တော်လှန်ရေးအဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို ထိုင်းဝန်ကြီးချုပ်ဟောင်း တိုက်တွန်း
- BVJ
- Apr 24
- 1 min read
BVJ/Moore _ ဧပြီ ၁၃ ၊ ၂၀၂၅

တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အကြံပေးတိုက်တွန်းခဲ့တယ်လို့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်က ဒီနေ့ ဧပြီ ၁၃ ရက်မှာ ထိုင်းသတင်းဌာနတွေက ပြောကြားခဲ့ပါတယ်။
အခု ဧပြီလဆန်းပိုင်းက ဘန်ကောက်မှာပြုလုပ်တဲ့ ဘင်းစတက် (BIMSTEC) အစည်းအဝေးကို တက်ရောက်လာတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သီးခြားတွေ့ဆုံခဲ့တယ်လို့လည်း ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်က ဖွင့်ဟပြောကြားလာတာလည်း ဖြစ်ပါတယ်။
“ကျွန်တော် သူနဲ့တွေ့ဆုံပြီး စကားပြောခဲ့ရပါတယ်။ ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံကို မူလအခြေအနေအတိုင်း ရောက်ရှိပြီး ငြိမ်းချမ်းတဲ့နိုင်ငံတစ်ခုအဖြစ် တွေ့မြင်ချင်ကြောင်းနဲ့ တွေ့ဆုံဆွေးနွေးဖို့ကိစ္စ ပြောခဲ့ပါတယ်” လို့ သက်ဆင်က ပြောပါတယ်။
ဒါ့အပြင် လက်ရှိအိမ်နီးချင်း မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်နိုင်ဖို့နဲ့ တွေ့ဆုံဆွေးရေးလမ်းကြောင်းပေါ် ရောက်ရှိဖို့ကိုလည်း ထိုင်းနိုင်ငံအနေနဲ့ ဆန္ဒရှိနေကြောင်းကို ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက တာဝန်ရှိသူတွေနဲ့တွေ့ဆုံခဲ့ချိန် ပြောကြားခဲ့တယ်လို့ သက်ဆင်က ဖြည့်စွက်ပြောပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းကို ရှာဖွေဖို့လုပ်ဆောင်ရမှာဖြစ်ပြီး လိုအပ်ပါက တော်လှန်ရေးလက်နက်ကိုင်အဖွဲ့တွေ စစ်ကောင်စီအကြား ထိုင်းနိုင်ငံအနေနဲ့ ကြားဝင်စေ့စပ်ပေးဖို့ အဆင်သင့်ရှိနေတယ်လို့လည်း ဆိုပါတယ်။
“ကျွန်တော်ပြောတာကိုတော့ သူက ဂရုစိုက်နားထောင်ပါတယ်။ တော်လှန်ရေးအဖွဲ့တွေနဲ့ စစ်ကောင်စီကြား တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာနိုင်ဖို့အတွက် သူ (စစ်ကောင်စီ)နဲ့ ကျွန်တော်တို့ ထပ်မံတွေ့ဆုံဖို့ လိုအပ်ဦးမှာပါ” လို့ သက်ဆင်က ထိုင်းသတင်းဌာနတွေကို ပြောပါတယ်။
စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို အရင်မလုပ်ဘဲ တွေ့ဆုံဆွေးနွေးရေးနဲ့ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အရင်ဆုံးလွှတ်ပေးဖို့ အာဆီယံကလည်း ရပ်တည်တောင်းဆိုထားတာကြောင့် စစ်ခေါင်းဆောင် မင်းအောင်လှိုင်နဲ့ တွေ့ဆုံချိန် စစ်ကောင်စီ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကိစ္စအကြောင်း ဆွေးနွေးတာမျိုးကို မလုပ်ဆောင်ခဲ့ဘူးလို့ သက်ဆင်က မှတ်ချက်ပြုပြောပါတယ်။
Ref: The Nation
Comments