေဘုန်းရှိန်ဗလီ ကိုယ်လက်သန့်စင်တဲ့ ရေကန်ရှိတဲ့ အဆောက်အအုံက ပြိုသွားတော့ ဘေးမှာရှိတဲ့ အဲ့က ဆရာမိသားစု ၆ ယောက်မှာ ၁ ယောက်က အရေးပေါ်ဆေးရုံမှာ၊ ခြေထောက်ဖြတ်ရမယ့်အနေအထား။ ၅ ယောက်က ဆုံးသွားတယ်။ အဲ့ ၅ ယောက်မှာ ၁ ယောက်ပဲ ထုတ်လို့ရသေးတယ်။ ၄ ယောက်က အပျက်အစီးပုံတွေအောက်မှာ အခုချိန်ထိ ထုတ်လို့မရသေးဘူး” လို့ တာဝန်ရှိသူက ဆက်ပြောပါတယ်။
ငလျင်ဒဏ်ကြောင့် ဗလီအဆောက်အအုံ ပြိုကျမှုဟာ မန္တလေးတိုင်းအတွင်းမှာ အများဆုံးဖြစ်ပွားခဲ့ပြီး အမရပူရမြို့နယ်၊ တံတားဦးမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ ချမ်းမြသာစည်၊ ရမည်းသင်း၊ ပလိပ်မြို့နယ်နဲ့ နေပြည်တော် ပျဉ်းမနားမြို့နယ်တို့မှာ အများဆုံးထိခိုက်ပျက်စီးမှု ဖြစ်ပွားခဲ့တယ်လို့လည်း သိရပါတယ်။
ဗလီပြိုကျမှုအတွင်း သေဆုံးသူအရေအတွက်ကို အတိအကျမသိရသေးပေမဲ့ ၄၀၀ ကျော်အထိရှိနိုင်ပြီး သေဆုံးသူတွေကို သင်္ဂြိုလ်ဖို့အတွက် ကားများတွေနဲ့ သုသာန်ကို လာပို့တဲ့အရေအတွက်ဟာ ကားပေါင်းရာနဲ့ချီရှိနေတယ်လို့လည်း သိရပါတယ်။
ငလျင်ကြောင့် သေဆုံးသူတွေနဲ့ ထိခိုက်ဆုံးရှုံးခဲ့ရသူတွေအတွက် ဝမ်းနည်းကြောင်းနဲ့ ငလျင်ဘေးဒဏ်သင့်ပြည်သူတွေကို ကယ်ဆယ်ရေးလုပ်ငန်းများနဲ့ ဆေးဝါး၊ စားနပ်ရိက္ခာ အသုံးအဆောင်တွေ ကူညီထောက်ပံ့နိုင်ဖို့နဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့အတွက် အစ္စလာမ်ဘာသာဝင်များအနေနဲ့လည်း ပံ့ပိုးကူညီလှူဒါန်းပေးကြဖို့ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက တိုက်တွန်းထားပါတယ်။
ငလျင်ဘေးဒဏ်ကြုံတွေ့နေရသူတွေကိုကူညီဖို့အတွက် စစ်ကောင်စီရဲ့ ခွင့်ပြုချက်ကို နယ်စည်းမခြားဆရာဝန်များအဖွဲ့ စောင့်ဆိုင်းနေရ
■ မန္တလေးမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံ ၇ ခုကို စစ်ကောင်စီက ပိတ်ပင်ထားဆဲဖြစ်
အင်အားပြင်းငလျင်ဒဏ် ပြင်းပြင်းထန်ထန် ကြုံတွေ့ခဲ့ရတဲ့ မန္တလေး၊ စစ်ကိုင်းအပါအဝင် နေပြည်တော်နဲ့ ပဲခူးတို့မှာရှိတဲ့ ထိခိုက်ဒဏ်ရာရ သေဆုံးသူတွေနဲ့ ပိတ်ပင်နေသူတွေကို ကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့နဲ့ ဆေးဘက်ဆိုင်ရာ အကူအညီပေးနိုင်ဖို့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSF Myanmar) က အဆင်သင့်ပြင်ဆင်ထားပြီး ခွင့်ပြုချက်ရရှိဖို့ စောင့်ဆိုင်းနေရတယ်လို့ ဒီနေ့ မတ်လ ၂၉ ရက်မှာ ထုတ်ပြန်လာပါတယ်။

ရစ်ချ်စကေး ၇.၇ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရသူတွေနဲ့ အသက်ကယ်ဆယ်ရေး အကူအညီတွေ ချက်ချင်းလိုအပ်နေသူတွေအတွက် စိတ်ပူမိကြောင်းနဲ့ ငလျင်ဒဏ်ကြောင့် နားခိုနေရာ ဆုံးရှုံးမှု၊ အထွေထွေ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ရေကြောင့် ဖြစ်ပွားတဲ့ရောဂါတွေ ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်နိုင်ဖို့အတွက် သန့်ရှင်းတဲ့ သောက်သုံးရေ မရရှိနိုင်တာကြောင့် ထိခိုက်နိုင်သူတွေအတွက်လည်း စိုးရိမ်မိတယ်လို့ MSF Myanmar က ဆိုပါတယ်။
ငလျင်ဘေးဒဏ်ခံရသူတွေကို ဆေးဘက်ဆိုင်ရာ စောင့်ရှောက်ကူညီနိုင်ဖို့အတွက် အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရပြီး ထိခိုက်ပျက်စီးခဲ့တဲ့ ဒေသတွေကို အမြန်ဆုံးသွားရောက်ခွင့်ရရှိဖို့နဲ့ ထောက်ပံ့ကူညီပေးနိုင်ဖို့အတွက် အာဏာပိုင်တွေရဲ့ ခွင့်ပြုချေက်ရရှိဖို့ အရေးကြီးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီ တာဝန်ရှိသူတွေရဲ့ ခွင့်ပြုချက်ကို စောင့်ဆိုင်းနေရတဲ့အခြေအနေအပေါ် Burma VJ က MSF Myanmar ကို ဆက်သွယ်မေးမြန်းချိန် သက်ဆိုင်ရာတာဝန်ရှိသူတွေက အခုချိန်ထိ အတိအကျ ပိတ်ပင်ထားတာမျိုး မရှိပေမဲ့ လက်ရှိ အရေးပေါ်အခြေအနေမှာ အလျင်အမြန် ခွင့်ပြုချက်ရရှိရေးက အရေးကြီးတယ်လို့လည်း ပြန်လည်ဖြေဆိုထားပါတယ်။
ငလျင်ဒဏ်ဆိုးဆိုးရွားရွား ကြုံတွေ့နေရတဲ့ မန္တလေးတိုင်းအတွင်းမှာရှိတဲ့ ပုဂ္ဂလိကဆေးရုံကြီး ၇ ခုကို စစ်ကောင်စီက အခုချိန်ထိ ပိတ်ပင်ထားပြီး အခုလို အရေးပေါ်အခြေအနေမှာ ပိတ်ပင်ခံထားရတဲ့ဆေးရုံကြီးတွေကို ဖွင့်ခွင့်မပြုသေးပါဘူး။ ဒီဆေးရုံတွေမှာ CDM နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေက လူနာတွေကို လက်ခံထားတယ်လို့ စစ်ကောင်စီက စွပ်စွဲပြီး အခု မတ်လ ၁ ရက်နေ့ကတည်းက ပိတ်ပင်ထားခဲ့တာလည်း ဖြစ်တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ မတရားစွပ်စွဲမှုနဲ့ အပိတ်ခံထားရတဲ့ ဆေးရုံတွေထဲမှာ ပန်းလှိုင်၊ မြတ်ချယ်ရီ၊ မြတ်ဝေလျှံ၊ မင်္ဂလာမျိုးဆက်၊ လန်ဒန်၊ ဇီဝက၊ ငြိမ်းချမ်း စတဲ့ ဆေးရုံတွေဖြစ်တယ်လို့လည်း ပုဂ္ဂလိဆေးရုံတစ်ခုမှာ အလုပ်လုပ်ကိုင်နေတဲ့ သူနာပြုဆရာမတစ်ဦးကလည်း မြန်မာနောင်းသတင်းဌာနကို ဖြေကြားထားပါသေးတယ်။
ထိုးစစ်အားလုံး ၂ ပတ်ကြာရပ်စဲပြီး ငလျင်ဘေးဒဏ်ခံရသူတွေကို အရေးပေါ် ကယ်ဆယ်ရေးလုပ်ဆောင်မယ်လို့ NUG ထုတ်ပြန်
■ လုံခြုံရေးအာမခံချက်ရှိပါက စစ်ကောင်စီထိန်းချုပ်နယ်မြေတွေမှာပါ ကူညီကယ်ဆယ်ရေး လုပ်ဆောင်သွားမယ်လို့ ဆို

အင်အားပြင်းငလျင်ကြောင့် ထိခိုက်ပျက်စီးမှု၊ သေဆုံးဒဏ်ရာရသူတွေကို အရေးပေါ်ကူညီကယ်ဆယ်ရေး လုပ်ဆောင်နိုင်ဖို့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှု ၂ ပတ်ကြာ ရပ်နားထားတယ်လို့ ဒီနေ့ မတ်လ ၂၉ ရက်မှာ ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။
စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်မှုကိုသာ မတ်လ ၃၀ ရက်ကနေ ဧပြီ ၁၂ ရက်နေ့အထိ ၂ ပတ်ကြာ ခေတ္တရပ်နားထားမှာဖြစ်ပြီး မိမိကိုယ်ကိုယ် ခုံခံကာကွယ်စစ်ကိုတော့ ဆက်လက်ထားရှိထားမယ်လို့လည်း ဆိုပါတယ်။ NUG ထိန်းချုပ်နယ်မြေတွေမှာ ငလျင်ဘေးဒဏ်ခံရသူတွေအတွက် CDM ကျွမ်းကျင်ဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းဆောင်ရွက်ကာ အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေးတွေကိုလည်း လုပ်ဆောင်သွားမယ်လို့လည်း သိရပါတယ်။
အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေး ဆောင်ရွက်နိုင်ဖို့ ကနဦး အမေရိကန်ဒေါ်လာ ၁ သန်းကို NUG အစိုးရ ထိန်းချုပ်နယ်မြေတွေမှာ လျာထားသုံးစွဲဆောင်ရွက်သွားမှာြဖစ်သလို စစ်ကောင်စီ ထိန်းချုပ်နယ်မြေ မြို့ကြီးတွေမှာလည်း လုံခြုံရေးအာမခံချက်ရှိပါက NUG နဲ့အတူ ပူးပေါင်းဆောင်ရွက်နေတဲ့ CDM ကျွမ်းကျင်ဝန်ထမ်းတွေကလည်း ကုလသမဂ္ဂ ကယ်ဆယ်ရေးအဖွဲံတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ INGO တွေနဲ့အတူ အရေးပေါ်ကယ်ဆယ်ရေး လုပ်ငန်းတွေကို ပူးပေါင်းဆောင်ရွက်သွားပြီး ယာယီကယ်ဆယ် ကုသရေးစခန်းတွေကို ဖွင့်လှစ်လုပ်ဆောင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကုလသမဂ္ဂကယ်ဆယ်ရေးအဖွဲံများ၊ နိုင်ငံတကာအဖွဲံအစည်းများ၊ INGO များအနေနဲ့လည်း ငလျင်ဘေးဒဏ်ခံရသူတွေကို အရေးပေါ်ကယ်ဆယ်ရေးနဲ့ ကုသရေး လုပ်ဆောင်နိုင်ဖို့အတွက် အမြန်ဆုံး ပူးပေါင်းဆောင်ရွက်နိုင်ရန် ဖိတ်ခေါ်တယ်လို့လည်း ပြောကြားထားပြီး NUG အနေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့အတူ ပူးပေါင်းကာ အစွမ်းကုန် ကူညီဆောင်ရွက်မယ်လို့လည်း ဖော်ပြထားပါတယ်။




Comments